ကလာရာဇက်ကင်း (ယင်းမာ)
ကွန်မြူနစ်အတွေးအခေါ်တွေ တရိပ်ရိပ်ပြန့်ပွားနေပြီး
နိုင်ငံတကာအလုပ်သမားလှုပ်ရှားမှုတွေအားကောင်းခဲ့တဲ့ ၁၉-၂ဝ ရာစုနှစ်တွေမှာ သဘာဝကျစွာပဲ
အမျိုးသမီးကွန်မြူနစ်ခေါင်းဆောင်တွေ ပေါ်ထွန်းခဲ့ပါတယ်။ ကလာရာဇက်ခင်၊ ရိုဇာလူဇင်ဘတ်၊
အလက်ဇန်းဒါးကိုလ်လင်တိုင်း စသည်ဖြင့်""
ဂျာမန်မာ့က်စ်ဆစ် ၊ ကွန်မြူနစ်တစ်ဦးဖြစ်သူ
ကလာရာဇက်ကင်း ကတော့ ဂျာမနီပြည်နဲ့ နိုင်ငံတကာအလုပ်သမားလှုပ်ရှားမှုတွေမှာ
အရေးပါတဲ့ပုဂ္ဂိုလ်၊ အထူးသဖြင့် နိုင်ငံတကာအမျိုးသမီးအလုပ်သမားလှုပ်ရှားမှုတွေမှာ ထင်ရှားကျော်ကြားတဲ့သူ
ဖြစ်ပါတယ်။
၁၈၅၇ ခုနှစ် ဂျူလိုင် ၁၅ ရက်နေ့""
ဂျာမနီပြည် ဆက်စနီပြည်နယ်ရဲ့ ရွာလေးတစ်ရွာမှာ ကလာရာဇက်ကင်းကို မွေးဖွားခဲ့ပါတယ်။ အဖေက
ရွာကျောင်းဆရာဖြစ်ပြီး ကလာရာဇက်ကင်းရဲ့မူလအမည်က ကလာရာအာအစ်နာ့ ဖြစ်ပါတယ်။
အဲ့ဒီခေတ်ကာလ။
ကလာရာအာအစ်နာ့ ကြီးပြင်းရာ ဆက်စနီပြည်နယ်ဟာ
ဂျာမနီရဲ့စက်မှုလုပ်ငန်းထူထောင်မှု အရှိန်အဟုန် အမြင့်ဆုံးဒေသဖြစ်ပြီး ဆိုရှယ်လစ်လှုပ်ရှားမှုတွေရဲ့တပ်ဦး
ဖြစ်တယ်။ ဂျာမန်ဆိုရှယ်လစ်အလုပ်သမားများပါတီ SPD စတင်ဖွဲ့စည်းတည်ထောင်ရာဒေသလည်း ဖြစ်တယ်။
အမျိုးသမီးအမြောက်အများအလုပ်လုပ်တဲ့ အထည်အလိပ်စက်ရုံတွေအများအပြားရှိတဲ့အတွက် အလုပ်သမားသမဂ္ဂနဲ့
ဆိုရှယ်လစ်လှုပ်ရှားမှုတွေအတွက် အမျိုးသမီးရဲဘော်တွေကိုစည်းရုံးဖို့အားကောင်းတဲ့ဒေသလည်း
ဖြစ်တယ်။
ဒါကြောင့် ဆက်စနီပြည်နယ်က ဂျာမန်အလုပ်သမားလှုပ်ရှားမှုတွေရဲ့
မူလဘူတဖြစ်ရုံမက ဂျာမန်အမျိုးသမီးအလုပ်သမားလှုပ်ရှားမှုတွေရဲ့ ဘူမိနက်သန်လည်းဖြစ်တယ်လို့ဆိုပါတယ်
။
အသက် ၂၁ နှစ်မှာ ကလာရာအာအစ်နာ့က အရင်းရှင်ဘူဇွာအမျိုးသမီးဝါဒီတစ်ဦးဖြစ်သူ
ကျောင်းအုပ်ဆရာမရဲ့ သြဇာလွှမ်းမိုးမှုကနေ ဆိုရှယ်လစ်လှုပ်ရှားမှုတွေဆီ ကူးပြောင်းပါတယ်။
ရုရှားမှရွှေ့ပြောင်းလာသူ ရုရှားမာ့က်စ်ဆစ် အိုစစ်ဇက်ကင်းနဲ့တွေ့ဆုံကျွမ်းဝင်မှုက ကလာရာကို
ဆိုရှယ်လစ်တစ်ဦးဖြစ်ဖို့ ပြတ်သားစေခဲ့တယ်။
ကလာရာက ဂျာမန်ဆိုရှယ်လစ်အလုပ်သမားများပါတီ
SPD ရဲ့ လှုပ်ရှားမှုတွေမှာပါဝင်လာတယ်။ ၁၈၇၈ မှာ ဂျာမနီဝန်ကြီးချုပ်ဘစ်စမတ်ခ် က ဥပဒေထုတ်ပြီး
ဆိုရှယ်လစ်လှုပ်ရှားမှုတွေ၊ အစည်းအဝေးပွဲတွေကိုတားမြစ်ပိတ်ပင်ခဲ့တယ်။ ကလာရာလည်း ပါတီ
SPD ရဲ့ တရားမဝင် လှုပ်ရှားမှုတွေနဲ့ပတ်သက်နေသူ ဖြစ်သွားပါတယ်။ ၁၈၈ဝမှာ အိုစစ်ဇက်ကင်းနဲ့ရဲဘော်တချို့အဖမ်းခံရပြီး
အိုစစ်ဇက်ကင်းတိုင်းပြည်ကနေ နှင်ထုတ်ခံရပါတယ်။ လအနည်းငယ်ကြာတော့ ကလာရာလည်း ဂျာမနီကနေထွက်ခွာခဲ့တယ်။
အဲ့ဒီအချိန်ကနေစပြီး ၁ဝ နှစ်တာကာလ ကြာတဲ့အထိ တိုင်းပြည်ကိုခွဲခွာခဲ့တယ်။ ပထမဦးဆုံး
သြစတြီးယား နောက် ၁၈၈၂ နှစ်စမှာ ပါတီခေါင်းဆောင်များရှိရာ ဇူးရစ်ကို ရွေ့ပြောင်း ပါတယ်။
အဲ့ဒီမှာ ပါတီရဲ့ အဓိကသတင်းစာစောင်ဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်စာစောင် ထုတ်ဝေရေးမှာ ကူညီလုပ်ကိုင်ပေးပြီး
၁၈၈၂ နှစ် ကုန်တော့ အိုစစ်ဇက်ကင်းရှိရာ ပဲရစ်ကို ရွှေ့ပြောင်းခဲ့တယ်။ ကလာရာအာအစ်နာ့ကနေ
ကလာရာဇက်ကင်းအမည်ခံယူခဲ့တယ်။ သူတို့သားနှစ်ဦး မွေးဖွားခဲ့တယ်။
ကလာရာနဲ့အိုစစ်ဇက်ကင်းတို့နှစ်ဦးစလုံးက
ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားတို့ရဲ့ ဆိုရှယ်လစ်လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင်နက်နက်ရှိုင်းရှိုင်း
ပါဝင်ပတ်သက်သူတွေဖြစ်တယ်။ ဒါ့အပြင် အပတ်စဉ် မာ့က်စ်သီအိုရီတွေဆွေးနွေးကြ၊လုပ်ငန်းစဉ်တွေရေးဆွဲကြတဲ့
နိုင်ငံတကာဆိုရှယ်လစ် အုပ်စုဝင်တွေလည်းဖြစ်တယ်။ ပြင်သစ် ၊ ဂျာမနီ၊ ရုရှားတင်မကဘူး စပိန်၊ အီတလီ၊ သြစတြေးလျ၊ ဗြိတိန်နိုင်ငံတို့က ဆိုရှယ်လစ်တွေနဲ့ပါ
အဆက်အသွယ်ရှိကြတယ်။ ကလာရာဇက်ကင်း က ဘာသာစကားအတော်များများကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်လို့
နိုင်ငံတကာ အလုပ်သမားလှုပ်ရှားမှုတွေရဲ့အတွေ့အကြုံတွေ၊ ပညာတွေ အမြောက်အမြားရရှိခဲ့တယ်။
၁၈၈၉ ဇန်နဝါရီမှာ အိုစစ်ဇက်ကင်း ကွယ်လွန် ခဲ့တယ်။
ကလာရာဇက်ကင်းအတွက် လေပြင်းတိုက်ခံရသလိုဖြစ်စေသည့်တိုင် အဲ့ဒီနှစ် စက်တင်ဘာလမှာပဲ
Second International ရဲ့ အမျိုးသမီးအလုပ်သမားအဖွဲ့အစည်းမှာ မိန့်ခွန်းပြောခဲ့တယ်။
နောက် ဂျာမနီကိုပြန်ပြီး နေထိုင်ခဲ့တယ်။
ဆိုရှယ်လစ်လူ့ဘောင်သို့ချီတက်ရာမှာ
အမျိုးသမီးတွေအနေနဲ့ထားရှိရမယ့်သဘောတရား၊ လုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်တွေကို ကလာရာဇက်ကင်းက
ပြတ်ပြတ်သားသားလမ်းညွှန်ဆော်သြခဲ့ပါတယ်။ ကလာရာဇက်ခင် ပြောခဲ့၊ ရေးခဲ့တဲ့မိန့်ခွန်းတွေ၊
ဆောင်းပါးတွေ ၃ဝ ကျော်ရှိတယ်။ ကလာရာဇက်ကင်းအနေနဲ့ အဲ့ဒီခေတ်ကာလကပေါ်ပင်ဖြစ်လာတဲ့ အမျိုးသမီးဝါဒ
(ဘူဇွာအမျိုးသမီးများရဲ့သဘောထား)တွေကို ပြတ်ပြတ်သားသားတိုက်ထုတ်ခဲ့တယ်။ ဘူဇွာအမျိုးသမီးဝါဒီတွေလှုပ်ရှားနေတဲ့
အမျိုးသမီးတွေမဲပေးခွင့်ရရေးလှုပ်ရှားမှုတွေကိုလည်း ဝေဖန် ပါတယ်။ မဲပေးဖို့ခွင့်ပြုလို့
အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးတန်းတူညီမှုရရှိတယ်ဆိုဦးတော့ ဒါဟာ စစ်မှန်တဲ့နိုင်ငံရေးအာဏာရရှိတာ
မဟုတ်ဘူးလို့ ထောက်ပြပါတယ်။
ဘူဇွာအမျိုးသမီးဝါဒီများကိုတိုက်ခိုက်ဖို့လိုအပ်ကြောင်းကို
၁၈၉၆ ခုနှစ် ဂျာမန်ဆိုရှယ်လစ်အလုပ်သမားများပါတီ SPD ရဲ့ ဂိုသာညီလာခံမှာ ကလာရာဇက်ကင်း
ပြောMကားခဲ့တယ်။ ဂိုသာမိန့်ခွန်းထဲက တချို့ကို ကောက်နုတ်ရရင်ဖြင့် (ယောက်ျားများနဲ့တန်းတူအခွင့်အရေးရလိုတဲ့
အရင်းရှင်ဘူဇွာအမျိုးသမီးဝါဒီတွေရဲ့လှုပ်ရှားမှုနဲ့ အလုပ်သမားလူတန်းစားအတွင်းကအမျိုးသမီးအလုပ်သမားတွေရဲ့
လွတ်မြောက်ရေး လှုပ်ရှားမှုကြားမှာ အသူတရာနက်တဲ့ချောက်ကြီး ခြားနေတယ်။ အမျိုးသမီးလွတ်မြောက်ရေးလှုပ်ရှားမှုတွေဟာ
သူ့ဘာသာသူဖြစ်နေတာ မဟုတ်။ သမိုင်းဆိုင်ရာဖြစ်ပေါ်တိုးတက်မှုအဆင့်ဆင့်အတွင်းမှာဖြစ်နေတဲ့အတွက်
ဆိုရှယ်လစ်ဒီမိုကရေစီဆီသွားမယ့် ပစ္စည်းမဲ့အမျိုးသမီး အလုပ်သမားတွေရဲ့လွတ်မြောက်ရေးလှုပ်ရှားမှုနဲ့
အရင်းရှင်ဘူဇွာအမျိုးသမီးတွေရဲ့လှုပ်ရှားမှုက အခြေခံသဘောထားချင်း ဘာမှမတူညီဘူးလို့ ပြောခဲ့တယ်။
ပိုက်ဆံရဖို့ အပြင်ထွက်အလုပ်လုပ်တဲ့အမျိုးသမီးတစ်ဦးအနေနဲ့
စီးပွားရေးလွတ်လပ်မှုရပေမယ့် ပြည့်စုံတဲ့ဘဝနေထိုင်မှုရှိတဲ့လူသားအဖြစ် သို့မဟုတ် အမျိုးသမီးအဖြစ်
လွတ်လပ်မှုမရရှိဘူး။ ဒါဟာ လွတ်မြောက်တာမဟုတ်သလို အောင်မြင်မှုရတာလည်းမဟုတ်ဘူး။ သူမ အလုပ်ကနေရတာက
အရင်းရှင်ကုန်ထုတ်လုပ်မှုကနေဖိတ်စဉ်လာတဲ့စီးပွာရေးလွတ်လပ်မှုအစအနသာ ရတာဖြစ်တယ်။ ဒါကြောင့်
ပစ္စည်းမဲ့အမျိုးသမီးအလုပ်သမားတွေအနေနဲ့ အရင်းရှင်ဘူဇွာအမျိုးသမီးတွေလို
သူ့လူတန်းစားအတွင်းကအမျိုးသားတွေကိုဆန့်ကျင်တဲ့ တိုက်ပွဲမျိုးဆင်နွဲဖို့မဖြစ်နိုင်ဘူး။
မိမိလူတန်းစားအတွင်းကအမျိုးသားတွေကိုဆန့်ကျင်ဖို့မလိုဘူးလို့ ညွှန်ပြခဲ့တယ်။
ပစ္စည်းမဲ့အမျိုးသမီးအလုပ်သမားတစ်ဦးအနေနဲ့ လွတ်လွတ်လပ်လပ်ယှဉ်ပြိုင်ဖို့ကန့်သတ်ထားတဲ့အတားအဆီးတွေကို
ဖြိုချရမယ်။ သူမရဲ့ နောက်ဆုံးပန်းတိုင်က ပစ္စည်းမဲ့လူတန်းစားရဲ့နိုင်ငံရေးအခြေခံတွေကိုသယ်ဆောင်ပြီး
မိမိလူတန်းစားအတွင်းကအမျိုးသားတွေနဲ့ လက်ချင်းချိတ်ကာ အရင်းရှင်လူ့အဖွဲ့အစည်းကိုဆန့်ကျင်ဖြိုဖျက်တာပဲဖြစ်တယ်လို့
ကလာရာဇက်ကင်းက ရှင်းလင်းခဲ့တယ်။
ဆက်လက်ပြီး""အမျိုးသမီးတွေအနေနဲ့
မဲပေးခွင့်တောင်းဆိုမှုမှာတင် မိမိကိုယ်ကို ဘောင်ခတ်မထားသင့်ကြောင်းနဲ့ အလုပ်အကိုင်
အခွင့်အရေး၊ လုပ်ခလစာတူညီစွာရရေး၊ သားဖွားခွင့်ရရေး၊ ကလေးသူငယ်ထောက်ပံ့စရိတ် ပံ့ပိုးပေးရေး၊
အမျိုးသမီးပညာသင်ကြားရေးတို့ အတွက်ပါ ဆက်လက်တိုက်ပွဲဝင်သင့်ကြောင်း ပြောဆိုခဲ့တယ်။
ရုရှ မာ့က်စ်ဆစ် အလက်ဇန်းဒါးကိုလ်လင်တိုင်းနဲ့အတူ
ဘူဇွာအမျိုးသမီးဝါဒီတွေကိုဆန့်ကျင်တိုက်ခိုက်ရာမှာ ပြောင်မြောက်သလို ရိုဇာလူဇင်ဘတ်နဲ့အတူ
ကားလ်ကောက်စကီရဲ့ ပြန်လည်ပြင်ဆင်ရေးဝါဒကိုဆန့်ကျင်ရာမှာလည်း နာမည်ကြီးတယ်။ SPD မှာရှိစဉ်
ရိုဇာလူဇင်ဘတ်က ကလာရာဇက်ကင်းရဲ့အရင်းနှီးဆုံးမိတ်ဆွေဖြစ်တဲ့အပြင် လူယုံတော်လည်းဖြစ်တယ်။
SPD ရဲ့ အမျိုးသမီးစာစောင် “Equality”ကို ၁၈၉၂ ကနေ ၁၉၁၇ ထိ တည်းဖြတ်ထုတ်ဝေခဲ့တယ်။ ၁၉၁ဝ
ခုနှစ်မှာ နိုင်ငံတကာအမျိုးသမီးအလုပ်သမားများနေ့ ပေါ်ပေါက်လာစေဖို့ Second
international ရဲ့ အမျိုးသမီးညီလာခံမှာ အဆိုတင်သွင်းခဲ့သူဖြစ်တယ်။
၁၉၁၅ ခုနှစ်မှာ လူဇင်ဘတ်၊ ကားလ်လိခနက်ရှ်တို့နဲ့အတူ
စပါတာကပ်အဖွဲ့တည်ထောင်ရာမှာ ပါဝင်ခဲ့တယ်။ အဲ့ဒီအဖွဲ့က နောင်မှာ Communist Party of
Germany (KDP) ဖြစ်လာတယ်။
၁၉၂ဝ မှာ အမျိုးသမီးပြဿနာတွေနဲ့ပတ်သက်ပြီး
လီနင်ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ အဲ့ဒီအကြောင်းကို Lenin on the Women’s Question အမည်နဲ့
ရေးသားခဲ့ပါတယ်။ ၁၉၂ဝ ကနေ ဟစ်တလာ အာဏာမရမီထိ ဂျာမနီပြည်ရဲ့အောက်လွတ်တော်မှာ ကွန်မြူနစ်ပါတီရဲ့
ကိုယ်စားလှယ်အဖြစ် တက်ရောက်တာဝန်ထမ်းဆောင်ခဲ့တယ်။ ၁၉၂၇ ကနေ ၁၉၂၉ ထိ ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖြစ်
တာဝန်ယူ ခဲ့တယ်။ ၁၉၂၁ ကနေ ၁၉၃၃ ထိ Third International (Comintern)ရဲ့ စီမံခန့်ခွဲရေးကော်မတီဖြစ်ခဲ့တယ်။
၁၉၃၂ သြဂုတ်လမှာ အောက်လွတ်တော်ရဲ့သဘာပတိအဖြစ် အဖွင့်မိန်ခွန်းပြောကြားခွင့်ရစဉ် ဖက်ဆစ်စနစ်ကိုဆန့်ကျင်တိုက်ဖျက်ရာမှာ
အလုပ်သမားတွေ စည်းလုံးညီညွှတ်ကြဖို့ပြောကြားခဲ့တယ်။
ဟစ်တလာရဲ့ နာဇီပါတီအာဏာရပြီးနောက် ကွန်မြူနစ်ပါတီဖျက်သိမ်းခံရပြီး
ကလာရာဇက်ကင်းလည်း နောက်ဆုံးအကြိမ် တိုင်းပြည်က ထွက်ခွာခဲ့ရပါတယ်။ ၁၉၃၃ ခုနှစ်မှာ မော်စကိုအနီးက
အာ့ခင်ဂယ်စကိုက်မှာ ကွယ်လွန်ခဲ့ပြီး ကရင်မလင် ဝေါလ် နဲခရော့ပလိစ် Kremlin Wall
Necropolis မှာ မြှုပ်နှံထားပါတယ်။
“ပစ္စည်းမဲ့တွေအနေနဲ့ လူမျိုး၊ နေရာဒေသ၊
အလုပ်အကိုင်၊ ကျား မ ခွဲခြားမှုမရှိဘဲ အတူတကွတိုက်မှသာ လွတ်မြောက်မှုကို ရရှိမှာဖြစ်တယ်။
ဆိုရှယ်လစ်ဒီမိုကရေစီမှာ အမျိုးသမီးပြဿနာမရှိဘူး။ ရဲဘော်အချင်းချင်းဆန့်ကျင်တဲ့တိုက်ပွဲ
မရှိဘူး။ လူတန်းစားအချင်းချင်းတိုက်တဲ့ တိုက်ပွဲသာရှိတယ်။” ဒီသဘောတရားတွေကို ကလာရာဇက်ကင်းထပ်တလဲလဲပြောကြားပြီး
သူကိုယ်တိုင်လည်း အသက်ထက်ဆုံး ဆုပ်ကိုင်သွားတဲ့ သူ့ရဲ့မာ့က်စ်ဝါဒသဘောတရားတွေပဲဖြစ်ပါတယ်။
အရေးတော်ပုံဂျာနယ် အတွဲ(၂)၊ အမှတ်(၂)မှ
ကူးယူဖော်ပြပါသည်၊
0 comments:
Post a Comment