(ဖြစ်စေ့ချင်တဲ့သမ္မတ) အရင်းရှင်ဒီမိုကရေစီပြောပြော
လစ်ဘရယ်လ်ဒီမိုကရေစီဆိုဆို အဲ့နိုင်ငံတွေနဲ့အဲ့စနစ်တွေမှာ အစိုးရ၊ လွှတ်တော်၊ တရားရုံး(အုပ်ချုပ်ရေး၊
ဥပဒေပြုရေး၊ တရားစီရင်ရေး) အာဏာ ၃ ရပ်ကို အတိအကျပြဌာန်းခွဲဝေကျင့်သုံးတယ်တို့၊ တစ်ခုနဲ့တခုအပြန်အလှန်ထိမ်းညှိထားတယ်တို့
ဘာတို့ညာတို့ ဘယ်လိုပြောပြော တကယ့်တကယ် တိုင်းပြည့်ကြမ္မာကိုအဆုံးအဖြတ်ပေးနိုင်တဲ့ပါဝါက
အစိုးရ(အုပ်ချုပ်ရေးယန္တယား)ဆီမှာပဲ ရှိတယ်။ အစိုးရဆိုတာမှာလည်း အစိုးရအဖွဲ့ကိုဝန်ကြီးချုပ်ပဲဦးဆောင်ဆောင်
သမ္မတပဲဗိုလ်လုပ်လုပ် အတူတူပဲ။ ရွေးပုံရွေးနည်းလောက်သာ ကွာတာ။ နိုင်ငံတော်တရားသူကြီးချုပ်တို့
ရှေ့နေချုပ်တို့ဆိုတာကလည်း(များသောအားဖြင့်) အစိုးရကပဲ အမည်စာရင်းတင်သွင်းရတာ။ သူ့ပြန်
ကလန်ကဆန်လုပ်မယ့်ကောင် ဘယ်သူက တရားသူကြီးချုပ်တို့ ရှေ့နေချုပ်တို့ ဖြစ်စေ့ချင်ပါ့မလဲ။
ဖွဲ့စည်းပုံနဲ့ညီအောင်တို့ ဒီမိုကရေစီ ကျအောင်တို့ ဘာတို့ညာတို့ကတော့ ဝိနည်းလွတ်လုပ်ကြတာမျိုးပဲ။
ဝိနည်းတတ်ရင် ကြက်သတ်စားလို့တောင် ရရဲ့မဟုတ်လား။ လွှတ်တော်တို့ ကွန်ဂရက်စ်တို့ ပါလီမန်တို့ဆိုတာကလည်း
တကယ်တမ်းပြောကြကြေးဆို နိုင်ငံရေးသမားတွေ လူကြားကောင်းအောင်ပြောကြ လူမြင်ကောင်းအောင်
လူလုံးပြကြတာလောက်ပါပဲ တချို့ဒီမိုကရေစီနိုင်ငံတွေမှာဆို။
ဆိုတော့
အစိုးရသာ အခရာပဲ တိုင်းပြည့်ကြမ္မာကိုဆုံးဖြတ်တဲ့နေရာမှာ။ အစိုးရခေါင်းဆောင်ဖြစ်နေတဲ့ကောင်ပါတီကများ
လွှတ်တော်မှာ ကွန်ဂရက်စ်မှာ ပါလီမန်မှာ အများစုအမတ်နေရာရထားလို့ကတော့ ဘာပြောကောင်းမလဲ
ဘောင်းတော်ညှိတ် စိတ်တော်သိပဲ။ အစိုးရလုပ်သမျှ မှန်ပါ့ဖုရားပေါ့။
ဆိုတော့
နိုင်ငံရေးလုပ်တာ အာဏာယူဖို့ပဲ။ အာဏာယူတယ်ဆိုတာ အစိုးရလုပ်ဖို့ပဲ။ အစိုးရလုပ်တယ်ဆိုတာ
သမ္မတ ဒါမှမဟုတ် ဝန်ကြီးချုပ် ဖြစ်ဖို့ပဲ။ ဒါမှ တိုင်းပြည့်ကြမ္မာကို ပြောင်းလဲနိုင်မှာပဲ။
ကျန်တာတွေကတော့ အာဏာယူချင်လို့လုပ်တယ်ဆိုတာကို ဖုံးဖိဖို့ စကားလုံးတွေနဲ့ ဖာတာထေးတာပဲ။
စစ်တပ်က ရှင်းတယ်၊ ခင်ဗျားကြိုက်ချင်ကြိုက် မကြိုက်ချင်နေ အမျိုးသားနိုင်ငံရေးဦးဆောင်မှုကဏ္ဍတို့ယူမယ်ကွာဆိုပြီး
ဗြောင်ပြော ဗြောင်တောင်း ဗြောင်လု ဗြောင်ယူထားတာပဲ။ အာဏာသဘောနိုင်ငံရေးအရကြည့်ရင် ဘာမှမဆန်းဘူး။
သူတို့အသက်အိုးအိမ် စည်းစိမ်တွေအားလုံးက လက်နက်အခြေပြုစစ်အာဏာပဲ ရှင်းတယ်။ နိုင်ငံရေးသမားတစ်ယောက်အနေနဲ့
ခင်ဗျား အဲ့ဒါမကြိုက်ရင် ဆန့်ကျင် တော်လှန် ဖြတ်ချဖယ်ရှားဖို့လုပ်ရုံပဲ။ ဘာမှ သွားပြီး
စကားနာထိုးနေစရာ မလိုတမာပြောနေစရာမလိုဘူး။ အရပ်တကာလှည့် အတင်းအဖျင်း ပြောသလို ပြောနေစရာကို
မလိုတာ။ လူတွေက သိတယ်။ ပြည်သူက သိတယ်။ သိတာမှ ခင်ဗျားထက်တောင်သိသေး တချို့နေရာတွေမှာ။
ခင်ဗျားလောက်သာ
စာတတ်ချင်မှ တတ်လိမ့်မယ် ခင်ဗျားလောက်သာ စကားပြောတတ်ချင်မှပြောတတ်လိမ့်မယ်။
ခုရွှေပြည်ကြီးမှာ
သမ္မတဖြစ်ချင်သူကတစ်ယောက်၊ သမ္မတထက်ကြီးတာရှိရင်တောင်ဖြစ်ချင်တာက တစ်ယောက်၊ နောက်သက်တမ်းတခု
သမ္မတထပ်လုပ်ဦးမယ်မလုပ်ဘူး မတင်မကျလုပ်ထားတာက တစ်ယောက်။ အဲ့ ၃ ယောက်လုံးကြည့် လက်ရှိသမ္မတရွေးချယ်တဲ့စနစ်နဲ့စပ်လို့
ဘယ်တယောက်မှ ကိုယ့်အမြင်ကိုယ် ရဲရဲမဟကြဘူး။ လက်ရှိသမ္မတရွေးတဲ့စနစ်ရဲ့အပြစ်အနာအဆာနဲ့
အာဏာလက်ဦးမှုယူ ကြိုတင် ကြံစည်ကွက်ဖြစ်ကြောင်း စစ်ဗိုလ်ဟောင်းတွေမပြောဘူး။ မပြောတာလည်း
သဘာဝကျတာပဲ။ သူတို့ဆင်တဲ့အကွက် သူတို့ချိုးထားတဲ့ ဖဲပဲ။ သူတို့ပြန်ဖျက်ရင် သူတို့တစုလုံး
တစုံလုံးအကျိုးစီးပွားပျက်မှာပဲ။ တစုံလုံးဆိုတာ တစ်ယောက်ချင်းစီရဲ့ကိုယ်ကျိုးစီးပွားအခြေခံပေါ်မှာ
တည်ထားတာပဲ။ ဒေါ်စု ပြတ်ပြတ်သားသား ထောက်မပြတာတော့ ဘဝင်မကျဘူး။ မိမိသမ္မတ ဖြစ်ဖြစ်/မဖြစ်ဖြစ်
ခုကျင့်သုံးနေတဲ့ သမ္မတရွေးတဲ့စနစ်ကြီးက နိုင်ငံရေးအသာစီးယူလုပ်ကြံမှုကြီးဆိုတာ ဖွင့်ကိုဖွင့်ချပြရမယ်တွေးတယ်။
ခုနေ
ဒေါ်စုက လက်ရှိသုံးနေတဲ့သမ္မတရွေးတဲ့စနစ်ဖျက်ပြီး လူထုကတိုက်ရိုက်ရွေးတဲ့စနစ်ကျင့်သုံးဖို့
စပြီးထောက်ပြမယ်ဆိုရင် စစ်အုပ်စုဘက်ကသာ ဘာသံထွက်မယ်မပြောတတ်သေးတာ နိုင်ငံရေးအင်အားစုတွေကြား
လူထုအကြား နိုင်ငံတကာအကြား အကောင်းဘက်ကလှုပ်ခတ်မှုတွေ ဖြစ်လာနိုင်တယ်လို့တွေးမိတယ်။ ဖွဲ့စည်းပုံထဲကပြင်ရမယ့်
ပြင်သင့်တဲ့အအချက်အလက်တွေထဲ ထည့်ထားတာလည်း ထည့်ထားပေါ့။ တိုက်ရိုက်နဲ့အတိအလင်း နိုင်ငံရေးအရပြောတာလည်းပြောပေါ့။
နှစ်လမ်းပေါ့။
ဒေါ်စုကို
ဘာလို့ သမ္မတတိုက်ရိုက်ရွေးတဲ့စနစ်အကြောင်းပြောစေ့ချင်တာလဲဆိုတော့ လက်ရှိစနစ်အတိုင်းသာသွား
၄၃၆ မကလို့ (၅၉-စ) မကလို့ ၂ဝဝ၈ ဖွဲ့စည်းပုံကြီး တစ်အုပ်လုံးပြင်ပြင် သမ္မတရွေးတဲ့စနစ်ကလေးတစ်ခုပဲကွက်ချန်ထား
ဒေါ်စုဘယ်တော့မှ တိုင်းပြည့်သမ္မတမဖြစ်ဘူးလို့ ယုံလို့ပဲ။ ခုသွားနေတဲ့ သမ္မတစနစ်က ဟိုးပါလီမန်ခေတ်တုန်းက
ဒေါက်တာဘဦးတို့၊ စဝ်ရွှေသိုက်တို့၊ မန်းဝင်းမောင်တို့လို နိုင်တော်အကြီးအကဲဆိုပြီး
ဧည့်ခံသမ္မတ ပွဲတက်သမ္မတ ရုပ်ပြသမ္မတသက်သက်မျှ မဟုတ်လို့ပဲ။
(အပိုင်စားတွေ များတဲ့မြေ)
ဖြောင့်ဖြောင့်ကြီးပိုင်စိုးရာလွှတ်တော်က မြန်မာနိုင်ငံနဲ့သင့်လျော်မည့်
ရွေးကောက်ပွဲစနစ်ဖြစ်ပေါ်နိုင်ရေးအတွက်
ပြည်သူ့လွှတ်တော်က ကော်မတီ ကော်မရှင်ဖွဲ့မယ်ဆိုပဲ။
အဲ့ဒီကော်မတီ ကော်မရှင်က လာမည့်လွှတ်တော်ရွေးကောက်ပွဲတွေမှာ
ဘယ်လိုပီအာရ်စနစ်မျိုးကိုကျင့်သုံးရင်ကောင်းမလဲဆိုတာကို ဆွေးနွေးအကြံပြုတင်ပြပြီး လွှတ်တော်အဆုံးအဖြတ်အတိုင်းသွားရမယ်ဆိုတဲ့သဘောပဲ။
အဲ့ဒီ ဖွဲ့လာမယ့် ကော်မတီ၊ ကော်မရှင်မှာ ဒေါ်အောင်ဆန်းစုကြည်ပါ ဝင်ပါပေးပါဆို ဒေါ်စုဘယ်လိုဆုံးဖြတ်မလဲ။ ယုံတော်မူသမ္မတကြီးနဲ့တုန်းက လက်ပန်းတောင်းစုံ/ကော်မှာ နှာခေါင်းကျည်ပွေ့တည့်တည့်တွေ့ဖူးပြီ။ ဒါတောင် ဖြောင့်ဖြောင့်ကြီးမှာ ယုံတော်မူကြီးလို(တရားဝင်အနေနဲ့)အကြံပေးတွေ၊ အခါတော်ပေးတွေ၊ ပုဏ္ဏားဖြူ ပုဏ္ဏားညိုတွေထားတာမဟုတ်ဘူး။
တခေါင်းတည်းနဲ့ ကြိတ်နေတယ်ဆိုတဲ့အပေါက် ချိုးထားတာ။
ခုပဲကြည့် ပီအာရ်ကိစ္စ လွှတ်တော်မှာကစားသွားတာ အတိုက်ခံတဲ့အမတ်မင်းတွေ
ကိုယ့်ဘာသာ ဘာထောက်ခံလို့ထောက်ခံမိမှန်း ဘာကန့်ကွက်လို့ကန့်ကွက်မိမှန်း မသိတွေဖြစ်ကုန်တယ်..မျက်စိသူငယ်နားသူငယ်နဲ့။
ဒေါ်စုမေးလို့ ပြန်ဖြေတော့လည်း ဝေ့လည်ဝေ့လည်နဲ့ တိုင်ပတ်ပြလိုက်တယ်။
ဟိုလိုလိုဒီလိုလိုနဲ့ကိစ္စပြတ်သွားတယ်။
၆၂ ခုကတည်း လက်နက်နဲ့အာဏာယူပြီး ဆွေစဉ်မျိုးဆက်ကြီးပွားရေးအတွက် လက်တစ်လုံးခြားနိုင်ငံရေး လုပ်စားလာတာအံခွနေပြီ။ မျိုးဆက်အလိုက် နိုင်ငံရေးကလိန်ခြုံနည်းတွေ လက်ဆင့်ကမ်းရင်းဆင့်ပွားရင်း
နည်းနာသစ်တွေထိုးထွင်းကြံဆရင်း ခုဆို စစ်အာဏာရှင်ကြီးတွေကနေ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကျေးဇူးတော်ရှင်ကြီးတွေလိုတောင် အမှတ်တွေရလို့၊ အမှတ်ပေးသူပေးလို့။
ကျနော်ကတော့ အဲ့ဒီဖွဲ့လာမယ့် ကော်မရှင်တို့ကော်မတီတွေကိုကိုင်ပြီး တင်အေးကြီးစိုးရာရွေးကောက်ပွဲကော်မရှင်နဲ့ ရွှေမန်းစားကျက်လွှတ်တော်တို့
ပုဒ်မ(၄၃၆)လည်းမပြင်ရအောင် ပီအာရ်လည်းအံကျဝင်သွားအောင် ဘယ်ပုံဘယ်နည်း အပေးအယူရှိရှိ၊ ခြေလှမ်းရှိရှိ၊ အစီအစဉ်ရှိရှိ ထပ်ကစားပြမလဲကိုတွေးနေတယ်။
ဘာလို့လဲဆိုတော့ကာ ရွေးကောက်ပွဲစနစ်ကိုပြင်မယ်ဆိုရင်
အမျိုးသားလွှတ်တော်ဖွဲ့စည်းခြင်းနဲ့ဆိုင်တဲ့ ပုဒ်မ ၁၄၁ကို အရင်ပြင်မှ ရွေးကောက်ပွဲစနစ်ကို ပြောင်းလို့ရမှာကိုး။
ပုဒ်မ ၁၄၁ ပြင်ဖို့ကလည်း ထင်သာထင်မဝင်ဘူး..ဒကာ ဆိုတဲ့အပေါက်ပဲ။
ဘာ့ကြောင့်ဆို ပုဒ်မ ၁၄၁ က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းပုဒ်မ ၄၃၆(က)ထဲမှာ သွားပါနေပြန်တယ်။ ဆိုတော့ ရွေးကောက်ပွဲစနစ်ကိုပြင်ချင်ရင်
ပုဒ်မ ၁၄၁ ကို အရင်ပြင်ရမယ်။ ပုဒ်မ ၁၄၁ က ခြေဥပြင်ဆင်ခြင်း ပုဒ်မ၄၃၆(က)ထဲမှာပါနေတယ်။ ၄၃၆(က) ပြင်ဖို့ဆို
ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂ဝ ရာခိုင်နှုန်းက ပြင်လိုတဲ့ဥပဒေမူကြမ်းကို လွှတ်တော်မှာတင်ပြ၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဖို့သဘောတူ၊ ပြီးရင် ပြည်လုံးကျွတ်မဲဆန္ဒခံယူပွဲကြီးလုပ်၊ ဆန္ဒခံယူပွဲကြီးမှာ မဲပေးပိုင်ခွင့်ရှိသူ(မဲလာပေးသူမဟုတ်ဘူးနော်) အားလုံးရဲ့ထက်ဝက်ကျော်ထောက်ခံဆန္ဒမဲရမှပြင်ရမှာဆိုတော့ကာ
တင်အေး၊ ရွှေမန်းတို့ ဘယ်လို နားလှည့်ပါးရိုက်လေမလဲ။
စစ်အမတ်တွေအတွက်ကတော့ ဘာမှ ပူနေစရာမလိုဘူး။ ဗိုလ်မင်းအောင်လှိုင်နဲ့လက်ဝါးရိုက်လိုက် ပွဲပြတ်တာပါပဲ။
ရှစ်ပူး-ငြိမ်း/ပွင့်တွေတော့ ခုတလော ခြေလည်းငြိမ် အသံလည်းထိမ်လှတယ်။

0 comments:
Post a Comment