Wednesday, January 9, 2019

(အစိုးရစက်သတ်ချိန်) မျိုးမြင့်ချို

0 comments
(အစိုးရစက်သတ်ချိန်)
U.S Gov Shutdown ကို ကျနော်က “အစိုးရ စက်သတ်ချိန်“လို့ စာသံလေးနဲ့ပြန်တယ်ဗျ၊ ပိုကောင်းမယ့် အပြန်ကလေးများရှိရင် မစပါဗျို့။ ဒီနေရာမှာ စက်ကို “အာဏာစက်“လို့ယူလည်းရသလို တကယ့်စက်အင်္ဂျင်တခုလို့ယူလည်းရမှာပါဗျ။

အမေရိကမှာ ခရစ္စမတ်စ်နဲ့ နှစ်သစ်ကူးကာလတွေဆို စက်ရုံအလုပ်ရုံတွေ(တချို့)မှာ Shutdown ပေးလေ့ရှိတယ်ဗျ။ အဲ့ကာလအတွင်း ကုန်ထုတ်လုပ်ငန်းအပိုင်းကအလုပ်သမားတွေ အလုပ်မဆင်းရပေမယ့် စက်တွေ ယန္တယားတွေကြံ့ခိုင်ရေး ပြုပြင်ရေး တိုက်ချွတ်ဆေးကြော အသစ်လဲလှယ် အစားထိုး စတာတွေလုပ်တဲ့ အလုပ်သမားတွေကတော့ အလုပ်ဆင်းရတယ်ဗျ။ တနှစ်လုံးခိုင်းထားလို့ စက်တွေ အင်္ဂျင်တွေလည်း ညောင်းကြတယ်မဟုတ်လား။ စက်တွေအညောင်းဖြေပေး အကြောလျှော့ပေးတဲ့သဘောပေါ့ဗျာ။

တချို့စက်တွေကျ ခန “သတ်“ထားပေးရတာပေါ့လေ။ ကားတွေ အင်္ဂျင်ပူလာရင် စက်ခနသတ်ရတယ်မဟုတ်လား။ အဲ့ဒီလို စက်ရုံတွေ Shutdown ပေးတဲ့အချိန်ဆိုတာ စက်တွေကို လူတွေကမောင်းခွင့်ရတဲ့ အခိုက်အတန့်လေးလို့ဆိုလည်း မမှားတန်ပါဘူး။ ကိစ္စတွေပြီးလို့ စက်ရုံပြန်ဖွင့်၊ အင်္ဂျင်တွေပြန်လည်ပလားဆို စက်ယန္တယားတွေက အားပြည့်အင်ပြည့် အစွမ်းပြည့်ပြန်လည်ပတ်တာပေါ့ဗျာ။ အဲ့ဒီအခါကျ စက်တွေက လူတွေကိုပြန်မောင်းတော့တာပါဘဲ။

ကွန်ပြူတာတွေမှာလည်း စက်နားထားစေ့ချင်တဲ့အခါ Shutdown ပေးရတယ်မဟုတ်လား။ ဒါကိုတော့ ကွန်ပြူတာနခပိတ်ထားတယ်လို့ပြောရမယ်ထင်ပါတယ်။ ဒါပေမယ့် ကွန်ပြူတာကိုင်တဲ့လူတိုင်း ရှပ်ဒေါင်းဆို ဘာမှန်းသိတာမို့ ဘာမှ ပြန်မနေဘဲ ရှပ်ဒေါင်းကို ရှပ်ဒေါင်းအတိုင်းဘဲထားလိုက်တာက နားအေးပါတယ်ဗျာ။ ကွန်ပြူတာရှပ်ဒေါင်းကိစ္စတော့ အဖက်လုပ်ပြီးပြောမနေတော့ပါဘူး။

ခုလည်း အမေရိကအစိုးရဆိုတဲ့စက်ရုံကြီး ခနပိတ်ထားတယ်ဗျ။ အင်္ဂျင်ခန သတ်ထားတာပေါ့ဗျာ။ စက် ခနသတ်ထားတဲ့သဘောပေါ့။ ဒါ့ောကာင့် “အစိုးရစက်သတ်ချိန်“လို့ခေါ်ချင်တာပါဗျ။ စက်ကြီး ပြန်လည်လို့ ကားကြီးပြန်ထွက်တဲ့အခါ အင်္ဂျင်က အားကောင်းမောင်းသန်ပဲဖြစ်မလား ဖွတ်ချက်ဖွတ်ချက်ပဲ ဆက်ဖြစ်မလားကတော့ မပြောတတ်သေးဘူးပေါ့ဗျာ။ ခုကတော့ အစိုးရစက်သတ်ထားတုန်းပါဗျ။
မျိုးမြင့်ချို(ဇန်နဝါရီ ၉ ၊ ၂ဝ၁၉ )

0 comments:

Post a Comment