Monday, August 25, 2014

“ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လူတစု” (အေးငြိမ်း)

0 comments
“ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လူတစု” (အေးငြိမ်း)
(၁)
‘ဘကြီးအောင်ညာတယ်’
မန္တလေးကိစ္စ သမ္မတက တိုင်းပြည်ကိုရှင်းလင်းပြတဲ့မိန့်ခွန်းဆိုတာကြီးဟာ ဟိုလိုလို ဒီလိုလိုကြီးပဲ။ ပွင့်လင်းမြင်သာမှုမရှိဘူး။ ဘကြီးစိန် ညာပြန်ပြီလား။
သူပြောတဲ့ လူတစု၊ အဖွဲ့အစည်းတခုဆိုတာ ဘယ်သူတွေလဲ။ ဘယ်အဖွဲ့အစည်းလဲ။ နိုင်ငံရေးအဖွဲ့အစည်းလား။ လူမှုရေးအဖွဲ့အစည်းလား - အခြေခံလူတန်းစားတွေ ‘အနက်’ ကောက်နိုင်ဖို့မလွယ်။ သူထိုးပြတဲ့ သူ့လက်ညှိုးက ကွေးကွေးကြီးပဲ။
‘ချက်ချင်း’ ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်မှာဖြစ်ကြောင်းလို့ ပြောပါရဲ့။ လူကြီးမင်းပြောတဲ့ ‘ချက်ချင်း’ ဆိုတာ ဘယ်လောက်ကြာတဲ့ အချိန်ပိုင်းလဲ။ (ဖြစ်လာတာ ခုပဲ တလပြည့်တော့မယ်။)
‘ပြတ်ပြတ်သားသားကိုင်တွယ်ပြီး ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း’ ကြေညာလိုက်တာကတော့ အားရစရာကြီးပါပဲ။ ဒါပေမယ့် ‘ချက်ချင်း’ ဆိုတာကြီးကိုယုံပြီး စောင့်ကြည့်နေလို့ကတော့ တမြို့လုံး ပြာကျလောက်ပြီ။ ဒီတော့ မြို့အပျက်မခံနိုင်တဲ့၊ နိုင်ငံရေးရေချိန်မြင့်တဲ့ မြို့ခံရဟန်းရှင်လူ၊ ဘာသာတူ၊ ဘာသာကွဲ မန္တလေးသူမန္တလေးသားတွေက ‘မန္တလေးမြို့ ငြိမ်းချမ်းရေး ထိန်သိမ်းမှုကော်မတီ’ - ‘မန္တလေးမြို့ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအသင်း’ စတဲ့ နာမည်နဲ့ မြို့ကာကွယ်ရေး ထလုပ်ရတော့တယ်။

(၂)
ပြဿနာကို ဘယ်လိုကိုင်တွယ်ခဲ့ကြသလဲ။
သမ္မတက မိန့်ခွန်းပြောတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်တယ်။ ဒါပေမယ့် ဖေ့စ်ဘုတ်ပေါ်ကနေ မီးစရှို့တဲ့၊ စဖွတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေအကြောင်း တစွန်းတစမှပါမလာသေး။ မေမြို့က ဇာတ်လမ်း၊ ငွေပေးပြီးအမှုဆင်ခိုင်းတဲ့ လီဆယ်မှုကိစ္စ စတာတွေ မဆီမဆိုင် ဆွဲထုတ်ပြလာတယ်။ တလိမ်နှစ်လိမ် ပွေလိမရှုပ်တဲ့ အမယ်ဘုတ်ကဲ့သူ့ချည်ခင်ဇာတ်လမ်းကြီး ဖြစ်လာတယ်။
ဒီနေရာမှာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆိုသူ့အကြောင်းပြောဖို့ ရှိလာတယ်။ သူဟာ ပန်ကာ့ထိပ်က ဝက်အူ စရဖ ထောက်လှမ်းရေးညွှန်ချုပ် လုပ်လာသူ၊ သူ့အထက်ကလူတွေက မီးကိုလောင်စေချင်သလား (ဖြစ်တယ်) ငြှိမ်းလိုက်တော့ဆိုလည်း (ရတယ်)၊ သူ့အိမ် ဝိုင်ယာရှော့ခ်ဖြစ်လို့ မီးလောင်တဲ့အမှုက တပိုင်း၊ ခု မြင်လိုက်ကြတာကတော့ ဓားရှည်ကိုင်၊ တုတ်ကြီးတွေနဲ့ မြို့ထဲလှည့်ပတ်သောင်းကျန်းရမ်းကားနေကြတဲ့ သူတွေကို လက်ဖျားနဲ့မှ မတို့ဘဲ လွှတ်ပေးထားတယ်။

သူတို့ရဲ့ ဖွဲ့စည်းအမိန့်ပေးပုံယန္တရားကြီးကလည်း မျက်စိလည်စရာပဲ။ စာထဲ ဥပဒေထဲ ဘယ်လိုရေးထားထား၊ တခါတခါ ဘယ်သူက ဘယ်သူ့ကို ညွှန်ကြားနေမှန်း မသိရဘူး။ ‘ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိရဘူးပြောတယ်’ သမ္မတသာ အာဏာအရှိဆုံးလို့ပြောတယ်။ လက်တွေ့ကျတော့ စစ်တပ်က လုပ်ချင်တာလုပ်တာမျိုး၊ တခါ စစ်တပ်နဲ့သမ္မတအထက်မှာ ကာလုံ၊ ကာလုံအထက်မှာ ကိုယ်ပျောက်ထိုင်နေသူ ‘လက်မဲကြီး’ ဆိုသူကလည်း ရှိသေးတယ်။

ဒီတော့ ဒီလိုအူချာပေါက်နေတဲ့နိုင်ငံမှာ ခုလို ဖြစ်ချင်သလိုဖြစ်နေတာ သဘာဝတော့ အကျသား။
အလားတူပဲ မဏ္ဍိုင်ကြီး ၃ ရပ် (ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး)မှာလည်း ဘယ်သူက ဘယ်သူ့ကို ဘယ်လိုထိန်းသလဲ။ အပြန်အလှန်ထိန်းနိုင်ကြသလား။ ထွက်လာတဲ့သတင်းတွေမှာတော့ တရားသူကြီးတွေက ‘စစ်တပ်ကခိုင်းတဲ့အတိုင်း ကျစေ၊ လွှတ်စေ လုပ်နေရတယ်’ ‘အစိုးရကပြောလို့ မလွှတ်ရဲဘူး’ဆိုတာမျိုး ဖြစ်နေတယ်ဆိုပဲ။

သူတို့အချင်းချင်းမှာလည်း အကွက်ရတာနဲ့ ဆောင့်ကန်ထည့်လိုက်ကြတာတွေ တွေ့နေရတယ်။
တယောက်တပေါက်လုပ်ရပ်တွေကြောင့် စစ်အုပ်စုထိပ်သီး Key Players တွေထဲ တကယ်ပဲ ကွဲနေကြသလား။ မြင်ကွင်းတချို့လည်း တွေ့ထားကြတယ်။ လွှတ်တော်ဥက္ကဌဗိုလ်ရွှေမန်းက သမ္မတလုပ်သူဆီ ‘မီဒီယာသမားတွေကို သက်ညှာစွာအပြစ်ပေးဖို့’ စာရေး အကြောင်း ကြားတယ်။ ‘ဘာရမလဲ၊ မင်း သမ္မတလုပ်ချင်လို့မဲစုနေတာ ငါသိသားပဲ’ ဆိုတဲ့အပေါက်မျိုးနဲ့ ‘တရားရုံးက သူ့ဘာသာလွတ်လွတ်လပ်လပ် စီရင်ဆုံးဖြတ်တာပါ’ပြောပြီး ပယ်ချလိုက်တယ်။
“အစ်ကိုကြီး” ခေါ်ရကျိုးမနပ်တော့ဘူးပေါ့။
သူတို့ချင်း ဦးနင်းပဲ့ထောင်ဖြစ်နေတာ ထားလိုက်တော့။

သမ္မတကြီးနဲ့ မန္တလေးမြို့ကိစ္စ ပြန်သွားကြပါစို့-
ဘယ်သူတွေလုပ်နေကြတယ်ဆိုတာ သမ္မတလည်းအသိ၊ မန္တလေးမြို့သူမြို့သားတွေလည်း အသိ၊ ထောက်လှမ်းရေးထိပ်သီး တိုင်းဝန်ကြီးချုပ်ဆိုသူက ပိုသိမှာပေါ့။ ဒီတော့ ဥပဒေအရအာဏာအရှိဆုံးသမ္မတဆိုသူက လူတစု၊ အဖွဲ့အစည်းတခုက (တရားခံတွေကို) ရှင်းလင်းစွာတွေ့မြင်နေရပါပြီလို့ ပြောတယ်။ ယင်းတို့အကျိုးစီးပွားအတွက်လုပ်နေတာပါလို့ ဆိုတယ်။ မိမိတို့ရဲ့အကျိုးစီးပွားကို ရှေးရှုပြီး အတ္တကိုရှေ့တန်းတင်လုပ်ဆောင်သူများရဲ့ သွေးထိုးလှုံ့ဆော်မှုလို့လည်း ပြောတယ်။
ဒီလိုဆိုရင် အမှုတည်ဆောက်ဖို့၊ စွဲချက်တင်တရားစီရင်ဖို့ ဘာကြောင့်နှောင့်နှေးနေရသလဲ။ ခု ထုတ်ပြခံနေရတဲ့သူတွေကကော သမ္မတရည်ညွှန်းတဲ့ ‘အဖွဲ့အစည်းတခု’ ကို ကိုယ်စားပြုနိုင်ကြပါသလား။
သူက မျက်လှည့်ဆရာ မစ္စတာရှင်းလင်းလုပ်ပြီး ‘ရှင်းလင်းစွာ တွေ့မြင်ရမှာဖြစ်ပါတယ်’ ပြောပေမယ့် အခြေခံလူတန်းစားတွေက မမြင်နိုင်ကြသေးပါဘူး။ ခုတော့ သူတို့ဆီက မေးခွန်းတွေထွက်နေပါတယ်။ အဲဒီအဖွဲ့အစည်းဆိုတာ ရွေးကောက်ပွဲကော်မရှင်ရုံးမှာ မှတ်ပုံတင်ထားတဲ့ ပါတီပေါင်း ၆ဝ ကျော်ထဲ ပါသလား။ ရဟန်းအဖွဲ့အစည်းလား။ လူအဖွဲ့အစည်းလား။ လူတစုဆိုရာမှာ ရဟန်းနဲ့လူ ပေါင်းထားတဲ့လူတစုလားဆိုရင် သမ္မတကြီးဘယ်လိုဖြေမလဲ။

ထိပ်ပိုင်းလူတချို့က အကွက်ဖော်/အကွက်ချောင်းနေပြီး အကွက်ပေါ်တာနဲ့ အချက်ပြအမိန့်ပေးတာနဲ့ အဲဒီလူတစုက တုတ်ဓားကိုင်ပြီး မော်တော်ဆိုင်ကယ်စီးကြတော့တာကော မဖြစ်နိုင်ဘူးလား။ ဒေသခံတွေ ပြောတာကတော့ ‘အဲဒီအမျိုးဘာသာ သာသနာအပေါ် သိပ်ချစ်ကြဟန် မာန်သွင်းထားတဲ့ စစ်သွေးကြွ Militants တွေဟာ ကျွန်တော်တို့ မန္တလေးသားတွေမဟုတ်ပါဘူးတဲ့။ ဒါဆိုရင် ဘယ်ချောင်က ထွက်လာတဲ့သူတွေလဲ။ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်တဲ့သူကောပါသလား မေးကြလိမ့်မယ်။ သူတို့က သိမှမသိကြပဲဟာ။ သမ္မတကြီးပဲ သိတာ၊ သမ္မတကြီးပဲ ဖြေပေါ့။

(၃)
အရင်းစစ်ရင် ကိုယ်ကျိုးချည်းပဲ
နိုင်ငံရေးနဲ့ နီးစပ်သူတွေမြင်တာကတော့ ၂ဝဝ၈ အခြေခံဥပဒေကြီးကို ကာကွယ်စောင့်ရှောက်ရေးကိစ္စဟာ သူတို့အားလုံးရဲ့ အရင်းခံ တာဝန်ဖြစ်တယ်။ ဒီနေရာမှာ မကွဲကြပါဘူး။ ဘယ်လိုကာကွယ်ကြမလဲ - နည်းနာမှာတော့ ကွဲကြပုံပဲ။ ၂ နည်းရှိတယ်။ ဗိုလ်စိန်လွင်နည်းနဲ့ ဒေါက်တာမောင်မောင်နည်း - ဘယ်ဟာသုံးမလဲ။

လက်တွေ့မှာ ကိုယ်သန်ရာကိုယ်သုံးကြတဲ့သဘော တွေ့ရတယ်။ ဦးသိန်းစိန်နဲ့ဦးရွှေမန်းက ဒေါက်တာမောင်မောင်နည်းသုံးလိုကြပြီး ဗိုလ်မင်းအောင်လှိုင်နဲ့ လျှို့ဝှက်အာဏာကိုင်ထားသူတချို့က ဗိုလ်စိန်လွင်နည်းကို အကောင်အထည်ဖော်နေကြတယ်။ ဒါတွေကမှ မိမိတို့ရဲ့ကိုယ်ကျိုးစီးပွားကို ရှေးရှုပြီး အတ္တကိုရှေ့တန်းတင်လုပ်ဆောင်နေကြတာဖြစ်တယ်။

မန္တလေးကိစ္စမှာ ဖေ့စ်ဘွတ်ပေါ်ကတဆင် တမင်ပြဿနာဖော်ထုတ်လိုက်ကြတာလား။ ပေါ်လာတဲ့ပြဿနာအပေါ် အကွက်ဆင်ပြီး မီးတင်ရှို့လိုက်ကြတာလားဆိုတာ မရှင်းသေးဘူး။ သူတို့တင်ပေးတဲ့လမ်းကြောင်းပေါ်မလျှောက်မိဖို့လည်း သတိထားရလိမ့်မယ်။
ဘာရည်ရွယ်ချက်လဲဆိုတာတော့ ရှင်းတယ်။ ပြဿနာတွေက တခုပြီးတခုတက်နေချိန်၊ လူတွေရဲ့မကျေနပ်မှုက ထိပ်တက်လာချိန်၊ လူတန်းစားလူ့အလွှာအသီးသီးက ဆိုင်ရာဆိုင်ရာမှာ စုစည်းအုံကြွလာနေချိန်မှာ လမ်းလွှဲပေးလိုက်တာပဲ။ ပြည်သူတွေရဲ့ မပြေလည်နိုင်တဲ့ အခိုင်အမာပြဿနာတွေက စဉ်ရေးချကြည့်။ အားလုံးက ကိစ္စကြီးတွေချည့်ပဲ။ ပြဿနာတွေက ဆက်ဆက်ဖြစ်နေဦးမှာပါ။
ဟော ဇူလိုင် (၂၈) ရက်မှာပဲ ကျောက်ဆည် စားသောက်ဆိုင်တွေ ဒီညကစပြီးပိတ်ထားပါဆိုတဲ့အမိန့် တိုင်းက ရောက်လာတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက ဘာမှန်းမသိရဘဲ ထပ်ဆင့်အမိန့်ထုတ်တော့ ပြဿနာတွေတက်ကုန်တယ်။ မြို့လူထုမေးတာ သူရှင်းမပြနိုင်။
သေချာတာကတော့ မန္တလေးပြဿနာဟာ မပြီးသေးဘူး။ ဖြစ်ထားတာတွေ ဖြေရှင်းနေရဆဲ။ နောက်ဆက်ဖြစ်စရာတွေ လာလိမ့်ဦးမယ် ဆိုတာပဲ။ ယဉ်ကျေးမှုမြို့တော်ဆိုတဲ့ မန္တလေးမြို့ကြီးကတော့ စီးပွားရေး၊ လူမှုရေး၊ တည်ငြိမ်အေးချမ်းရေးစတာတွေ ထိခိုက်လှပါပြီ။
သမ္မတကြီးပြောတဲ့ လူတစု အဖွဲ့အစည်းတခုဆိုသူတွေကတော့ သူတို့ရည်မှန်းချက်ကို မရောက်ရောက်အောင် သွားနေကြဆဲဆိုတာ ထင်ရှားလာတယ်။
မန္တလေးမှာ သေတာ ၂ ယောက်၊ မလေးရှားမှာ ဗမာ ၆ ယောက် အသတ်ခံလိုက်ရပြီ။ သတိကြီးကြီးထားမှ ဖြစ်ပါလိမ့်မယ်။
အေးငြိမ်း
(အရေးတော်ပုံဂျာနယ်အတွဲ၂၊ အမှတ်၂ မှ)
(၂၉ - ၇ - ၂ဝ၁၄)


“ချခင်းထားတဲ့ စစ်အုပ်စုရဲ့ပြင်ဆင်မှုတွေနဲ့တောက်လောင်ဆဲပြဿနာတွေ”

0 comments
“ချခင်းထားတဲ့ စစ်အုပ်စုရဲ့ပြင်ဆင်မှုတွေနဲ့တောက်လောင်ဆဲပြဿနာတွေ” (အရေးတော်ပုံဂျာနယ်အတွဲ၂၊ အမှတ် ၂။ အယ်ဒီတာ့အာဘော်)
ဒီနေ့ တိုင်းပြည်မတည်မငြိမ်ဖြစ်နေတာဟာ စစ်အုပ်စုက အာဏာ လက်မလွှတ်ရအောင် ပြင်ဆင်ထားတာတွေကြောင့်ဖြစ်တယ်။ မြင်နေ ရတဲ့ အခင်းအကျင်းများကတော့….၂၀ဝ၈ အခြေခံဥပဒေ ဖျက် မပေး၊ ပြင်မပေးတာ။ ဒီအထဲမှာ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှုအခန်းကဏ္ဍ၊ လိုအပ်လာရင် ကာကွယ်ရေးဦးစီးချုပ်က အချိန်မရွေး အာဏာသိမ်းနိုင်ကြောင်း၊ စစ်အုပ်စုထိပ်သီးတွေ လုပ်ချင်သလိုလုပ်ခဲ့တဲ့ပြစ်မှုတွေအတွက် နောက်ကြောင်းပြန်အရေးမယူရ စတာတွေပါနေတယ်။
- ဒါ့အပြင် တပြည်လုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးကြဖို့ကိစ္စ တိုးလိုးတန်းလန်းဖြစ်အောင်လုပ်ထားတာ
- ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အသစ် ထွက်လာတာ။
- PR လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ လုပ်လိုက်ကြတာ။
- တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ အားလုံးလိုလိုက စစ်ဗိုလ်ဟောင်းတွေချည်းဖြစ်နေတာ။
- လူမျိုးစုနယ်မြေ (ကချင်၊ ပလောင်၊ ရှမ်းမှသည် ‘ပြေလည်လှချည့်’ဆိုတဲ့ ကရင်ပြည်နယ်)တွေအထိ စစ်ဆင်ရေး ကြီး/ငယ်တွေ ဆက်လုပ်ထားတာ။
- ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင် ဘန်ကောက်ကိုသွားပြီး ထိုင်းစစ်တပ်အာဏာသိမ်းတာကို ချက်ချင်းထောက်ခံလိုက်တဲ့ကိစ္စ။
- လူမျိုးစုပြဿနာတွေ၊ ဘာသာရေးထိပ်တိုက်တိုးစေမယ့်အကွက်တွေ ဆင်လာတာ၊ ကိုယ့်လူတွေ (အထူးသဖြင့် စွမ်းအားရှင်တွေ)ကို ပွဲတိုးထားစေတာတွေလုပ်နေတယ်။ တဖက်မှာတော့ ပြည်သူတွေရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဒီမိုကရေစီရေးတောင်းဆိုမှုတွေက မြင့်တက်လာနေတယ်။ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေရဲ့ရပိုင်ခွင့်တိုက်ပွဲများ၊ တောင်သူလယ်သမားတွေရဲ့ထွန်တုံးတိုက်ပွဲများ၊ ကျောင်းသား၊ မီဒီယာလောကသား၊ ဥပဒေပညာရှင်တွေရဲ့ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုသံများ ဆူထလာနေတယ်။
ဒီအခြေအနေမှာစစ်အုပ်စု၊ စစ်အစိုးရ ဘာလုပ်မလဲကြည့်တော့
(၁) ကြားဖြတ်ရွေးကောက်ပွဲလုပ်ပါမယ်၊ ရလဒ်ကိုကြည့်ပြီး လိုအပ်တာတွေ ဖြည့်စွက်ပြင်ဆင်တာတွေလုပ်လိမ့်မယ်။
(၂) ကျေနပ်ရင် ၂ဝ၁၅ ရွေးကောက်ပွဲကြီးလုပ်မယ်။ စိတ်ကြိုက်အဖြေမထွက်ရင် အကြောင်းအမျိုးမျိုးပြပြီး ငြင်းပယ်တာ၊ အချိန်ဆွဲတာ လုပ်နိုင်တယ်။
(၃) ရွေးကောက်ပွဲ သူတို့အခွင့်မသာရင်၊ နိုင်တဲ့သူတွေနဲ့ အပေးအယူမတည့်ရင် ထိုင်းဖြေရှင်းနည်းအတိုင်း အာဏာသိမ်းပါလိမ့်မယ်။
မိမိတို့ ဘာလုပ်မလဲဆိုတာလည်း စဉ်းစားပြင်ဆင်ထားရပါမယ်။ ပြဿနာအားလုံးကို လွှတ်တော်တွင်းမှာပဲတောင်းဆိုဖြေရှင်းနေလို့ကတော့ စစ်အုပ်စု တုန်လှုပ်မှာမဟုတ်၊ သူ့အကြိုက်ပဲဖြစ်မယ်။
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ ၂ဝ၁ဝ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တူနိုင်စရာအကြောင်းမရှိ၊  အုပ်စိုးသူတွေအနေနဲ့ ၂ဝ၁၅ အတွက် ဝတ်စုံပြည့်ဇာတ်တိုက်တာ ဖြစ်လိမ့်မယ်။
သူတို့က အာဏာရှင်ပဲ၊ ယန္တရားတစုံလုံးရှိတယ်။ လိုအပ်သလို ဆုတ်တက်လှုပ်ရှား ကစားနိုင်တယ်။ ‘နိုင်ငံတော်’ ဆိုတဲ့နာမည်ကို ခံယူသုံးစားနေကြပေမယ့် သိက္ခာကလုံးဝရှိတာ မဟုတ်။ အကြောင်းပြချက်တခုခုနဲ့ လှည့်ပြောင်းပစ်လိုက်နိုင်တယ်။
ကိုယ့်မှာက လူထုအားပဲရှိတယ်။  ဒါကိုပဲ ဆုပ်ကိုင်လှုပ်ရှားကြရမှာပါ။ လူထုကတော့ ‘သူမတို့လေနဲ့၊ တို့လိုက်ရင် တကယ်မြည်တဲ့ ရွှေစည်ကြီး’ဆိုတာ အထင်အရှားပဲမဟုတ်လား။
ပေးသမျှပဲယူမယ်ဆိုလို့ကတော့ စစ်ကျွန်သက်ရှည်ကြရပါဦးမယ်။(၂၁ - ၇ - ၂၀၁၄)
အရေးတော်ပုံဂျာနယ် အတွဲ ၂၊ အမှတ် ၂ (အယ်ဒီတာ့အာဘော်)

ကလာရာဇက်ကင်း (ယင်းမာ)

0 comments
ကလာရာဇက်ကင်း (ယင်းမာ)
ကွန်မြူနစ်အတွေးအခေါ်တွေ တရိပ်ရိပ်ပြန့်ပွားနေပြီး နိုင်ငံတကာအလုပ်သမားလှုပ်ရှားမှုတွေအားကောင်းခဲ့တဲ့ ၁၉-၂ဝ ရာစုနှစ်တွေမှာ သဘာဝကျစွာပဲ အမျိုးသမီးကွန်မြူနစ်ခေါင်းဆောင်တွေ ပေါ်ထွန်းခဲ့ပါတယ်။ ကလာရာဇက်ခင်၊ ရိုဇာလူဇင်ဘတ်၊ အလက်ဇန်းဒါးကိုလ်လင်တိုင်း စသည်ဖြင့်""

ဂျာမန်မာ့က်စ်ဆစ် ၊ ကွန်မြူနစ်တစ်ဦးဖြစ်သူ ကလာရာဇက်ကင်း ကတော့ ဂျာမနီပြည်နဲ့  နိုင်ငံတကာအလုပ်သမားလှုပ်ရှားမှုတွေမှာ အရေးပါတဲ့ပုဂ္ဂိုလ်၊ အထူးသဖြင့် နိုင်ငံတကာအမျိုးသမီးအလုပ်သမားလှုပ်ရှားမှုတွေမှာ ထင်ရှားကျော်ကြားတဲ့သူ ဖြစ်ပါတယ်။
၁၈၅၇ ခုနှစ် ဂျူလိုင် ၁၅ ရက်နေ့"" ဂျာမနီပြည် ဆက်စနီပြည်နယ်ရဲ့ ရွာလေးတစ်ရွာမှာ ကလာရာဇက်ကင်းကို မွေးဖွားခဲ့ပါတယ်။ အဖေက ရွာကျောင်းဆရာဖြစ်ပြီး ကလာရာဇက်ကင်းရဲ့မူလအမည်က ကလာရာအာအစ်နာ့ ဖြစ်ပါတယ်။

အဲ့ဒီခေတ်ကာလ။
ကလာရာအာအစ်နာ့ ကြီးပြင်းရာ ဆက်စနီပြည်နယ်ဟာ ဂျာမနီရဲ့စက်မှုလုပ်ငန်းထူထောင်မှု အရှိန်အဟုန် အမြင့်ဆုံးဒေသဖြစ်ပြီး ဆိုရှယ်လစ်လှုပ်ရှားမှုတွေရဲ့တပ်ဦး ဖြစ်တယ်။ ဂျာမန်ဆိုရှယ်လစ်အလုပ်သမားများပါတီ SPD စတင်ဖွဲ့စည်းတည်ထောင်ရာဒေသလည်း ဖြစ်တယ်။ အမျိုးသမီးအမြောက်အများအလုပ်လုပ်တဲ့ အထည်အလိပ်စက်ရုံတွေအများအပြားရှိတဲ့အတွက် အလုပ်သမားသမဂ္ဂနဲ့ ဆိုရှယ်လစ်လှုပ်ရှားမှုတွေအတွက် အမျိုးသမီးရဲဘော်တွေကိုစည်းရုံးဖို့အားကောင်းတဲ့ဒေသလည်း ဖြစ်တယ်။
ဒါကြောင့် ဆက်စနီပြည်နယ်က ဂျာမန်အလုပ်သမားလှုပ်ရှားမှုတွေရဲ့ မူလဘူတဖြစ်ရုံမက ဂျာမန်အမျိုးသမီးအလုပ်သမားလှုပ်ရှားမှုတွေရဲ့ ဘူမိနက်သန်လည်းဖြစ်တယ်လို့ဆိုပါတယ် ။

အသက် ၂၁ နှစ်မှာ ကလာရာအာအစ်နာ့က အရင်းရှင်ဘူဇွာအမျိုးသမီးဝါဒီတစ်ဦးဖြစ်သူ ကျောင်းအုပ်ဆရာမရဲ့ သြဇာလွှမ်းမိုးမှုကနေ ဆိုရှယ်လစ်လှုပ်ရှားမှုတွေဆီ ကူးပြောင်းပါတယ်။ ရုရှားမှရွှေ့ပြောင်းလာသူ ရုရှားမာ့က်စ်ဆစ် အိုစစ်ဇက်ကင်းနဲ့တွေ့ဆုံကျွမ်းဝင်မှုက ကလာရာကို ဆိုရှယ်လစ်တစ်ဦးဖြစ်ဖို့ ပြတ်သားစေခဲ့တယ်။

ကလာရာက ဂျာမန်ဆိုရှယ်လစ်အလုပ်သမားများပါတီ SPD ရဲ့ လှုပ်ရှားမှုတွေမှာပါဝင်လာတယ်။ ၁၈၇၈ မှာ ဂျာမနီဝန်ကြီးချုပ်ဘစ်စမတ်ခ် က ဥပဒေထုတ်ပြီး ဆိုရှယ်လစ်လှုပ်ရှားမှုတွေ၊ အစည်းအဝေးပွဲတွေကိုတားမြစ်ပိတ်ပင်ခဲ့တယ်။ ကလာရာလည်း ပါတီ SPD ရဲ့ တရားမဝင် လှုပ်ရှားမှုတွေနဲ့ပတ်သက်နေသူ ဖြစ်သွားပါတယ်။ ၁၈၈ဝမှာ အိုစစ်ဇက်ကင်းနဲ့ရဲဘော်တချို့အဖမ်းခံရပြီး အိုစစ်ဇက်ကင်းတိုင်းပြည်ကနေ နှင်ထုတ်ခံရပါတယ်။ လအနည်းငယ်ကြာတော့ ကလာရာလည်း ဂျာမနီကနေထွက်ခွာခဲ့တယ်။ အဲ့ဒီအချိန်ကနေစပြီး ၁ဝ နှစ်တာကာလ ကြာတဲ့အထိ တိုင်းပြည်ကိုခွဲခွာခဲ့တယ်။ ပထမဦးဆုံး သြစတြီးယား နောက် ၁၈၈၂ နှစ်စမှာ ပါတီခေါင်းဆောင်များရှိရာ ဇူးရစ်ကို ရွေ့ပြောင်း ပါတယ်။ အဲ့ဒီမှာ ပါတီရဲ့ အဓိကသတင်းစာစောင်ဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်စာစောင် ထုတ်ဝေရေးမှာ ကူညီလုပ်ကိုင်ပေးပြီး ၁၈၈၂ နှစ် ကုန်တော့ အိုစစ်ဇက်ကင်းရှိရာ ပဲရစ်ကို ရွှေ့ပြောင်းခဲ့တယ်။ ကလာရာအာအစ်နာ့ကနေ ကလာရာဇက်ကင်းအမည်ခံယူခဲ့တယ်။ သူတို့သားနှစ်ဦး မွေးဖွားခဲ့တယ်။

ကလာရာနဲ့အိုစစ်ဇက်ကင်းတို့နှစ်ဦးစလုံးက ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားတို့ရဲ့ ဆိုရှယ်လစ်လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်သူတွေဖြစ်တယ်။ ဒါ့အပြင် အပတ်စဉ် မာ့က်စ်သီအိုရီတွေဆွေးနွေးကြ၊လုပ်ငန်းစဉ်တွေရေးဆွဲကြတဲ့ နိုင်ငံတကာဆိုရှယ်လစ် အုပ်စုဝင်တွေလည်းဖြစ်တယ်။ ပြင်သစ် ၊ ဂျာမနီ၊ ရုရှားတင်မကဘူး  စပိန်၊ အီတလီ၊ သြစတြေးလျ၊ ဗြိတိန်နိုင်ငံတို့က ဆိုရှယ်လစ်တွေနဲ့ပါ အဆက်အသွယ်ရှိကြတယ်။ ကလာရာဇက်ကင်း က ဘာသာစကားအတော်များများကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်လို့ နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှုတွေရဲ့အတွေ့အကြုံတွေ၊ ပညာတွေ အမြောက်အမြားရရှိခဲ့တယ်။ ၁၈၈၉ ဇန်နဝါရီမှာ အိုစစ်ဇက်ကင်း ကွယ်လွန် ခဲ့တယ်။  ကလာရာဇက်ကင်းအတွက် လေပြင်းတိုက်ခံရသလိုဖြစ်စေသည့်တိုင် အဲ့ဒီနှစ် စက်တင်ဘာလမှာပဲ Second International ရဲ့ အမျိုးသမီးအလုပ်သမားအဖွဲ့အစည်းမှာ မိန့်ခွန်းပြောခဲ့တယ်။ နောက် ဂျာမနီကိုပြန်ပြီး နေထိုင်ခဲ့တယ်။

ဆိုရှယ်လစ်လူ့ဘောင်သို့ချီတက်ရာမှာ အမျိုးသမီးတွေအနေနဲ့ထားရှိရမယ့်သဘောတရား၊ လုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်တွေကို ကလာရာဇက်ကင်းက ပြတ်ပြတ်သားသားလမ်းညွှန်ဆော်သြခဲ့ပါတယ်။ ကလာရာဇက်ခင် ပြောခဲ့၊ ရေးခဲ့တဲ့မိန့်ခွန်းတွေ၊ ဆောင်းပါးတွေ ၃ဝ ကျော်ရှိတယ်။ ကလာရာဇက်ကင်းအနေနဲ့ အဲ့ဒီခေတ်ကာလကပေါ်ပင်ဖြစ်လာတဲ့ အမျိုးသမီးဝါဒ (ဘူဇွာအမျိုးသမီးများရဲ့သဘောထား)တွေကို ပြတ်ပြတ်သားသားတိုက်ထုတ်ခဲ့တယ်။ ဘူဇွာအမျိုးသမီးဝါဒီတွေလှုပ်ရှားနေတဲ့ အမျိုးသမီးတွေမဲပေးခွင့်ရရေးလှုပ်ရှားမှုတွေကိုလည်း ဝေဖန် ပါတယ်။ မဲပေးဖို့ခွင့်ပြုလို့ အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးတန်းတူညီမှုရရှိတယ်ဆိုဦးတော့ ဒါဟာ စစ်မှန်တဲ့နိုင်ငံရေးအာဏာရရှိတာ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။

ဘူဇွာအမျိုးသမီးဝါဒီများကိုတိုက်ခိုက်ဖို့လိုအပ်ကြောင်းကို ၁၈၉၆ ခုနှစ် ဂျာမန်ဆိုရှယ်လစ်အလုပ်သမားများပါတီ SPD ရဲ့ ဂိုသာညီလာခံမှာ ကလာရာဇက်ကင်း ပြောMကားခဲ့တယ်။ ဂိုသာမိန့်ခွန်းထဲက တချို့ကို ကောက်နုတ်ရရင်ဖြင့် (ယောက်ျားများနဲ့တန်းတူအခွင့်အရေးရလိုတဲ့ အရင်းရှင်ဘူဇွာအမျိုးသမီးဝါဒီတွေရဲ့လှုပ်ရှားမှုနဲ့ အလုပ်သမားလူတန်းစားအတွင်းကအမျိုးသမီးအလုပ်သမားတွေရဲ့ လွတ်မြောက်ရေး လှုပ်ရှားမှုကြားမှာ အသူတရာနက်တဲ့ချောက်ကြီး ခြားနေတယ်။ အမျိုးသမီးလွတ်မြောက်ရေးလှုပ်ရှားမှုတွေဟာ သူ့ဘာသာသူဖြစ်နေတာ မဟုတ်။ သမိုင်းဆိုင်ရာဖြစ်ပေါ်တိုးတက်မှုအဆင့်ဆင့်အတွင်းမှာဖြစ်နေတဲ့အတွက် ဆိုရှယ်လစ်ဒီမိုကရေစီဆီသွားမယ့် ပစ္စည်းမဲ့အမျိုးသမီး အလုပ်သမားတွေရဲ့လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့ အရင်းရှင်ဘူဇွာအမျိုးသမီးတွေရဲ့လှုပ်ရှားမှုက အခြေခံသဘောထားချင်း ဘာမှမတူညီဘူးလို့ ပြောခဲ့တယ်။

ပိုက်ဆံရဖို့ အပြင်ထွက်အလုပ်လုပ်တဲ့အမျိုးသမီးတစ်ဦးအနေနဲ့ စီးပွားရေးလွတ်လပ်မှုရပေမယ့် ပြည့်စုံတဲ့ဘဝနေထိုင်မှုရှိတဲ့လူသားအဖြစ် သို့မဟုတ် အမျိုးသမီးအဖြစ် လွတ်လပ်မှုမရရှိဘူး။ ဒါဟာ လွတ်မြောက်တာမဟုတ်သလို အောင်မြင်မှုရတာလည်းမဟုတ်ဘူး။ သူမ အလုပ်ကနေရတာက အရင်းရှင်ကုန်ထုတ်လုပ်မှုကနေဖိတ်စဉ်လာတဲ့စီးပွာရေးလွတ်လပ်မှုအစအနသာ ရတာဖြစ်တယ်။ ဒါကြောင့် ပစ္စည်းမဲ့အမျိုးသမီးအလုပ်သမားတွေအနေနဲ့  အရင်းရှင်ဘူဇွာအမျိုးသမီးတွေလို သူ့လူတန်းစားအတွင်းကအမျိုးသားတွေကိုဆန့်ကျင်တဲ့ တိုက်ပွဲမျိုးဆင်နွဲဖို့မဖြစ်နိုင်ဘူး။ မိမိလူတန်းစားအတွင်းကအမျိုးသားတွေကိုဆန့်ကျင်ဖို့မလိုဘူးလို့ ညွှန်ပြခဲ့တယ်။

ပစ္စည်းမဲ့အမျိုးသမီးအလုပ်သမားတစ်ဦးအနေနဲ့  လွတ်လွတ်လပ်လပ်ယှဉ်ပြိုင်ဖို့ကန့်သတ်ထားတဲ့အတားအဆီးတွေကို ဖြိုချရမယ်။ သူမရဲ့ နောက်ဆုံးပန်းတိုင်က ပစ္စည်းမဲ့လူတန်းစားရဲ့နိုင်ငံရေးအခြေခံတွေကိုသယ်ဆောင်ပြီး မိမိလူတန်းစားအတွင်းကအမျိုးသားတွေနဲ့ လက်ချင်းချိတ်ကာ အရင်းရှင်လူ့အဖွဲ့အစည်းကိုဆန့်ကျင်ဖြိုဖျက်တာပဲဖြစ်တယ်လို့ ကလာရာဇက်ကင်းက ရှင်းလင်းခဲ့တယ်။
ဆက်လက်ပြီး""အမျိုးသမီးတွေအနေနဲ့ မဲပေးခွင့်တောင်းဆိုမှုမှာတင် မိမိကိုယ်ကို ဘောင်ခတ်မထားသင့်ကြောင်းနဲ့ အလုပ်အကိုင် အခွင့်အရေး၊ လုပ်ခလစာတူညီစွာရရေး၊ သားဖွားခွင့်ရရေး၊ ကလေးသူငယ်ထောက်ပံ့စရိတ် ပံ့ပိုးပေးရေး၊ အမျိုးသမီးပညာသင်ကြားရေးတို့ အတွက်ပါ ဆက်လက်တိုက်ပွဲဝင်သင့်ကြောင်း ပြောဆိုခဲ့တယ်။

ရုရှ မာ့က်စ်ဆစ် အလက်ဇန်းဒါးကိုလ်လင်တိုင်းနဲ့အတူ ဘူဇွာအမျိုးသမီးဝါဒီတွေကိုဆန့်ကျင်တိုက်ခိုက်ရာမှာ ပြောင်မြောက်သလို ရိုဇာလူဇင်ဘတ်နဲ့အတူ ကားလ်ကောက်စကီရဲ့ ပြန်လည်ပြင်ဆင်ရေးဝါဒကိုဆန့်ကျင်ရာမှာလည်း နာမည်ကြီးတယ်။ SPD မှာရှိစဉ် ရိုဇာလူဇင်ဘတ်က ကလာရာဇက်ကင်းရဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်တဲ့အပြင် လူယုံတော်လည်းဖြစ်တယ်။ SPD ရဲ့ အမျိုးသမီးစာစောင် “Equality”ကို ၁၈၉၂ ကနေ ၁၉၁၇ ထိ တည်းဖြတ်ထုတ်ဝေခဲ့တယ်။ ၁၉၁ဝ ခုနှစ်မှာ နိုင်ငံတကာအမျိုးသမီးအလုပ်သမားများနေ့ ပေါ်ပေါက်လာစေဖို့ Second international ရဲ့ အမျိုးသမီးညီလာခံမှာ အဆိုတင်သွင်းခဲ့သူဖြစ်တယ်။

၁၉၁၅ ခုနှစ်မှာ လူဇင်ဘတ်၊ ကားလ်လိခနက်ရှ်တို့နဲ့အတူ စပါတာကပ်အဖွဲ့တည်ထောင်ရာမှာ ပါဝင်ခဲ့တယ်။ အဲ့ဒီအဖွဲ့က နောင်မှာ Communist Party of Germany (KDP) ဖြစ်လာတယ်။

၁၉၂ဝ မှာ အမျိုးသမီးပြဿနာတွေနဲ့ပတ်သက်ပြီး လီနင်ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကို Lenin on the Women’s Question အမည်နဲ့ ရေးသားခဲ့ပါတယ်။ ၁၉၂ဝ ကနေ ဟစ်တလာ အာဏာမရမီထိ ဂျာမနီပြည်ရဲ့အောက်လွတ်တော်မှာ ကွန်မြူနစ်ပါတီရဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၂၇ ကနေ ၁၉၂၉ ထိ ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖြစ် တာဝန်ယူ ခဲ့တယ်။ ၁၉၂၁ ကနေ ၁၉၃၃ ထိ Third International (Comintern)ရဲ့ စီမံခန့်ခွဲရေးကော်မတီဖြစ်ခဲ့တယ်။ ၁၉၃၂ သြဂုတ်လမှာ အောက်လွတ်တော်ရဲ့သဘာပတိအဖြစ် အဖွင့်မိန်ခွန်းပြောကြားခွင့်ရစဉ် ဖက်ဆစ်စနစ်ကိုဆန့်ကျင်တိုက်ဖျက်ရာမှာ အလုပ်သမားတွေ စည်းလုံးညီညွှတ်ကြဖို့ပြောကြားခဲ့တယ်။

ဟစ်တလာရဲ့ နာဇီပါတီအာဏာရပြီးနောက် ကွန်မြူနစ်ပါတီဖျက်သိမ်းခံရပြီး ကလာရာဇက်ကင်းလည်း နောက်ဆုံးအကြိမ် တိုင်းပြည်က ထွက်ခွာခဲ့ရပါတယ်။ ၁၉၃၃ ခုနှစ်မှာ မော်စကိုအနီးက အာ့ခင်ဂယ်စကိုက်မှာ ကွယ်လွန်ခဲ့ပြီး ကရင်မလင် ဝေါလ် နဲခရော့ပလိစ် Kremlin Wall Necropolis မှာ မြှုပ်နှံထားပါတယ်။
“ပစ္စည်းမဲ့တွေအနေနဲ့ လူမျိုး၊ နေရာဒေသ၊ အလုပ်အကိုင်၊ ကျား မ ခွဲခြားမှုမရှိဘဲ အတူတကွတိုက်မှသာ လွတ်မြောက်မှုကို ရရှိမှာဖြစ်တယ်။ ဆိုရှယ်လစ်ဒီမိုကရေစီမှာ အမျိုးသမီးပြဿနာမရှိဘူး။ ရဲဘော်အချင်းချင်းဆန့်ကျင်တဲ့တိုက်ပွဲ မရှိဘူး။ လူတန်းစားအချင်းချင်းတိုက်တဲ့ တိုက်ပွဲသာရှိတယ်။” ဒီသဘောတရားတွေကို ကလာရာဇက်ကင်းထပ်တလဲလဲပြောကြားပြီး သူကိုယ်တိုင်လည်း အသက်ထက်ဆုံး ဆုပ်ကိုင်သွားတဲ့ သူ့ရဲ့မာ့က်စ်ဝါဒသဘောတရားတွေပဲဖြစ်ပါတယ်။           
အရေးတော်ပုံဂျာနယ် အတွဲ(၂)၊ အမှတ်(၂)မှ ကူးယူဖော်ပြပါသည်၊                                                                        


သူယုတ်လက္ခဏာ- (လင်းထင်)

0 comments
သူယုတ်လက္ခဏာ- (လင်းထင်)ခေတ်မောင်း အတွဲ၂၊ အမှတ်၁၊ ဇန်နဝါရီ ၂ဝ၁၃
သူယုတ်လက္ခဏာဆို အစဉ်အလာညွှန်းတဲ့ဟာတွေအပေါ် သိပ်ဘဝင်မကျချင် ဘူး။ ပထမ- ရုပ်ဆင်းသွင်ပြင်ကို သူယုတ်လက္ခဏာကပ်လိုက်တဲ့ ဟာမျိုးတွေ (ဥပမာ- ဦးပုည ဆဒ္ဒန်ဇာတ်ထဲက သောနုထ္ထိုရ်ကိုအဖွဲ့၊ ဦးသြဘာသ ဝေဿန္တရာထဲ က စူဇကာပုဏ္ဏားအဖွဲ့) ရှေးစာထဲပါပြီး နှောင်းလူတို့ ပြဌာန်းစာသဖွယ်အသင်ခံ ရတဲ့အခါ၊ စာပေဂုဏ်မြောက်တဲ့အရေးအသားကိုလေ့လာရမယ့် အဖြစ်နဲ့ ဆောင်သင့်ရှောင်သင့်သောစာရိတ္တတရားတို့ကို နီတိထုတ် မှတ်ယူရမယ့်အဖြစ်၊ နှစ်ခုသောကိစ္စရပ်တို့ ရောထွေးကုန်ကြတယ်။

ဗမာ့လူ့အဖွဲ့အစည်းမှာ ရုပ်ဆင်းသွင်ပြင်နဲ့စာရိတ္တတရားကို ညီမျှခြင်းချလိုတဲ့အယူမှား စွဲဝင်တာပဲ။ ယိုးဒယားကနေ ရိုဟင်ဂျာတွေကို ပင်လယ်ထဲပြန်လွှတ်တဲ့ နောက်ဆက်တွဲဂယက်တွေမှာ အဲဒီ့အချိန် ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ရဲ့ ရိုဟင်ဂျာဆိုတာ အသားမည်းတယ်၊ ရုပ်ဆိုးတယ်၊ မြန်မာက ရုပ်ရည်ပြေပြစ်တယ်ဆိုတဲ့နှုတ်ထွက်စကားဟာ ဗမာ့လူ့အဖွဲ့အစည်းမှာ Racism စွဲဝင်မှန်းမသိ စွဲဝင်နေတဲ့အဖြစ်ရဲ့ ရောဂါလက္ခဏာပဲ။

ဒီလိုစိတ်အခံဟာ နိုင်ငံသားဖြစ်မှုရော ဌာနေဖြစ်မှုရော မျိုးနွယ်စုဖြစ်မှုအပေါ်မှာပါ အများနဲ့ အသားရောင် ဘာသာစကား ဘာသာတရား တူညီမညီစမ်းစစ်လိုတဲ့အခြေခံကလွဲတဲ့ တင်ကြိုပြဌာန်းနှင့်ပြီးသဘောထားတို့ စမ်းပေါက်ရာပဲ။

ဒုတိယ- လောကနီတိလို့အဖိုးထားတဲ့စာထဲက သူယုတ်လက္ခဏာအဖြစ်ညွှန်းဆိုတဲ့ လူ့အမူအကျင့်တွေ။ သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများပြောတက်သူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူတဲ့။ ဒါတွေတစ်ချက်ခြင်းဆီဟာ အပေါင်းသဘောရော အနှုတ်သဘောရော အခြေအနေအချိန်အခါလိုက် ကောက်ယူချည်းကပ်နိုင်တဲ့ ဒွိသဘောဆောင်တယ်။
သာသနာပြုလိုသူ၊ ကုန်ပစ္စည်းကြော်ငြာရောင်းချလိုသူ၊ အများဆန္ဒ အများသဘောတူမှုလိုက်လံကောက်ခံသူတို့ဟာ မခေါ်လည်းသွား မမေးလည်းပြော ကိုယ့်ဂုဏ်ရည်ကို ကိုယ်အမွှမ်းတင်ရမှာပဲ။ အခု ကျနော်လည်း မမေးပဲပြော မတီးပဲမြည်နေတဲ့သူယုတ်ပဲ။ ပါတီမဲဆွယ်တဲ့နိုင်ငံရေးသမားကစလို့ မြို့ပတ်ရထားပေါ်က ကြွက်နို့သတ်ဆေးသည်ထိ ဒီသဘော ပြေးမလွတ်။ လောကနီတိဖြစ်စေချင်တာ မလုပ် မရှုပ် မပြုတ် ခပ်ရို့ရို့နေ ကိုယ့်အသံ ကျယ်ကျယ်မထုတ်နဲ့လို့ ပဒေသရာဇ်ခေတ် ကျေးတော်မျိုး ကျွန်တော်မျိုးတွေအသက်ရှည်နည်းကား ဆုံးမတာပဲ။

တတိယ- ဘာသာရေးကပြောတဲ့ သူယုတ်လက္ခဏာ မက္ခနဲ့ပဠာသ၊ အဘိဓမ္မာအရသရုပ်ခွဲရင် ဒေါသစိတ်ထဲ ပါသတဲ့။ မက္ခဆိုတာ ကျေးဇူးကန်းတတ်တဲ့စိတ်သဘော၊ ပဠာသဆိုတာ ကိုယ့်ထက်သာမနာလိုပဲ အရိုအသေမပြုနိုင် တန်းညှိယှဉ်ပြိုင်လိုတဲ့သဘော။ ဒါလည်းပဲ အပေါင်းသဘောရော အနှုတ်သဘောရော အဌကထာ ဖွင့်နိုင်တာပဲ။ ကျေးဇူးရှိတယ်ဆိုတာဘာလဲ၊ ကိုယ့်ကောင်းကျိုးချမ်းသာကို ဆောင်ကြဉ်းပေးခြင်းဟာ ကျေးဇူးရှိတာပဲ၊ ဆောင်ကြဉ်းပေးသူဟာ ကျေးဇူးရှင်ပဲ။ ကိုယ့်ကောင်းကျိုးချမ်းသာဆိုတာ အများကောင်းကျိုးချမ်းသာနဲ့ရော ယှဉ်သလား၊ ကိုယ့်ကောင်းကျိုးချမ်းသာကိုဖြစ်စေသူဟာ အများကောင်းကျိုးချမ်းသာကိုရော ဖြစ်စေသလား။ ကိုယ့်အဖို့ငှာကျေးဇူးရှိမှုနဲ့ပဲ ကျေးဇူးရှင်ရဲ့အပြုအမူ လျော်၏မလျော်၏ မဆင်ခြင်အပ်တော့ဘူးလား။ ဆင်ခြင်ခြင်း ဝေဖန်ခြင်း ထောင်ထားခြားနားခြင်းဟာ ကျေးစွပ်ရာရောက်သလား။ ဒီတော့ မက္ခဆိုရင် သူတထူးကျေးဇူးကို အလေးမမူ အရာမသွင်းတတ်တဲ့ ungrateful စိတ်သဘောလေးကိုသာဆိုလိုတဲ့အပေါ် ပိုင်းခြားနားလည်သင့်တယ်။ ဒီ့နှယ်ပဲ ပဠာသဆိုရာမှာလည်း ကိုယ့်ထက်သာမနာလိုမှု ဖျက်လိုဖျက်စီးလုပ်လိုမှု စိတ်မနောအုံကြွဖြစ်ထွန်းတတ်တဲ့သဘောလို့သာပဲ ပိုင်းခြားနားလည်ရမယ်။ နာမည်ကြီးထင်ရှားသူကို ဝေဖန်စမ်းစစ်ရင် သူယုတ်ဆိုတဲ့အနက် မစွန်းထင်းသင့်။

ခေတ်သစ် သူယုတ်လက္ခဏာတွေ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်ကသူယုတ်လက္ခဏာတွေကို ဒီ ရှေးစာ နီတိ ဘာသာရေးလာတို့နဲ့မဟုတ်ပဲ ပိုင်းခြားစီစစ်ရမယ့်တာဝန် ကျနော်တို့မှာရှိတယ်။ ကျနော် စပြီး တစ်ချက်ကို အကြံပြုမယ်။ ကျနော်ပြောလေ့ရှိတဲ့ ကြေးတန်းတိုက်တတ်တဲ့ စိတ်ဟာ နိုင်ငံရေးသူယုတ်လက္ခဏာပဲ။

၆၇လမ်းစဉ်ကို ဖြုတ်ထုတ်သတ်ဆိုပြီး လက်ညှိုးထိုးကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ၊ မကဒတ မြောက်ပိုင်းကိစ္စကို လက်ညှိုးထိုးကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ၊ ကေအိုင်အေလည်းဘာကောင်းသလဲလို့ ကြေးတန်းတိုက်တာသူယုတ်လက္ခဏာပဲ။
ဘာကို ကြေးတန်းတိုက်သလဲဆို စစ်အာဏာရှင်စနစ်နဲ့စစ်စရိုက်ကို ကောင်းပါတယ်လို့ငြင်းခုံမှုပြုမရတဲ့အခါ သူတို့လည်း ဘာထူးလည်းဆိုတဲ့ စစ်နောက်မြီးဆွဲတို့ အတိုက်အခံအပေါ်လက်ညှိုးတပြန်ထိုးသော ကြေးတန်းတိုက်မှုကိုဆိုလိုတယ်။ သူတို့လည်းဘာကောင်းသလဲဆို နည်းနာအမှား လုပ်ရပ်အမှား ပုဂ္ဂိုလ်ရေးအမှားတွေရှိသည်ဆိုဦး စစ်အာဏာရှင်စနစ်နဲ့စစ်စရိုက်ကို လက်သင့်မခံ ငြင်းဆန်တော်လှန်သမှုပြုခြင်းတရားကိုယ်သဘောရဲ့အနှစ်သာရကို ခြေဖျက်လို့မရဘူး။
ဝေဝါးစေခြင်း ရောချခြင်း အားနည်းသူဘက်မလိုက်ဝံ့ခြင်း မတော်ရာမှာမွေ့လျော်ခြင်း စတဲ့ နိုင်ငံရေးသူယုတ်လက္ခဏာတွေ ရှိဦးမှာပါ။ ဖော်ထုတ်ကြပါ။ လင်းထင်
ယူတာကဒီနေရာကပါ https://www.facebook.com/linayehtin?fref=nf