Tuesday, January 1, 2019

နိုင်ငံတော်နှင့်စစ်မှုထမ်း(မောင်မြတ်ထင်)

0 comments
နိုင်ငံတော်နှင့်စစ်မှုထမ်း(မောင်မြတ်ထင်)
စာအုပ်ရီဗျူး
ရွှေပွဲလာပရိသတ်ကြီးခင်ဗျာ ..
ယခုချိန်ဟာ စစ်တပ်ရဲ့နေရာဟာ ဘယ်နေရာလဲ၊ အဲသည်မေးခွန်းကို စေ့ငုနေကြတဲ့ အချိန်ပါပဲ။ တပ်ရဲ့နေရာဟာဘာလဲစေ့ငုထားတဲ့ စာအုပ်တစ်အုပ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကပဲ ထွက်တယ်ခင်ဗျ။ ရေးသူက သီရိပျံချီ ဗိုလ်မှူးကြီး(ဟောင်း) ကြည်မောင်၊ စာအုပ်အမည်က နိုင်ငံတော်နှင့်စစ်မှုထမ်းတဲ့။ စစ်တပ် စစ်ကျောင်းများ၌ မသင်သေးသောသင်ခန်းစာများဆိုတဲ့ ခေါင်းစဉ်ခွဲနဲ့ပါ။ ဒီစာအုပ်ကို တပ်က မောင်တွေအပါအဝင် ကျွန်တော်တို့ ဖတ်သင့်တယ်လို့ ထင်တယ်။ ရေးသူ ဗိုလ်မှူးကြီး (ဟောင်း) ကြည်မောင်ခေါ် ဦးကြည်မောင်အကြောင်း၊ ဒီချုပ်ဦးတင်ဦးအမှာကတော့ အောက်ပါအတိုင်းပါ။

"ကျွန်တော့်အဖို့ ဦးကြည်မောင်နှင့်ပတ်သက်ပြီးတော့ ပထမဆုံးဖြစ်တဲ့အမှတ်တရတစ်ခုကတော့ သူရဲ့ BC (Burma Commission) နံပါတ်နဲ့ ကျွန်တော့်ရဲ့ BC နံပါတ်က အံ့သြလောက်အောင်ပဲ ဂဏန်းတွေက ရှေ့နောက် တူနေတာပါ။ သူ့ရဲ့ BC နံပါတ်က ၃၅၁၆၊ ကျွန်တော့်ရဲ့ BC နံပါတ်က ၃၆၅၁ ပါ။ သူက ကျွန်တော့်ထက် နှစ်ပတ်စဉ်လောက်ကျော်ပြီးတော့ ပြန်တမ်းဝင်အရာရှိဖြစ်တယ်လို့ မှန်းရပါတယ်။ ပြန်တမ်းဝင် အရာရှိပေမယ့်လို့ ကျွန်တော်က ဆယ်တန်းပဲအောင်တဲ့သူဆိုတော့ ပြန်တမ်းဝင်အရာရှိဖြစ်တဲ့အခါမှာ ဒုဗိုလ်အနေနဲ့ပဲ ဖြစ်ပါတယ်။ ဦးကြည်မောင်ကတော့ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာသိပ္ပံကျောင်းက အောင်လာတဲ့အတွက် ဗိုလ်ကြီးတန်းဖြစ်ပါတယ်။ အဲဒီလို ဗိုလ်ကြီး တန်းဖြစ်တဲ့ ပြန်တမ်းဝင်အရာရှိတွေထဲမှာ ဗိုလ်ကြီးကြည်မောင်က ထူးထူးခြားခြားပါပဲ။ အများက သူ့ကို တော်တော်လေးလေးစားစားရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဂျပန်စစ်တက္ကသိုလ်မှာ ပညာသင်စဉ်ကလည်း စာတော်တယ်။ လုပ်ရည်ကိုင်ရည်ရှိတယ်ဆိုပြီးတော့ အများက အားကိုးတကြီးဖြစ်တာ ကျွန်တော်သတိပြုမိတယ်။
ပညာတင် မကပါဘူး။ လုပ်ငန်းခွင်မှာလည်း စစ်ဆင်ရေးစီမံချက်တွေရေးသားရာမှာ အလွန်ပဲကောင်းပါတယ်။ စစ်ဆင်ရေးနဲ့ပတ်သက်တဲ့ စစ်ဆင်ရေးညွှန်ကြားချက်၊ စီမံချက်တွေကိုရေးသားရာမှာ အလွန်စနစ်ကျပြီး စေ့စပ်သေချာလှပါတယ်။ ဦးကြည်မောင် ရန်ကုန်တိုင်းမှူး ဖြစ်တော့ ကျွန်တော်က ပြည်မှာပါ။ တပ်မ ၁၃ မှာ တပ်မဟာမှူး ဖြစ်ပါတယ်။ သူဟာ တပ်မတော်အားလုံးနှင့်ပတ်သက်ပြီး သန်စွမ်းမှု၊ ထက်မြက်မှု၊ သွေးသစ်လောင်းဖို့အတွက် တပ်မှူးငယ်တွေကိုမွေးထုတ်ဖို့အတွက် အင်မတန်ကိုပြင်းထန်တဲ့ စစ်ရေးလေ့ကျင့်ခန်းများကိုလည်း လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၆၂ ခုနှစ် စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတဲ့အခါအထိ တော်လှန်ရေးကောင်စီဖွဲ့တဲ့အထဲမှာ ပြန်ပါလာပါတယ်။
သို့သော်လည်း ဦးကြည်မောင်ဟာ သူ့မူရှိပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး လက်နက်နဲ့အာဏာသိမ်းပိုက်တာကို မကြိုက်ပါဘူး။ ဒီလိုနဲ့ ဦးကြည်မောင်ဟာ အနားပေးခံလိုက်ရပြီးနောက်မှာ ကျွန်တော်က သူ့နေရာကို သွားလဲရပါတယ်။ ကျွန်တော်လည်းပဲ သူ့နေရာကို တာဝန်ယူ ရတော့ သူ့အတွက် စိတ်မကောင်းဘူး။ သူပြောသွားတဲ့စကားလေး ရှိပါတယ်။ ''ကိုတင်ဦး အာဏာသိမ်းလိုက်တဲ့ကျုပ်တို့ဟာ လွဲပြီ၊ မှားပြီပေါ့။ ဒီအမှားအတွက် တစ်သက်တာ ကျွန်တော်တို့ခံရပြီပေါ့''ဆိုပြီး စကားလေးထွက်ခဲ့ပါတယ်"
(ဦးကြည်မောင် ဒီချုပ်မှာပါဝင်တာ ထောင်ကျတာတွေကတော့ လူတိုင်း သိပြီးသားပါပဲ။ တက္ကသိုလ်တက်တုန်းက ကိုအောင်ဆန်းအောက်မှာ လုပ်ခဲ့တာ၊ အင်းစိန်စစ်မျက်နှာမှာတိုက်ခဲ့တာ စသည်တို့ကို သူ့ကိုယ်ရေးအကျဉ်းမှာ ဖတ်ရပါတယ်။)

(ဦးကြည်မောင်၏ ကိုယ်ရေးအကျဉ်း)
ဦးကြည်မောင်ကို ညောင်တုန်းမြို့တစ်ဘက်ကမ်း ရန်ကင်းစံရာရွာတွင် အဖ ဦးဖိုးသိန်း၊ အမိ ဒေါ်ငွေခင်တို့မှ ၁၉၁၈ ခုနှစ်တွင် မွေးဖွားခဲ့သည်။ ငယ်စဉ်ကပင် မိခင်ကွယ်လွန်ပြီး နှစ်အနည်းငယ်အကြာတွင် ဖခင်ဖြစ်သူပါကွယ်လွန်သဖြင့် အစ်ကိုကြီးဖြစ်သူ အိုင်စီအက်စ် ဦးကြင်၏ အစီအစဉ်ဖြင့် ကျိုက်ထိုမြို့ အလယ်တန်းကျောင်းတွင် ဆရာဂျိုးဇက်၏အိမ်မှ တက်ရောက်ပညာသင်ကြားခဲ့သည်။ ခုနစ်တန်းအောင်မြင် ပြီးနောက် ရန်ကုန်မြို့ စိန်ဂျွန်းကောလိပ် အထက်တန်းကျောင်းတွင် ပြောင်းရွှေ့ပညာသင်ကြားခဲ့သည်။ ၁၉၃၆ ခုနှစ်တွင် ဆယ်တန်းစာမေးပွဲ အောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ပညာသင်ကြားခဲ့ပြီး ၁၉၃၇-၁၉၃၈-၁၉၃၉ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုအောင်ဆန်း လက်အောက်တွင်လည်းကောင်း၊ ဆက်လက်၍ သမဂ္ဂဥက္ကဋ္ဌ ကိုလှရွှေနှင့်လည်းကောင်း၊ သမဂ္ဂအလုပ်အမှုဆောင်တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဘီအေနောက်ဆုံးနှစ်ထိ တက်ရောက်ခဲ့သည်။
၁၉၄၁ ခုနှစ် ဧပြီလတွင် မန္တလေးမြို့မှ ဘီအိုင်အေတပ်သို့ ဝင်ရောက်ခဲ့ပြီး ဂျပန်ခေတ် မင်္ဂလာဒုံဗိုလ်သင်တန်း ပထမပတ်သို့ တက်ရောက်ခဲ့ သည်။ ၁၉၄၃ မှ ၁၉၄၅ ခုနှစ်ထိ ဂျပန်ပြည် ဘုရင့်စစ်တက္ကသိုလ်တွင် သင်တန်းအမှတ်(၅၇)သို့ တက်ရောက်ခဲ့ပြီး၊ ၁၉၄၅ ခုနှစ် ဒီဇင်ဘာတွင် ဗမာ့တပ်မတော် တပ်ရင်း(၅)၌ ပြန်တမ်းဝင်အရာရှိအဖြစ် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၌ စစ်သင်တန်းတက်ရောက်ခဲ့ပြီး နောက် တပ်ရင်း(၅) တပ်ရင်းမှူး၊ တပ်ရင်း(၁) တပ်ရင်းမှူးတို့အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

jပည်တွင်းသောင်းကျန်မှုကာလတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် ပြည်ထောင်စုအရန်တပ်ရင်းကိုဦးစီးကာ အခြားတပ်များမရောက်မီ အချိန်အတွင်း အင်းစိန်စစ်မျက်နှာ၌ ဦးဆောင်တိုက်ခိုက်ခဲ့သည်။ တိုင်းမှူး ဗိုလ်ချုပ် ဒီအေဘလိတ်၊ တိုင်းမှူးဗိုလ်ချုပ်ကျော်ဇောတို့နှင့်တွဲ၍ စစ်ဦးစီးမှူး(ပထမတန်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၅၅-၅၆ အမေရိကန်ပြည် ဖို့ဒ်လဲဗင်းဝပ်ရှိ ကွပ်ကဲမှုနှင့် စစ်ဦးစီးတက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

(လူတော် ဦးကြည်မောင်ဟာ ဒီချုပ်မှာ သုတေသနမှူး လုပ်တယ်။ ၉ဝ ရွေးကောက်ပွဲကို ဦးဆောင်တဲ့သူပဲ။ သူက စာရေးကောင် ခင်ဗျ။ လေးအတတ်နဲ့ဉာဏ်အထူး၊ ပန်းအတတ်နဲ့ဉာဏ်အထူးဆိုတဲ့ စာအုပ် ၂ အုပ်ရဲ့ သူ့ဘာသာပြန်ဟာ ကျွန်တော်တို့တော့ သူ့လိုမပြန်နိုင်ပါဘူး။ အင်မတန်ကောင်းပါတယ်။ ကျွန်တော်လည်း ရှည်လျားပေများနေလိုက်တာ စာဖတ်ပရိသတ်အနေနဲ့ကတော့ စစ်တပ်ရဲ့နေရာ၊ စစ်မှုထမ်းနဲ့ နိုင်ငံတော်ရဲ့ဆက်နွှယ်ပုံအကြောင်း သမိုင်းနဲ့ချီပြီး သူသုံးသပ်ထားတာကိုပဲ ဖတ်ချင်ကြမှာပါ။ ဦးကြည်မောင်က စစ်၏သဘောနဲ့ စစ်ဘက် နယ်ဘက်ဆက်နွှယ်ပုံကို၊ အခန်း(၁) အနေနဲ့ စရေးပါတယ်။)
စစ်ဘက်နှင့်နယ်ဘက်ဆက်နွှယ်ပုံ

ဦးကြည်မောင်။ ။ လုံခြုံရေးအလုပ်သည် စစ်ဘက်မှာ အရေးပါပါတယ်။ ဒါတွင်မကဘဲ နိုင်ငံတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့်၊ နိုင်ငံရေးယုံ ကြည်ချက်တွေခြားနားသော ဘဝပေါင်းစုံ လူတန်းစားပေါင်းစုံတို့၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး စသည်တို့ကိုလည်း တစ်လုံးတစ်စည်းတည်း နိုင်ငံတော်အစိုးရဘက်က ထည့်သွင်းစဉ်းစားရသည်ဆိုသည့်သဘောကို စစ်တပ်ကလည်း တစ်ပါတည်း အလေးအနက်ပြုရန် ဖြစ်ပါတယ်။

နိုင်ငံတော်သည် နိုင်ငံသားတို့အား တိုက်ရိုက်စီမံခန့်ခွဲပေးရာ၌ သူ့လက်အောက်ရှိ အရေးပါ၍ တန်ဖိုးကြီးသောအဖွဲ့အစည်းများကို ဘဏ္ဍာငွေ အချိုးကျ ခွဲဝေပေးရပါတယ်။ စစ်တပ်၏ လုံခြုံရေးတာဝန်အတွက်ကိုလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါတယ်။ စစ်တပ်ဖွဲ့နှင့် ကျန်ရှိသော နိုင်ငံ၏ လူ့အဖွဲ့အစည်းအားလုံးတို့၏ လူမှုရေး၊ စီးပွားရေး၊ ဆက်နွှယ်မှုတို့ကို ဘတ်ဂျက်ဝေခွဲမှုမှတစ်ဆင့်ကြည့်လျှင် ရပါတယ်။ ဘတ်ဂျက် ခွဲဝေမှုသည် နိုင်ငံတော်နှင့်စစ်တပ်၏ဆက်နွှယ်မှုကို ရောင်ပြန်ဟပ်တယ်လို့ ယူဆနိုင်ပါတယ်။

(ဦးကြည်မောင်ဟာ အရာရှိကို ကျွမ်းကျင်ပညာရှင်အဖြစ် ရှုမြင်ပါတယ်။ ရှုစားတော်မူကြပါ။)
ကျွမ်းကျင်ပညာရှင်အဖြစ် အရာရှိတစ်ဦးကိုရှုမြင်သုံးသပ်ခြင်း ပညာရှင်ဖြစ်သောစစ်ဗိုလ်
ဦးကြည်မောင် ။ ။ မျက်မှောက်ခေတ် နိုင်ငံတကာမှာရှိကြတဲ့ တပ်ဖွဲ့တွေအားလုံးက အရာရှိတပ်ဖွဲ့ဝင်တစ်ဦးကို(Officer corps) ပညာရှင် တစ်ဦးအဖြစ် သတ်မှတ်ပါတယ်။
သူတတ်သိရမယ့် ပညာအဆင့်အတန်းမှာ ကျွမ်းကျင်တဲ့သဘောလက္ခဏာတွေ အများကြီးရှိတာကြောင့် ပညာရှင်တစ်ဦးလို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ Professional တစ်ဦးဖြစ်တယ်လို့ဆိုတဲ့အခါမှာ ယနေ့ခေတ် စစ်ဗိုလ်ဆိုတဲ့ပုဂ္ဂိုလ်တစ်ဦးမှာ (က)ကျွမ်းကျင်မှုရှိတယ် (ခ)သူ့တာဝန်ကို သူလေးစားတယ် (ဂ)သူ့တပ်ဖွဲ့ ဂုဏ်ကျက်သရေကိုလည်း ထိန်းသိမ်းတယ်ဆိုတဲ့ အင်္ဂါရပ်သုံးခု အကျုံးဝင်ပါတယ်။
ကျွမ်းကျင်မှုနဲ့ပတ်သက်ရင်လည်း — Professional တစ်ဦးဟာ တာဝန်ကိုလေးစားပြီး သူ့တပ်ဖွဲ့ရဲ့ ဂုဏ်ကျက်သရေကို ထိန်းသိမ်းတယ် ဆိုရာမှာလည်း သင်ယူကျွမ်းကျင်ပြီးမြောက်ခဲ့တဲ့ဘာသာရပ်ကို ဘယ်လိုအသုံးချသလဲဆိုတာနှင့် တိုင်းတာနိုင်ပါတယ်။

ပညာရှင်တစ်ဦးဟာ လူမှုရေးနယ်ပယ်မှာ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုတဲ့အလုပ်တစ်ခုကို လုပ်ကိုင်ပေးရပါမယ်။ ကျန်းမာရေးလား၊ ပညာရေးလား၊ တရားဥပဒေနှင့်ပတ်သက်မယ်လား။ စွမ်းဆောင်ချက်တစ်ခုခုကိုတော့ လူ့အဖွဲ့အစည်းအတွက် သူလုပ်ဆောင်ပေးရန် တာဝန်ရှိပါတယ်။ သူ့အလုပ်နှင့်ပတ်သက်တဲ့ဆက်ဆံရတဲ့ ပုဂ္ဂိုလ်ကတော့ ပြည်သူပါ။ ဆက်ဆံရတဲ့ပုဂ္ဂိုလ်ဆိုတဲ့နေရာမှာ လူတစ်ဦးလည်း ဖြစ်ချင်ဖြစ်ပါမယ်၊ စုပေါင်းလို့လည်း ဖြစ်နိုင်ပါတယ်။ သူဆောင်ရွက်ပေးမယ့်ဝန်ဆောင်မှုသည် သူတစ်ဦးတည်းရဲ့အသိပညာနှင့် သူ့ကိုယ်ပိုင် ဆုံးဖြတ်ချက်နှင့် ပေးရခြင်းဖြစ်သဖြင့် ပြည်သူက သူ့ကို တောင်းဆိုလာတဲ့အခါမှာ တာဝန်ရှိရှိဆောင်ရွက်ပါလိမ့်မယ်။ ဘယ်လို တာဝန်ရှိရ မှာလဲလို့မေးရင် သူ့ကျွမ်းကျင်မှုဆိုင်ရာ ကျင့်ဝတ်သိက္ခာနှင့်အညီ စေတနာအပြည့်အဝနှင့် ပြည်သူကိုဝန်ဆောင်မှုပေးရတဲ့ တာဝန်ပါ။ ဒီလို ဝန်ဆောင်မှုပေးရာမှာ မိမိအကျိုးကိုရှေးရှုပြီး လူထုကိုဆန့်ကျင်တဲ့အပြုအမူမျိုးနဲ့ သူ့ပညာကို မဖွယ်မရာအသုံးချမယ်ဆိုရင် သူဟာ အကျင့် ပျက်ပြီဖြစ်လို့ မိမိတပ်ဖွဲ့ရဲ့ထက်မြက်သောဂုဏ်ကို ယုတ်လျော့စေသူ ဖြစ်သွားပါလိမ့်မယ်။ ပညာရှင်တစ်ဦးဟာ ငွေအများကြီး ရရမယ်ဆိုတဲ့ ရည်မှန်းချက်ကြီးတစ်ခုကိုထူထောင်ဖို့ ဘယ်လိုနည်းနှင့်မျှ မသင့်လျော်ပါ။

(စစ်ဗိုလ်၏အရည်အချင်းနှင့်တန်ဖိုး)
ဦးကြည်မောင် ။ ။ စစ်ဗိုလ်များအဖွဲ့မှာ ထားရှိတဲ့စံတွေဟာ မြင့်မားပါတယ်။ စစ်ဗိုလ်များအဖွဲ့မှာ Expert တွေက အခြားအဖွဲ့အစည်းတွေထက် များပြားလှပါတယ်။ စစ်စာပေရေးတဲ့ Harold Lasswell ဆိုတဲ့ စာရေးဆရာကြီး၏ယူဆချက်ကိုပြောရရင် စစ်ဗိုလ်တွေရဲ့ကျွမ်းကျင်မှုဟာ 'အကြမ်းဖက်မှုကို ကွပ်ကဲခြင်းပညာ' (The management of violence) လို့ သူက ခေါ်ပါတယ်။

(စစ်ဗိုလ်တစ်ဦး၏တာဝန်)
ပြည်သူလူထုနှင့်ဆက်ဆံရာမှာ လိုက်နာကျင့်သုံးရမယ့်တာဝန်ကို မဖွယ်မရာ ကိုယ်ကျိုးစီးပွားအတွက်အသုံးပြုခဲ့ရင် လူ့အဖွဲ့အစည်းကို ဖျက်ဆီးရာကျရောက်လိမ့်မယ်လို့ သတိထားကြရပါလိမ့်မယ်။ ''အကြမ်းဖက်မှုကို ကွပ်ကဲခြင်း''ကိုကျင့်သုံးရာမှာ လူ့အဖွဲ့အစည်းက အသုံးပြုပိုင်ခွင့်ပေးထားသော ကိစ္စရပ်များအတွက်သာလျှင် အသုံးပြုဖို့ဖြစ်ပါတယ်။ စစ်မှုထမ်းအလုပ်သည် နိုင်ငံတော်တစ်ဦးတည်းကသာ ပိုင်ဆိုင်သဖြင့် နိုင်ငံတော်ကိုသာ သူက အလုပ်အကျွေးပြုရပါလိမ့်မယ်။
စစ်မှုထမ်း၏တာဝန်သည် နိုင်ငံတော်၏ လုံခြုံရေးတာဝန်ကိုထမ်းဆောင်ဖို့ ဖြစ်ပါတယ်။ လက်တွေ့၌ စစ်ပွဲတွင် ရန်သူကိုချေမှုန်းတဲ့အလုပ် ဖြစ်ပါတယ်။ ဤကိစ္စထက်အရေးကြီးသော အခြားကိစ္စ တစ်စုံတစ်ရာမျှမရှိပါ။ စစ်အတွင်း ဂျပန်စစ်ကျောင်းတွင် စစ်လက်စွဲစာအုပ် ပထမ စာကြောင်းမှာ ''စစ်တပ်၏ အရေးကြီးဆုံးအလုပ်သည် စစ်တိုက်ခြင်းဖြစ်၏။ ဒါကြောင့် ငါတို့၏လုပ်ဆောင်ချက်အားလုံးသည် စစ်တိုက်ဖို့ကို ရှေးရှု၏။ စစ်တိုက်ရာတွင် ပထမဆုံးရည်ရွယ်ချက်မှာ ရန်သူကိုဝိုင်း၍ စစ်မြေပြင်တွင်ချေမှုန်းရမည်ဖြစ်၏''လို့ ဆိုပါတယ်။ ရန်သူကို ချေမှုန်းနိုင်ရန် သူ့ကို လက်နက်၊ ပစ္စည်း၊ အဝတ်အစား၊ လေ့ကျင့်ပညာပေး စသည်တို့ကို နိုင်ငံတော်ကပံ့ပိုးပေးပါဆိုတဲ့စကားကို ကမ္ဘာတစ်ဝှမ်း လုံးရှိ စစ်ကျောင်းများတွင် ဘာသာစကားအမျိုးမျိုးဖြင့် ရှေးဦးဆုံး လူသစ်များကို သင်ကြားပေးကြပါတယ်။ ဆရာများနှုတ်ကလည်း လေ့ကျင့်ရေး အရေးကြီးတယ်လို့ တဖွဖွပြောပါတယ်။

ဒါဖြင့်ရင် စစ်ဗိုလ်မှာ သားကျွေးမှု မယားကျွေးမှုကိစ္စ မစဉ်းစားတော့ဘူးလား။ သူ့ဘဝမြင့်မားရေးအတွက် အထက်ကိုလှမ်းချင်တဲ့စိတ် မရှိရ တော့ဘူးလား။ ဒါထက်ကောင်းတဲ့အလုပ်တွေ အများကြီးရှိသားနှင့် ဘာဖြစ်လို့ စစ်မှုထမ်းချင်တာလဲလို့ မေးဖို့ရှိပါတယ်။ ရှင်းရှင်းဖြေရသော် စီးပွားရေးရည်မှန်းချက်နှင့် ရာထူးကိုနှစ်သက်လို့၊ ဂုဏ်ရှိချင်လို့၊ လူကြီးဖြစ်ချင်လို့၊ လခကောင်းလို့ဆိုတဲ့စိတ်မျိုးကို စစ်မှုထမ်းတွေ မထားကြပါ။ စစ်အရာရှိသည် ကြေးစားအငှားလိုက်သူ မဟုတ်။ သူသည် ခေတ္တခဏ တာဝန်ထမ်းဆောင်ရန်သာတာဝန်ယူရသည့် အရပ်သား စစ်သားလည်းမဟုတ်၊ သူ့စိတ်အလိုအရ သူလုပ်နေတဲ့စစ်မှုထမ်းဘဝကို ပျော်ပိုက်နှစ်ခြိုက်ခြင်း၊ အခြားအလုပ်ကို မလုပ်လိုသဖြင့် ပြည်သူအတွက် သူပေးနိုင်စွမ်းရှိတဲ့အလုပ်တစ်ခုဖြစ်တဲ့စစ်မှုထမ်းခြင်းကို ရွေးချယ်ခဲ့တယ်လို့ ခိုင်ခိုင်မာမာဖြေမှာပါ။ အတုံ့အလှည့်အားဖြင့် ပြည်သူကလည်း လုံလောက်တဲ့လစာကို သူ အလုပ်လုပ်စဉ် ပုံမှန်ပေးပြီး သူ အနားယူချိန်တွင်လည်း ဆက်လက်ချီးမြှင့်မယ်လို့ သူယုံကြည်ပါတယ်။ စစ်မှုထမ်း၏လစာသည် သူ့အတွက် လုံလောက်မှုရှိသဖြင့် သူရွေးချယ်၏။ သူ့စိတ်တွင် အလွန်နှစ်သက်၍သာ ဤအလုပ်ကို ရွေးချယ်ခြင်းဖြစ်၏။
(ရွှေပွဲလာပရိသတ်ကြီးခင်ဗျာ ..အထက်ကဖော်ပြတဲ့အတိုင်း တန်ဖိုးတွေ အရည်အချင်းတွေနဲ့အညီဖြစ်တဲ့ ဗိုလ်မင်းတွေကို ကျွန်တော်တို့ အနေနဲ့ အလိုရှိအပ်ပါတယ်။)

(“ပါဝါအစီအစဉ်ကြီး”မှာ စစ်မှုထမ်းရဲ့နေရာဟာ ဘယ်မှာလဲ။ စစ်မှုထမ်းက လောကကို ဘယ်လိုမြင်သလဲ၊ စစ်မှုထမ်းရဲ့လောကအမြင်ဟာ အင်မတန်အရေးကြီးတာကလား။ ဦးကြည်မောင်ရဲ့ရှုမြင်ပုံက သလိုပါ)
စစ်မှုထမ်းတို့၏လောကနှင့်လူသားအပေါ် ရှုမြင်သုံးသပ်ပုံ
ဦးကြည်မောင် ။ ။ စစ်မှုထမ်းရဲ့အမြင်ကို အနှစ်ချုပ်လိုက်တဲ့အခါ လူ့သဘာဝဟာ ဖောက်ပြန်တတ်ခြင်း၊ စိတ်အင်အား ချည့်နဲ့ခြင်း၊ ဆိုးညစ် ယုတ်မာခြင်းတို့ အပြည့်ရှိတယ်။ လူ့အဖွဲ့အစည်းကို လူတစ်ဦးချင်းထက် အလေးပေးရမယ်။ ဘယ်အရာမဆို အစီအစဉ်နဲ့ပြုလုပ်ရမယ်။ ကိုယ့်တာဝန် သူ့တာဝန် ခွဲခြားရမယ်။ နိုင်ငံတော်ဟာ နိုင်ငံရေးအဖွဲ့အစည်းမှာ အမြင့်ဆုံးဖြစ်တယ်လို့ သူ ယုံကြည်တယ်။ စစ်ဆိုတာ လောကမှာ ဆက်ပြီးဖြစ်နေမှာပဲလို့ သူ လက်ခံထားတယ်။ နိုင်ငံတကာဆက်ဆံရေးမှာ တိုင်းပြည်ရဲ့အင်အားဟာ တန်ခိုးလို့ သူ ယုံကြည်တယ်။ နိုင်ငံရဲ့လုံခြုံရေးအတွက် စစ်တပ်က အာမခံရတယ်။ နိုင်ငံတော်က မိမိနိုင်ငံအကျိုးသက်သက်ကိုသာ စဉ်းစားစေလိုတယ်။ အခြားနိုင်ငံတွေ အတွက် အာမခံပေးတာမျိုးကို ဆင်ခြင်စေချင်တယ်။ စွန့်စားတဲ့သဘော ရန်လိုတဲ့သဘောမျိုးကို ချုပ်တည်းစေချင်ကြတယ်။ စစ်ဟာ နိုင်ငံရေးပေါ်လစီ၏လက်နက်လို့ သူ သဘောတူတယ်။ စစ်တပ်သည် နိုင်ငံရေးပုဂ္ဂိုလ်တို့၏ စေခိုင်းရာကိုလုပ်ရမယ်ဆိုတာကိုလည်း သူ လက်ခံတယ်။ (and that civilian control is essential to military professionalism) စစ်တပ်အား အရပ်သားအစိုးရ၏ အုပ်ချုပ်မှု အောက်မှာထားခြင်းဟာ စစ်အရည်အသွေး တောက်ပြောင်မှုအတွက် လိုအပ်ချက်ဖြစ်တယ်လို့ သူ ယုံကြည်တယ်။ စစ်မှုထမ်းအတွက် အမိန့်ကိုနာခံခြင်းဟာ အမြင့်မားဆုံး ဂုဏ်ကျက်သရေဖြစ်တယ်လို့ သူ ခံယူတယ်။
အထက်ပါတို့ကို အကျဉ်းချုံးလိုက်သော် စစ်မှုထမ်းသည် အဆိုးဘက်ကို ရှုမြင်တတ်၏။ စုပေါင်းလုပ်ဆောင်လိုသည်။ သမိုင်းတွင် စိတ်ညွတ်၏။ ခွန်အားသမားဖြစ်၏။ အမျိုးသားစိတ် ထက်သန်၏။ ''စစ်''ဝါသနာထုံ၏။ ရန်လိုသောသဘော မရှိ။ စစ်မှုထမ်းဘဝသည် အသုံးချခံသောဘဝဟု ယုံကြည်၏။ စကားအတိုချုပ်ဖြင့် အမှန်ကိုမြင်တတ်၏။ ဆင်ခြင်တုံတရားရှိ၏ဟု ဆုံးဖြတ်ရပေမည်။

(စစ်ရေးတာဝန်နှင့်နိုင်ငံရေးတာဝန် ခွဲခြားမှု)
(စစ်ဗိုလ်ဟာ စစ်ရေးတာဝန်နဲ့နိုင်ငံရေးတာဝန် ခွဲခြားရမတဲ့။ ဦးကြည်မောင်က အောက်ပါအတိုင်း သုံးသပ်ပါတယ်။)
စစ်မှုထမ်းတို့ဟာ သူ့စစ်အလုပ်ခွင်နှင့်ပတ်သက်လို့ အလွန်ကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။ သို့ရာတွင် သူတို့အလုပ်ရဲ့ပြင်ပလောကနှင့် ပတ်သက်လို့တော့ သူတို့ကျွမ်းကျင်ကြောင်း မပြနိုင်ကြပါ။ ဒါကြောင့် နိုင်ငံတော်နှင့်စစ်မှုထမ်းတို့ဆက်ဆံရေးဟာ လုပ်ငန်းခွင်မှာ ကျွမ်းကျင်မှု ဧရိယာ ခွဲထားခြင်း (Division of Labour)ရှိဘိသကဲ့သို့ နိုင်ငံတော်ကလည်း စစ်မှုထမ်းများကို ''မင်းတို့ဟာ စစ်ရေးရာမှာကျွမ်းကျင်တဲ့ (military experts)တွေ ဖြစ်ကြတယ်။ ဟောဒီပုဂ္ဂိုလ်တွေက(political experts) တွေ၊ နိုင်ငံရေးရာမှာ ကျွမ်းကျင်ကြတယ်''ဆိုပြီး ခွဲခြား သတ်မှတ်ချက် ပေးထားရပါတယ်။
စစ်မှုထမ်းခြင်းကို အသက်မွေးဝမ်းကျောင်းမှုအဖြစ် သတ်မှတ်ချက်မပြုရသေးတဲ့ သိပ္ပံပညာဖွံ့ဖြိုးမှု အလွန်အားနည်းနေတဲ့ကာလမှာတုန်းက လူတစ်ဦးထဲက စစ်ရေးရော နိုင်ငံရေးပါ တာဝန်ထမ်းဆောင်ခဲ့တာတွေ ရှိခဲ့ပါတယ်။ ခုခေတ်မှာ ဒီလိုလုပ်လို့ မရနိုင်တော့ပါ။ နပိုလီယံဟာ စစ်သိပ္ပံပညာနှင့်နိုင်ငံရေး နှစ်ခုစလုံးရဲ့တာဝန်တွေကို သူတစ်ဦးတည်းထမ်းဆောင်ခဲ့တဲ့ ကမ္ဘာကြီးရဲ့ နောက်ဆုံး စစ်ဘုရင်ကြီးတစ်ပါး ဖြစ်ခဲ့ပါတယ်။ သူ့ခေတ် ကုန်ဆုံးတဲ့အခါ နိုင်ငံရေးဘက်မှာ ဘစ်စမတ်ခ်(Bismarck)၊ စစ်ရေးမှာ မော့လ်(တ်)ကား(Moltke) ဆိုပြီး ဂျာမနီ နိုင်ငံမှာ နှစ်ဦးပေါင်းတစ်စုံ ဖြစ်ပေါ်လာခဲ့ပါတယ်။ အမှန်မှာ နိုင်ငံရေးက စစ်တပ်အပါအဝင် အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးကို တာဝန်ယူရတဲ့ အတွက် ဖြစ်ပါတယ်။

စစ်သိပ္ပံပညာ(Military Science) နယ်ပယ်ဟာ နိုင်ငံတော်ရဲ့ပေါ်လစီကို လက်နက်ကိုင်တပ်ဖွဲ့နှင့် ရုပ်လုံးဖော်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလို စည်းကားပေါ်လာရခြင်းအကြောင်းက စစ်တပ်အလုပ်ဟာ အသက်မွေးဝမ်းကျောင်းတဲ့အလုပ်ရယ်လို့ သတ်မှတ်ချက် ဖြစ်ပေါ်လာခဲ့ပြီးမှ ပေါ်လာရခြင်းပါ။ တကယ့်စစ်မှုထမ်းဆိုတာ စစ်ပရိယာယ်မှာ အလွန်ဆင်ခြင်တုံတရားနှင့်ပြည့်စုံတဲ့သူ(a conservative in strategy) ပါ။ သို့သော် ပွင့်လင်းတဲ့စိတ်ဓာတ်လည်းရှိပြီး အမြဲဆန်းသစ်မှု၊ တီထွင်မှုတွေ ဆက်တိုက်ဖြစ်လာနေတဲ့ ယနေ့ကမ္ဘာရဲ့ လက်နက်ဆန်းများနှင့် သေနင်္ဂဗျူဟာပုံစံသစ်တွေကို အမီလိုက်ပြီး စဉ်းစားတွေးခေါ်မြော်မြင်ကြည့်တတ်သူလည်း ဖြစ်ဖို့လိုပါတယ်။ ပြီးတော့ ဒီလိုပုဂ္ဂိုလ်ဟာ စစ်သိပ္ပံပညာရပ်မှာ အမြဲတမ်းတည်ရှိနေတဲ့လက္ခဏာတွေနှင့် အမြဲတမ်းပြောင်းလဲနေတဲ့လက္ခဏာတွေကို ကျွမ်းကျင်စွာ ခွဲခြားသိမြင်တတ်သူ လည်း ဖြစ်ရပါမယ်။ သူ့စစ်တပ်ကို ဒီအချက်တွေအပေါ်မှာမှီတည်ပြီး အမြဲပြုပြင်နေဖို့ကလည်း သူ့တာဝန်ဖြစ်ပါတယ်။ စစ်ဗိုလ်ချုပ်ကြီးက သူ့ နယ်ပယ်အတွင်းအခြေအနေတွေကို နိုင်ငံရေးသမားတွေကိုတင်ပြတဲ့အခါ မှာ နိုင်ငံရေးဘက်က ကောင်းစွာလက်ခံစဉ်းစားပြီး စစ်၏လိုအပ် ချက်တွေကို ဖြည့်ဆည်းရပါမယ်။

နိုင်ငံရေးက နိုင်ငံရဲ့ပေါ်လစီတွေကို ဆောင်ရွက်ရပါတယ်။ ဒီနယ်ပယ်အတွင်းမှာ အောင်မြင်အောင် ဆောင်ရွက်နိုင်စွမ်းရှိရန် ဘယ်အချက်တွေ ဟာ အဓိကျသလဲလို့ ရှုမြင်သုံးသပ်နိုင်တဲ့စွမ်းရည်နှင့် ဘယ်နေရာမှာ နိုင်ငံတော်ရဲ့အကျိုးစီးပွားရှိသလဲလို့ အမှန်ထောက်ပြနိုင်တဲ့စွမ်းရည် ရှိဖို့ လိုအပ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကိုပေးတဲ့ပုဂ္ဂိုလ်ဟာ စစ်မှန်တဲ့အာဏာ လက်ကိုင်ရယူထားသူတစ်ဦးသာ ဖြစ်ရပါမယ်။

နိုင်ငံရေးဟာ စစ်ရေးနယ်ပယ်ရဲ့ပြင်ပမှာ တည်ရှိနေပါတယ်။ ဒါကြောင့် ကိုယ်နှင့်မသက်ဆိုင်တဲ့နယ်ပယ်အတွင်းကို စစ်ဗိုလ်တွေ ဝင်ရောက် လာရင် သူတို့ရဲ့ မူလတာဝန်တွေ၊ သူတို့ရဲ့ စစ်ရေးကျွမ်းကျင်မှုအရည်အချင်းတွေ ဆုံးရှုံးနစ်နာစေခြင်းကို ဖြစ်ပေါ်စေပါလိမ့်မယ်။
စစ်အရာရှိဟာ နိုင်ငံရေးမှာ ဘက်မလိုက်ရပါ။ “စစ်တပ်ကို အုပ်ချုပ်နေသူတစ်ဦးဟာ နိုင်ငံရေးမှာလက်ဦးမှုရယူဖို့အတွက် ဝင်ရောက်စွက်ဖက် မယ်ဆိုရင် သူ့ရဲ့ထက်မြက်တဲ့ စစ်ဘက်ဆိုင်ရာအဆုံးအဖြတ်ပေးနိုင်တဲ့စွမ်းရည်ကို ကွေးကောက်သွားစေပါလိမ့်မယ်။ ဒါကြောင့် မစွက်ဖက်ရပါ။

(စာဖတ်သူများခင်ဗျား..
အမေရိကန်စစ်တပ်ရဲ့ ပြုပြင်ပြောင်းလဲနိုင်ခဲ့ပုံကိုဆင်ခြင်နိုင်ဖို့ အောက်ပါစာပိုဒ်ကို ဖတ်ကြပါ။ အမေရိကန်ပြည်တွင်းစစ်အပြီးမှာ ပြည်သူတွေ ဟာ စစ်ကို အတော်ရွံ့မုန်းသွားကြတယ်။ ၁၈၆၅ ခုနှစ် နောက်ပိုင်းမှာ စစ်တပ်ကို အမေရိကန်လူ့အဖွဲ့အစည်းက အော့နှလုံးနာကြသတဲ့။ သို့သော် ဒီအခြင်းအရာကလည်း အမေရိကန်စစ်မှုထမ်းတွေကို သူတို့ကိုယ်သူတို့ ပြန်လည်တွေ့ရှိစေတယ်လို့ ပြောပါတယ်။ ဒီလို အဆို ရှိပါတယ်။
''အမေရိကန်စစ်သမိုင်းတွင် ဝိုင်းပယ်ခံရခြင်းကြောင့် အမေရိကန်စစ်မှုထမ်းတို့၏ဘဝတွင် စဉ်းစားဉာဏ် အထက်မြက်ဆုံး ဖန်တီးတီထွင်မှု အကောင်းဆုံး ဘဝတစ်လျှောက်လုံးတွင် အရေးအပါဆုံး ရေရှည်တည်တံ့ခိုင်မြဲမယ့်ကိုယ်ကျင့်တရားတွေကို ရှာဖွေတွေ့ရှိတဲ့ကာလ ဖြစ်ပါတယ်')
(အမေရိကန်ပြည်သူတို့၏ သူတို့တပ်မတော်အပေါ် သဘောထားအမြင်)
အာဏာလက်လွတ် သြဇာအရှိန်အဝါလည်း ကင်းမဲ့တဲ့အခါ (လိပ်များသည် သူတို့ခေါင်းကို အခွံထဲသို့ ထည့်သွင်းကြသလို) အရာရှိတပ်ဖွဲ့သည် လည်း သူတို့စိတ်အတွင်းမှာ အမေရိကန်အရာရှိစစ်မှုထမ်းဘဝကို ဘယ်လို စံချိန်စံညွှန်းတွေနှင့် ထူထောင်ရမလဲ၊ ဘယ်လိုအရည်အချင်းတွေ ကို စံထားရမလဲ၊ ဘယ်လိုဖွဲ့စည်းကြရမလဲ၊ ဘယ်လိုစိတ်ဓာတ်နှင့် အလုပ်လုပ်ရမလဲ၊ ကြေးစားစစ်မှုထမ်းဘဝစစ်စစ် ဖြစ်ရအောင် ဘယ်လို ဘယ်ပုံ ကျင့်ကြံရမလဲဆိုတဲ့မေးခွန်းတွေကိုမေးပြီး အဖြေတွေကိုလည်းရလာခဲ့ပြီမို့ သူတို့ အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။
သူတို့သည် သူတို့ခေတ်မတိုင်မီစစ်မှုထမ်းတို့နှင့် လုံးဝခြားနားသောဘဝကိုရရှိခဲ့ပြီဟု ယုံကြည်လာကြပါတယ်။ စစ်တပ်ကို သူတစ်ဦးတည်း ထီးထီးကြီး နေခွင့်ပြုခဲ့သဖြင့် ကြေးစားစစ်မှုထမ်းအဖြစ် သူတို့ရဲ့ဘဝကို အသွင်ပြောင်းနိုင်ခဲ့တယ်လို့ စစ်မှုထမ်းတွေက ယုံကြည်ကြပါတယ်။ ငြိမ်းချမ်းသောကာလဖြစ်သဖြင့်လည်း အထီးကျန်နေနိုင်ခွင့်ရခဲ့တယ်လို့ သူတို့က ကျေနပ်မိကြပါတယ်။

တစ်နည်းပြောရရင် အမေရိကန်နိုင်ငံက စစ်တပ်ကို အသုံးချဖို့မလိုတဲ့ကာလမို့ စစ်တပ်သည် ကြေးစားတပ်ဖွဲ့အသွင်ကို အောင်မြင်စွာ ကူးပြောင်းလို့ရခဲ့ပါတယ်။ အမှောင်ဖုံးတဲ့နှစ်ဆိုတဲ့၊ စစ်တပ်မှာ အာဏာတစေ့မှမရှိတဲ့အချိန်သည် ကြေးစားစစ်သည်တို့ပေါက်ဖွားခဲ့တဲ့(ရွှေ) နှစ်များပါကလားလို့ သူတို့ တွေ့ရှိကြပါတယ်။ အကယ်၍သာ အရာရှိတပ်ဖွဲ့သည် ဝိုင်းဝယ်ခြင်းကိုမခံခဲ့ရပါက၊ တစ်နည်းဆိုသော် အာဏာနှင့် လုံးဝကင်းကွာသောအနေအထားတွင် မရှိခဲ့ပါက၊ ၁၉၁၇ ခုနှစ် ပထမကမ္ဘာစစ်နှင့် ၁၉၄၂ ခုနှစ် ဒုတိယကမ္ဘာစစ်တွင် အမေရိကန်သည် စစ်အတွင်းသို့ ဝင်ရောက်ရသည့်အခါ လွန်စွာမှ ကြီးမားသောအခက်အခဲများကိုဖြတ်သန်းရန် ဖြစ်နိုင်ပါ့မလားဟု စစ်ရေးကျွမ်းကျင်သူများက သံသယဝင်ခဲ့ကြပါတယ်။ ရွှေနှစ်များကြောင့်သာလျှင် သံမဏိကဲ့သို့ခိုင်မာသောစိတ်ဓာတ်ကို သူတို့ မွေးမြူခွင့်ရခဲ့ကြတယ်လို့ ဝမ်းမြောက်ကြ ပါတယ်။ ဤကဲ့သို့ အမေရိကန်စစ်မှုထမ်းတို့မွေးမြူခဲ့သော ကြေးစားစိတ်ဓာတ်ခိုင်မာမှုသည် အမေရိကန်နိုင်ငံကို ကယ်တင်နိုင်ခဲ့ခြင်း၏ အကြောင်းရင်းဖြစ်ပါသည်ဟူ၍ အသိအမှတ်ပြုခြင်းကို ခံခဲ့ကြရပါတယ်။

 (အမေရိကန်စစ်တပ်၏ဦးနှောက်နှင့်တူသော ပုဂ္ဂိုလ်ကြီးများ)
ဦးကြည်မောင် ။ ။ အမေရိကန်စစ်တပ်က ဂျင်နရယ်ရှားမင်းအကြောင်း အောက်ပါအတိုင်း ပြောချင်ပါတယ်။
အမေရိကန်စစ်တပ်ကို စစ်တပ်နှင့်တူအောင်ပြုလုပ်ပေးခဲ့သည့်ပုဂ္ဂိုလ်သုံးဦးမှာ ဂျင်နရယ်ဝီလျံရှားမင်း(William T. Sherman)၊ အင်ပရီအပ်တင်(Emery Upton) နှင့် ရေတပ်ဗိုလ်ချုပ် စတီဗင်ဘီ-လူ့စ်(Stephen B.Luce)တို့ ဖြစ်ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးသုံးဦးထဲမှာ အကျော်ကြားဆုံးပုဂ္ဂိုလ်က ရှားမင်းဖြစ်ပါတယ်။ ၁၈၆၉ ခုနှစ်မှ ၁၈၈၃ ခုနှစ်အထိ ကြည်းတပ်၏ကွန်မန်ဒါအဖြစ် အမှုထမ်းခဲ့ပါတယ်။ အမေရိကန်စစ်တပ်မှာ ကွန်မန်ဒါအဖြစ် ဝန်ထမ်းသက်ဒုတိယအရှည်ဆုံးပုဂ္ဂိုလ် ဖြစ်ပါသည်။ သူဒီရာထူးကို မြဲတဲ့အကြောင်းရင်းက နိုင်ငံရေးကိစ္စကို လုံးဝ၊ ဘယ်တော့မှ ပတ်သက်မှုမရှိစေရဘူးလို့ဆိုတဲ့ သူ့စိတ်ထဲကဆုံးဖြတ်ချက်ကြောင့် ဖြစ်ပါတယ်။ သူ အလေးထား ဆောင်ရွက်ခဲ့တာက စစ်တပ်၏ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဖြစ်ပါတယ်။ ဦးစားပေးပြုပြင်ရာမှာ ဘယ်လိုပညာရှင်အဆင့်မှာ အသက်မွေးဝမ်းကျောင်းပြုလုပ်သူကိုမဆို သင်ကြားအပ်တဲ့ဘာသာရပ်တွေနဲ့ Liberal education ကောလိပ်ကျောင်းအဆင့် သင်ကြားရမယ့် ဘာသာရပ်များကို ဗိုလ်သင်တန်းကျောင်းမှာ သင်ပေးရမယ်။ စစ်တပ်ရဲ့အကျင့်သိက္ခာနှင့်ပတ်သက်ပြီး တန်ဖိုးထားတဲ့အရာတွေကို ကောင်းစွာ သင်ကြားပေးရမယ်။ စစ်မှုထမ်းမှန်သမျှတို့ လိုက်နာရမယ့်စည်းကမ်းတွေကို သင်ကြားပေးရမယ်။ နောက်ဆုံးမှာမှ သူတို့ အသက်မွေးဝမ်း ကျောင်းမှုနှင့်သက်ဆိုင်တဲ့ဘာသာရပ်တွေကို အဆင့်မြင့်ကျောင်းတွေမှာ သင်ယူစေရမယ်လို့ သတ်မှတ်ပါတယ်။ သူ့ကို လူသိများသည်မှာ သူသည် စစ်ကိုရွံမုန်းသူဖြစ်ခြင်းနှင့် နိုင်ငံရေးကိုရှောင်ကြဉ်ခြင်းကြောင့် ဖြစ်ပါတယ်။
***
စာဖတ်သူများခင်ဗျား ..
သမိုင်းနဲ့ချီပြီးရေးထားတဲ့ ''နိုင်ငံတော်နဲ့စစ်မှုထမ်း''ဟာ စဉ်းစား ဆင်ခြင်စရာတွေ အများကြီးပဲ။ ဂျာမန်စစ်တပ်၊ ဂျပန်၊ အမေရိကန်စစ်တပ် တွေရဲ့သမိုင်းကိုအခြေခံကာ ထိုးထွင်းထားတဲ့ မြန်မာစစ်ဗိုလ်ကြီးတစ်ယောက်ရဲ့အမြင်ဟာ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။ စာအုပ်ရီဗျူးဆိုတော့ ဒါလေးကတော့ အကျဉ်းပါ။ အကျယ်ကိုတော့ စာအုပ်ကိုသာ ဖတ်ကြပါတော့။
ရိုသေစွာဖြင့်
မောင်မြတ်ထင်(ချင်းတွင်းမဂ္ဂဇင်း စာအုပ်ရှီဗျူးမှ ကူးယူဖော်ပြပါသည်)

0 comments:

Post a Comment