Thursday, July 31, 2014

ဗမာကိုဗမာလိုပြန်ရတဲ့ မူကြိုကျောင်းကလေး(မျိုးမြင့်ချို)

0 comments

ဗမာကိုဗမာလိုပြန်ရတဲ့ မူကြိုကျောင်းကလေး(မျိုးမြင့်ချို)
ကျနော် အချိန်ပိုင်းစကားပြန်နဲ့ဘာသာပြန်လုပ်နေတဲ့ မူကြိုကျောင်းလေး (အင်္ဂလိပ်လိုအတိုကောက် CANI အရှည်က Head Start - Community Action of Northeast Indiana) က အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့၊ East Paulding လမ်းနဲ့ Hassen Cassel လမ်းထောင့်မှာရှိတဲ့ Saint Henry Church ဝင်းထဲမှာရှိပါတယ်။ ၃ နှစ်ကနေ ၅ နှစ်အရွယ် ကလေးငယ် ၈ဝ လောက်ရှိပြီး ဗမာပြည်သားမိဘများကမွေးတဲ့ကလေးက သုံးဆယ်ကျော် လေးဆယ်နီးပါးရှိပါတယ်။ ဆရာ/ဆရာမတွေနဲ့ကျောင်းအမှုထမ်းတွေထဲမှာ ဗမာပြည်သားဆိုလို့ ဆရာမတဦးနဲ့ ကျနော် ၂ ယောက်ပဲရှိပြီး ကျန်တာတွေက အမေရိကန်(အဖြူ/အမည်း)တွေချည်းပါပဲ။ ဆရာမကစာသင် ကျနော်က ကျောင်းအုပ်၊ မိသားစုအကျိုးတော်ဆောင်အပါအဝင် ဆရာ/ဆရာမတွေနဲ့ ကလေးမိဘတွေအိမ်ကို ပုံမှန် Home Visits သွားရတာ၊ ကျောင်းအပ်လက်ခံပေးရတာ၊ မိဘဆရာအစည်းအဝေးတွေ၊ မိဘများချည်းသက်သက်အစည်းအဝေးတွေ၊ တခြား ဟိုဌာနဒီဌာနက ကျောင်းကိုလာ ဟောပြောပို့ချတာမျိုးတွေမှာ စကားပြန်လုပ်ရ၊ ကျောင်းနဲ့ဆိုင်တဲ့စာရွက်စာတမ်းတွေ ဘာသာပြန်ရတာပါ။

ကျောင်းက အခမဲ့ပညာသင်ပေးရုံတင်မကပါဘူး ကလေးတွေအတွက် မနက်စာ၊ နေ့လည်စာ အစားအသောက်ဖျော်ရည် အသီးအနှံနဲ့ မုန့်ပဲသွားရည်စာပါ အလကားကျွေးပါတယ်။ တိရိစ္ဆာန်ရုံ၊ ဖရုံသီးခင်း၊ ကလေးကစားကွင်း၊ ပန်းခြံကြီးတွေနဲ့ ကျောင်းပြင်ပလေ့လာရေး ခရီးတွေလည်း တပြားမှ ပေးစရာမလိုပါဘူး။ တခုပါပဲ ကျောင်းပညာသင်နှစ်တနှစ်မှာ မိဘများဘက်က စေတနာ့ဝန်ထမ်းလုပ်အားပေး နာရီပေါင်း ၅ဝ တော့လုပ်ပေးရပါတယ်။ အဲ့ဒီ နာရီပေါင်း ၅ဝ ဆယ်ထဲမှာ မိဘဆရာအစည်းအဝေး၊ မိဘများအစည်းအဝေးတက်ချိန်တွေ၊ ကျောင်းပြင်ပလေ့လာရေးခရီးမှာ မိမိတို့သားသမီးတွေနဲ့အတူလိုက်တာတွေ၊ ကျောင်းကပွဲ၊ ပျော်ပွဲရွှင်ပွဲ၊ ရန်ပုံငွေရှာပွဲတွေမှာ ဝင်ပါတာတွေအပြင် နေ့စဉ် ကလေးကို ကျောင်းပို့ကျောင်းကြိုလုပ်တာတွေပါ အကြုံးဝင်ပါတယ်။ ဆိုတော့ အဲ့ဒီနည်းနဲ့ပဲ အဲ့ဒီလုပ်အားပေးနာရီ ၅ဝ လည်း ပြီးသွားတာပါ။ သတ်သတ်ကြီး ကျောင်းမှာလာပြီး လုပ်အားပေးရတယ်ရယ်လို့ မရှိသလောက်ပါပဲ။
ခုလိုရာသီ စိုက်ချင်ပျိုးချင်တဲ့ မိဘများအတွက်လည်း ကျောင်းခြံဝင်းထဲက ၂ ဧကနီးပါးရှိတဲ့ကွက်လပ်ကြီးထဲမှာ သစ်သားဘောင်ကြီးတွေချ မြေဆွေးတွေထည့် ကိုယ့်မျိုးစေ့ ကိုယ့်အပင်ပေါက်ကိုယ်ယူလာပြီး စိုက်၊ စိုက်လို့ရသမျှ ကိုယ်ရကိုယ်ယူပါ။ ကျောင်းကို ဘယ်ရွေ့ဘယ်မျှပေးရမယ်လို့ မသတ်မှတ်ထားတဲ့အပြင် အပင်တွေလောင်းဖို့ရေပါ ဖြည့်ဆည်းပေးပါသေးတယ်။ တချို့ကတော့
ထွတ်တဲ့သီးနှံလေးတွေလှူ ပိုက်ဆံလေးဘာလေးထည့်ဝင်တာရှိပါတယ်။
မထည့်လို့လည်း ဘာမှမဖြစ်ပါဘူး။ အဓမ္မအလှူခံတာလည်း မရှိပါဘူး။

ကျောင်းလေးက ကျနော့်အိမ်ကဆို ကားနဲ့ ၃ မိနစ်လောက်မောင်းရပြီး လျှပ်စစ်ဘီးတပ်ကုလားထိုင်နဲ့ကြတော့ မိနစ် ၄ဝ လောက်ကြာပါတယ်။ လမ်းလျှောက်ဖို့တော့ သိတ်မလွယ်လှပါဘူး။ ဂျိုင်းထောက်နဲ့ကြတော့ ခရီးမတွင်တဲ့အပြင် ဂျိုင်းကနာသေးတာကိုး။ ဒါ့အပြင် တလမ်းတဝက် ကျော်ကျော်က လမ်းဘေးလူလျှောက်ပေ့ဗ်မင်န့်လည်းမရှိတော့ ကားလမ်းပေါ်တက်လျှောက်တဲ့အခါ (အန္တရာယ်မရှိမှန်းသိလည်း)နောက်မှာ ကားရှိနေတဲ့အခါ၊ ကိုယ့်ကိုကျော်တက်သွားတဲ့အခါ အသည်းတော့အေးတာပါပဲ။ လမ်းကလည်း အသွားအပြန်နှစ်စီးစာမောင်းတဲ့ မြို့ပတ်လမ်းလေးကိုး။ မြို့ပြင်ဘက်ဆိုတော့ လယ်သမားယာသမားတွေပဲ အနေများတာမဟုတ်လား။ လယ်ယာသုံးစက်ကြီး/စက်ကလေးတွေနဲ့လည်း လမ်းပေါ်မှာ မကြာမကြာတွေ့ရပါတယ်။ နောက်ပြီး ကျန်းမာရေးအတွက် လမ်းလျှောက်၊ စက်ဘီးနင်း၊ မြင်းစီးသူတွေလည်းရှိနေတတ်ပါတယ်။ ကျနော့်အိမ်နဲ့နောက်ဘက် ဓါးလွယ်ခုတ်မှာတင် မြင်းနဲ့ မြင်းပုလေးတွေမွေးတဲ့ခြံ ၂ ခြံရှိပါတယ်။ တချို့နေရာတွေမှာ ကားတစီးနဲ့တစီး ကျော်တက်လို့မရဘူးလေ။ အဲ့လိုနေရာမျိုးများလည်းအရောက်၊ နောက်က ကားကလည်းရှိ ရှေ့ကားကလည်းလာနေဆို၊ နောက်ကားက ကျနော်လျှောက်နေတာကို စိတ်ရှည်လက်ရှည်နဲ့စောင့်ပေးရပ်ပေးပြီး ရှေ့ကားလွန်မှ ကျနော်ကိုကွင်းပြီးမောင်းရတာပါ။ သူတို့ကိုလည်း စိတ်ထဲအားနာမိတယ်။ ဒီမှာက အချိန်သည်ငွေဆိုတဲ့အတိုင်း လူတိုင်းအချိန်နဲ့အမျှ စားသုတ်သုတ် သွားသုတ်သုတ်တွေကိုး။ အပန်းဖြေအနားယူချိန်ကလွဲလို့ ဘယ်သူ့ကြည့်လိုက်ကြည့်လိုက် အချိန်တိုင်းလိုလို မပြေးရုံတမယ် သုတ်ခြေတင်နေရတာမဟုတ်လား။

ခုလို နွေနဲ့နွေဦးပေါက် အလုပ်ရှိတဲ့ရက်တွေမှာ ဘီးတပ်ကုလားထိုင်နဲ့ အသွားအပြန်လုပ်လို့ရပေမယ့် ဆောင်းတွင်းကြတော့ အေးလွန်းတာကတကြောင်း၊ နှင်းတွေ ရေခဲတွေထူတာကတကြောင်းဆိုတော့ ဘီးတပ်ကုလားထိုင်လည်း အလုပ်မဖြစ်ပြန်ဘူး။ ဒါဆို ဇနီးက သူ့အလုပ်သွားရင်း ကျနော့်ကို ကျောင်ဝင်ပို့ပေး၊ အလုပ်ပြီးရင် ကျောင်းက တယောက်ယောက်က အပြန်ပို့ ပို့ပေးကြပါတယ်။ ဂျိုင်းထောက်နဲ့ဖြစ်ဖြစ် ဘီးတပ်ကုလားထိုင်နဲ့ဖြစ်ဖြစ် သွားတဲ့အခါလမ်းမှာတွေ့သမျှလူ တွေ့သမျှကားတွေက ဟိုင်း..ဟဲလို ဘာညာနဲ့နှုတ်ဆက်ကြတာလည်း စိတ်ကြည်နူးချမ်းမြေ့စရာပါ။ တချို့ကားတွေ၊ လူတွေဆို တကူးတကန့်ရပ်ပြီးတောင် ဘာကူညီရမလဲ၊ အဆင်ပြေရဲ့လား၊ အိမ်လိုက်ပို့ပေးရမလား စတာမျိုးတွေမေးမြန်းတဲ့အခါ ဝမ်းသာလို့မျက်ရည်လည်မိတဲ့အထိပါပဲ။

တခါကဆို ဟာလေးဒေးဗစ်ဆင်မော်တော်ဆိုင်ကယ်လ်ကြီးနဲ့ လူထွားကြီးတယောက် ကျနော့်ကိုကျော်တက်မောင်းသွားပြီး သမင်လည်ပြန် တချက်ကြည့်တယ်။ ခနနေတော့ ထရပ်ကားလေးနဲ့ ကျနော့်နောက်ကပတ်ပြီး ပြန်ရောက်လာတယ်။ ဟွန်းတီးကားရပ်ပြီး ဆင်းလာတယ် ပြုံးပြုံး-ပြုံးပြုံးနဲ့။ လာ..ငါ့ကားပေါ်တက် ရှေ့ခန်းမှာထိုင်၊ မင်း ဘီးတပ်ကုလားထိုင်က နောက်မှာတင်လို့ရတယ်၊ ငါ့ကားက ပစ္စည်းအတင်အချ ဟိုက်ဒရောလစ်အပေါ့စားဆင်ထားတာဆိုပြီး ပြောလည်းပြော ကျနော့်လည်း လက်မောင်းကနေဖေးကိုင်ပြီး ထခိုင်းတယ်။ ကျနော်က နေပါ့စေ ငါ့အိမ်က နောက် ၁၅ မိနစ်လောက်ဆို ရောက်ပါပြီ၊ ကျေးဇူးတင်ပါတယ်ဆိုတာတောင် ၁၅ မိနစ်လည်း မိနစ်ပေါ့ကွာ၊ လာပါ တက်ပါ၊ ငါ မင်းအိမ်လိုက်ပို့ပေးပါရစေဆိုတာနဲ့ ကျနော်လည်း အဲ့နေ့က သူ့ကားနဲ့ အိမ်ပြန်ရောက်တယ်။ အိမ်ရောက်တော့ ကျနော့်စိုက်ခင်းလေးတွေနဲ့ ကြက်ကလေးတွေမြင်ပြီး သြော်..မင်းက စိုက်ပျိုးရေးမွေးမြူရေးလည်းလုပ်သကိုး၊ ကောင်းကွာ ငါလည်းလယ်သမားပဲကွဆိုပြီး ခြံထဲတပတ်လှည့်ကြည့်ရင်း စကားလေးဘာလေး ပြောဖြစ်သွားကြတယ်။ ကျနော့်အကြောင်းနားထောင်ရင်း တချို့နေရာတွေမှာ စုပ်သပ်လိုက် တချို့နေရာတွေမှာ မျက်ခုံးပင့်လိုက် မျက်မှောက်ကြုပ်လိုက် ပါးစပ်အဟောင်းသားဖြစ်လိုက်နဲ့ နောက်ဆုံး မင်းတို့အစိုးရတော်တော်ဆိုးတဲ့ အစိုးရပဲလို့ မှတ်ချက်ပေးပြီးပြန်သွားတယ်။ နောက်ပိုင်းလည်း တခါတလေ သူ လမ်းကြုံတဲ့အခါဝင်၊ ပြောင်းဖူးတွေချိုးလာတဲ့ချိုးလာ၊ မုန်လာဥတွေနှုတ်လာတဲ့အခါနှုတ်လာ၊ ဖရဲသီးတွေခူးလာတဲ့အခါ ခူးခူးလာတယ်။ သူလာတိုင်း ကျနော်ကလည်း စိုးဝင်းလက်ဘက်ခြောက်နဲ့ အကျအနနှပ်ထားတဲ့ လဘက်ဘက်ရည်ပေါ့ကျလေး ဖျော်ဖျော်တိုက်တယ်၊ သူလည်း နှစ်နှစ်ခြိုက်ခြိုက်ကိုသောက်တာပါ။ တစ်ခေါက်များ ညီမအိမ်ကပေးလိုက်တဲ့ ဘိန်းမုန့်ထုတ်ကျွေးတော့ စားပြီးသဘောတွေကြလို့ လုပ်နည်းတောင်မေးသေးတယ်။ တဖြည်းဖြည်းနဲ့ တယောက်နဲ့တယောက် မိတ်ဟောင်းဆွေဟောင်းတွေလို ပိုပိုပြီး ခင်ခင်မင်မင်ရင်းရင်းချာချာ ရှိလာပါတယ်။ မြေဆွေးတို့ဘာတို့ သယ်စရာရှိရင်ပြော ငါ့ကားနဲ့လာတိုက်ပေးမယ်လို့လည်း ခနခနပြောပါတယ်။

ကျောင်းလေးမှာလုပ်ရတာ သွားရေးလာရေး အဆင်ပြေသလို ကျောင်းအုပ်၊ မိသားစုရေးရာအကျိုးတောင်ဆောင်နဲ့ ဆရာ/ဆရာမတွေ အားလုံး သဘောကောင်းပြီး စိတ်လည်းရှည်ကြတဲ့အပြင် ကျနော့်အခြေအနေကို နားလည်သဘောပေါက်ကြတာမို့လုပ်ရကိုင်ရတာလည်း ပျော်စရာပါ။ ချင်း၊ မွန်၊ ကရင်နဲ့ မြန်မာမွတ်စလင်မ် မတထောင်သား ကလေးဘုစုခရုတွေကြား ဗျာများတဲ့အခါ များ၊ (တခါတခါ)ဗမာစကားကို ဗမာကနေဗမာလိုဘာသာပြန်ရတဲ့မိဘများနဲ့ ငိုအားထက်ရီအားသန်ဒုက္ခလေးတွေကတော့ ရှိတာပေါ့လေ။ ဗမာပြည်သားတွေဆိုပေမယ့် မြို့ကြီးပြကြီးက ပညာတတ်တွေမဟုတ်ကြပဲ ပြည်တွင်းစစ်ဒဏ်ခါးစည်းခံပြီး စာသင်ကျောင်းမရှိ ဆေးရုံမရှိ ဘာဆိုဘာမှမရှိတဲ့ မသေရုံတမယ်အသက်ဆက်ရပြီး ချို့တဲ့နွမ်းပါးပညာသင်ခွင့်မရခဲ့ကြတဲ့ ဝေးလံခေါင်းပါးတောတောင်တွေကြားကနေ
ရောက်လာကြသူက အများစုမဟုတ်လား။ တချို့ ဗမာစာ ဗမာစကား အင်္ဂလိပ်စကားမပြောနဲ့ သူတို့မိခင်စကားကပဲ ပြောတတ်ကြတာလေ။ ဒါနဲ့ ကျနော်က ဇနီးသည်ကို  ငါ့ဟာက အင်္ဂလိပ်-မြန်မာ စကားပြန်နဲ့ဘာသာပြန်တင်မဟုတ်ဘူး မြန်မာကနေမြန်မာလိုလည်းပြန်ရတဲ့ စကားပြန်လည်း ဖြစ်နေတာကိုးဟလို့ပြောပြတော့ အေးလေ..သူတို့မှ ဗမာလိုမတတ်တာ၊ နင်မပြန်လို့ ဘယ်သူပြန်မလဲ၊ နင့်ကျောင်းကို လုပ်ခ နှစ်ဆတောင်းပေါ့ဟလို့ နောက်တယ်။

ဘာပဲဖြစ်ဖြစ်ပါ ကျနော့်အလုပ်တွေထဲကတခုဖြစ်တဲ့ ဒီအလုပ်ကိုလည်း ကျနော်နှစ်ခြိုက်ကြည်နူးမိပါတယ်။ တနာရီလုပ်ခက ထောင်တို့ ဆေးရုံတို့ ပုဂ္ဂလိကကုမ္ပဏီမှာတို့ရတာနဲ့ယှဉ်ရင် အတော့်ကိုနည်းပေမယ့် စိတ်ချမ်းသာပီတိဖြစ်တာမို့ လုပ်နိုင်သလောက်တော့ ဒီကျောင်းလေးမှာ ဖင်မြဲမြဲနဲ့ဆက်လုပ်သွားမယ်လို့ စိတ်ကူးနေတာပါပဲ။

ပုံထဲကဖိတ်စာလေးကတော့ လာမယ့် သြဂုတ်လ ၂၈ ရက် ကြသပတေးနေ့ ညနေ ၅ နာရီကနေ ၇ နာရီအထိ ကျောင်းလေးမှာ ဆရာ/ဆရာမတွေနဲ့ မိဘတွေ၊ ကွန်မြူနတီတွေကလူတွေ၊ အေဂျင်စီတွေကပုဂ္ဂိုလ်တွေ တွေ့ကြဆုံကြနှုတ်ဆက်ကြ
မိတ်ဆက်ကြမယ့်ပွဲလေးအတွက်ဖိတ်တာပါ။ အဲ့ဒီမှာ မိဘတွေအတွက် ကွန်မြူနတီတွေအတွက် ကလေးတွေရဲ့ပညာရေး၊ မိဘများအတွက် မိသားစုအထောက်အကူတွေ ဘယ်နေရာ ဘယ်ဌာနမှာ ဘယ်လိုပံ့ပိုးကူညီနေတယ် ဘယ်ပုံရယူနိုင်တယ်ဆိုတာ ရှင်းပြပြောပြပေးမှာ ဖြစ်ပါတယ်။

ကဲဗျာ ဖို့ဝိန်းက ကျောင်းလေးရဲ့အပိုင်စားနယ်မြေမှာနောကတဲ့ ၃ နှစ်နဲ့ ၅ နှစ်ကြားကလေးငယ်ရှိတဲ့မိဘများကို တလက်စတည်း ဖိတ်လိုက်ပါတယ်။ လာနိုင်ရင်လာကြပါဦး။ ကျနော်လည်း အဲ့နေ့ကျ စကားပြန်လာလုပ်ရမှာပါ။ တွေ့ကြတာပေါ့လေ။
မျိုးမြင့်ချို (၂ဝ၁၄ ဇူလိုင်)

0 comments:

Post a Comment