Monday, August 25, 2014

သူယုတ်လက္ခဏာ- (လင်းထင်)

0 comments
သူယုတ်လက္ခဏာ- (လင်းထင်)ခေတ်မောင်း အတွဲ၂၊ အမှတ်၁၊ ဇန်နဝါရီ ၂ဝ၁၃
သူယုတ်လက္ခဏာဆို အစဉ်အလာညွှန်းတဲ့ဟာတွေအပေါ် သိပ်ဘဝင်မကျချင် ဘူး။ ပထမ- ရုပ်ဆင်းသွင်ပြင်ကို သူယုတ်လက္ခဏာကပ်လိုက်တဲ့ ဟာမျိုးတွေ (ဥပမာ- ဦးပုည ဆဒ္ဒန်ဇာတ်ထဲက သောနုထ္ထိုရ်ကိုအဖွဲ့၊ ဦးသြဘာသ ဝေဿန္တရာထဲ က စူဇကာပုဏ္ဏားအဖွဲ့) ရှေးစာထဲပါပြီး နှောင်းလူတို့ ပြဌာန်းစာသဖွယ်အသင်ခံ ရတဲ့အခါ၊ စာပေဂုဏ်မြောက်တဲ့အရေးအသားကိုလေ့လာရမယ့် အဖြစ်နဲ့ ဆောင်သင့်ရှောင်သင့်သောစာရိတ္တတရားတို့ကို နီတိထုတ် မှတ်ယူရမယ့်အဖြစ်၊ နှစ်ခုသောကိစ္စရပ်တို့ ရောထွေးကုန်ကြတယ်။

ဗမာ့လူ့အဖွဲ့အစည်းမှာ ရုပ်ဆင်းသွင်ပြင်နဲ့စာရိတ္တတရားကို ညီမျှခြင်းချလိုတဲ့အယူမှား စွဲဝင်တာပဲ။ ယိုးဒယားကနေ ရိုဟင်ဂျာတွေကို ပင်လယ်ထဲပြန်လွှတ်တဲ့ နောက်ဆက်တွဲဂယက်တွေမှာ အဲဒီ့အချိန် ဟောင်ကောင်က မြန်မာကောင်စစ်ဝန်ရဲ့ ရိုဟင်ဂျာဆိုတာ အသားမည်းတယ်၊ ရုပ်ဆိုးတယ်၊ မြန်မာက ရုပ်ရည်ပြေပြစ်တယ်ဆိုတဲ့နှုတ်ထွက်စကားဟာ ဗမာ့လူ့အဖွဲ့အစည်းမှာ Racism စွဲဝင်မှန်းမသိ စွဲဝင်နေတဲ့အဖြစ်ရဲ့ ရောဂါလက္ခဏာပဲ။

ဒီလိုစိတ်အခံဟာ နိုင်ငံသားဖြစ်မှုရော ဌာနေဖြစ်မှုရော မျိုးနွယ်စုဖြစ်မှုအပေါ်မှာပါ အများနဲ့ အသားရောင် ဘာသာစကား ဘာသာတရား တူညီမညီစမ်းစစ်လိုတဲ့အခြေခံကလွဲတဲ့ တင်ကြိုပြဌာန်းနှင့်ပြီးသဘောထားတို့ စမ်းပေါက်ရာပဲ။

ဒုတိယ- လောကနီတိလို့အဖိုးထားတဲ့စာထဲက သူယုတ်လက္ခဏာအဖြစ်ညွှန်းဆိုတဲ့ လူ့အမူအကျင့်တွေ။ သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများပြောတက်သူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူတဲ့။ ဒါတွေတစ်ချက်ခြင်းဆီဟာ အပေါင်းသဘောရော အနှုတ်သဘောရော အခြေအနေအချိန်အခါလိုက် ကောက်ယူချည်းကပ်နိုင်တဲ့ ဒွိသဘောဆောင်တယ်။
သာသနာပြုလိုသူ၊ ကုန်ပစ္စည်းကြော်ငြာရောင်းချလိုသူ၊ အများဆန္ဒ အများသဘောတူမှုလိုက်လံကောက်ခံသူတို့ဟာ မခေါ်လည်းသွား မမေးလည်းပြော ကိုယ့်ဂုဏ်ရည်ကို ကိုယ်အမွှမ်းတင်ရမှာပဲ။ အခု ကျနော်လည်း မမေးပဲပြော မတီးပဲမြည်နေတဲ့သူယုတ်ပဲ။ ပါတီမဲဆွယ်တဲ့နိုင်ငံရေးသမားကစလို့ မြို့ပတ်ရထားပေါ်က ကြွက်နို့သတ်ဆေးသည်ထိ ဒီသဘော ပြေးမလွတ်။ လောကနီတိဖြစ်စေချင်တာ မလုပ် မရှုပ် မပြုတ် ခပ်ရို့ရို့နေ ကိုယ့်အသံ ကျယ်ကျယ်မထုတ်နဲ့လို့ ပဒေသရာဇ်ခေတ် ကျေးတော်မျိုး ကျွန်တော်မျိုးတွေအသက်ရှည်နည်းကား ဆုံးမတာပဲ။

တတိယ- ဘာသာရေးကပြောတဲ့ သူယုတ်လက္ခဏာ မက္ခနဲ့ပဠာသ၊ အဘိဓမ္မာအရသရုပ်ခွဲရင် ဒေါသစိတ်ထဲ ပါသတဲ့။ မက္ခဆိုတာ ကျေးဇူးကန်းတတ်တဲ့စိတ်သဘော၊ ပဠာသဆိုတာ ကိုယ့်ထက်သာမနာလိုပဲ အရိုအသေမပြုနိုင် တန်းညှိယှဉ်ပြိုင်လိုတဲ့သဘော။ ဒါလည်းပဲ အပေါင်းသဘောရော အနှုတ်သဘောရော အဌကထာ ဖွင့်နိုင်တာပဲ။ ကျေးဇူးရှိတယ်ဆိုတာဘာလဲ၊ ကိုယ့်ကောင်းကျိုးချမ်းသာကို ဆောင်ကြဉ်းပေးခြင်းဟာ ကျေးဇူးရှိတာပဲ၊ ဆောင်ကြဉ်းပေးသူဟာ ကျေးဇူးရှင်ပဲ။ ကိုယ့်ကောင်းကျိုးချမ်းသာဆိုတာ အများကောင်းကျိုးချမ်းသာနဲ့ရော ယှဉ်သလား၊ ကိုယ့်ကောင်းကျိုးချမ်းသာကိုဖြစ်စေသူဟာ အများကောင်းကျိုးချမ်းသာကိုရော ဖြစ်စေသလား။ ကိုယ့်အဖို့ငှာကျေးဇူးရှိမှုနဲ့ပဲ ကျေးဇူးရှင်ရဲ့အပြုအမူ လျော်၏မလျော်၏ မဆင်ခြင်အပ်တော့ဘူးလား။ ဆင်ခြင်ခြင်း ဝေဖန်ခြင်း ထောင်ထားခြားနားခြင်းဟာ ကျေးစွပ်ရာရောက်သလား။ ဒီတော့ မက္ခဆိုရင် သူတထူးကျေးဇူးကို အလေးမမူ အရာမသွင်းတတ်တဲ့ ungrateful စိတ်သဘောလေးကိုသာဆိုလိုတဲ့အပေါ် ပိုင်းခြားနားလည်သင့်တယ်။ ဒီ့နှယ်ပဲ ပဠာသဆိုရာမှာလည်း ကိုယ့်ထက်သာမနာလိုမှု ဖျက်လိုဖျက်စီးလုပ်လိုမှု စိတ်မနောအုံကြွဖြစ်ထွန်းတတ်တဲ့သဘောလို့သာပဲ ပိုင်းခြားနားလည်ရမယ်။ နာမည်ကြီးထင်ရှားသူကို ဝေဖန်စမ်းစစ်ရင် သူယုတ်ဆိုတဲ့အနက် မစွန်းထင်းသင့်။

ခေတ်သစ် သူယုတ်လက္ခဏာတွေ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်ကသူယုတ်လက္ခဏာတွေကို ဒီ ရှေးစာ နီတိ ဘာသာရေးလာတို့နဲ့မဟုတ်ပဲ ပိုင်းခြားစီစစ်ရမယ့်တာဝန် ကျနော်တို့မှာရှိတယ်။ ကျနော် စပြီး တစ်ချက်ကို အကြံပြုမယ်။ ကျနော်ပြောလေ့ရှိတဲ့ ကြေးတန်းတိုက်တတ်တဲ့ စိတ်ဟာ နိုင်ငံရေးသူယုတ်လက္ခဏာပဲ။

၆၇လမ်းစဉ်ကို ဖြုတ်ထုတ်သတ်ဆိုပြီး လက်ညှိုးထိုးကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ၊ မကဒတ မြောက်ပိုင်းကိစ္စကို လက်ညှိုးထိုးကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ၊ ကေအိုင်အေလည်းဘာကောင်းသလဲလို့ ကြေးတန်းတိုက်တာသူယုတ်လက္ခဏာပဲ။
ဘာကို ကြေးတန်းတိုက်သလဲဆို စစ်အာဏာရှင်စနစ်နဲ့စစ်စရိုက်ကို ကောင်းပါတယ်လို့ငြင်းခုံမှုပြုမရတဲ့အခါ သူတို့လည်း ဘာထူးလည်းဆိုတဲ့ စစ်နောက်မြီးဆွဲတို့ အတိုက်အခံအပေါ်လက်ညှိုးတပြန်ထိုးသော ကြေးတန်းတိုက်မှုကိုဆိုလိုတယ်။ သူတို့လည်းဘာကောင်းသလဲဆို နည်းနာအမှား လုပ်ရပ်အမှား ပုဂ္ဂိုလ်ရေးအမှားတွေရှိသည်ဆိုဦး စစ်အာဏာရှင်စနစ်နဲ့စစ်စရိုက်ကို လက်သင့်မခံ ငြင်းဆန်တော်လှန်သမှုပြုခြင်းတရားကိုယ်သဘောရဲ့အနှစ်သာရကို ခြေဖျက်လို့မရဘူး။
ဝေဝါးစေခြင်း ရောချခြင်း အားနည်းသူဘက်မလိုက်ဝံ့ခြင်း မတော်ရာမှာမွေ့လျော်ခြင်း စတဲ့ နိုင်ငံရေးသူယုတ်လက္ခဏာတွေ ရှိဦးမှာပါ။ ဖော်ထုတ်ကြပါ။ လင်းထင်
ယူတာကဒီနေရာကပါ https://www.facebook.com/linayehtin?fref=nf

0 comments:

Post a Comment