Tuesday, July 15, 2014

မှုန်ဝါးသော အဝေးမြင်ပုံကားချပ်များ(ဒဂုန်တာရာ)

0 comments
မှုန်ဝါးသော အဝေးမြင်ပုံကားချပ်များ(ဒဂုန်တာရာ) 
(က)ကျွန်တော်သည် မိမိဖြတ်သန်းလာခဲ့သော သမိုင်းခေတ်ပုံကားချပ်များကို ဟိုတစ်ကွက် သည်တစ်ကွက် ခြယ်ရေးဖွဲ့ရာတွင် နိုင်ငံရေးနှင့် စာပေနယ်နိမိတ် မျဉ်းကြောင်းပေါ်တွင်ရောက်နေ သည်ဟု ဖော်ပြခဲ့သည်။ တကယ်ကတော့ နိုင်ငံရေး နယ်ပယ်ထဲသို့ စိတ်မထိန်းနိုင်၍ စိတ်လှုပ်ရှားမှုဒဏ် မခံနိုင်၍ ဖိတ်စင်ကျသွားခြင်းဖြစ်နိုင်သည်။
တကယ်ကတော့လည်း စာပေနယ်ထဲ၌သာကျောက် စူးချမိသွားခဲ့သည်သာ အမှန်ပင်။ (၁၉၃၈-၃၉) ခုနှစ်တွင် ကျွန်တော် တက္ကသိုလ်သို့ ရောက်လာသည်။ ကျွန်တော့်အသိုင်းအဝိုင်းက ရောနေသည်။ တစ်ဘက်က စာပေအသိုင်းအဝိုင်း၊ တစ်ဘက်က သမဂ္ဂအသိုင်းအဝိုင်း၊ ဂီတ အသိုင်းအဝိုင်းကလည်း ရှိသေးသည်။ နယ်မြေနှစ်ခု ကူးလိုက်သန်းလိုက်လား မသိ။ ကိုဗဟိန်း၊ ကိုလှရွှေတို့ဆွဲဆောင်မှုကြောင့် တက္ကသိုလ်သမဂ္ဂ အမှုဆောင်အဖွဲ့ဝင်၊ အိုးဝေမဂ္ဂဇင်းအယ်ဒီတာ ဖြစ်သွားခဲ့ရသည်။
ထိုခေတ်က ကိုလိုနီဆန့်ကျင်ရေး၊ လွတ်လပ်ရေးလှုပ်ရှားမှုခေတ် ဖြစ်သည်။ (၁၉၃၆)ခုနှစ် ကျောင်းသားသပိတ်ကာလတွင် ရန်ကုန် ဂျူဗလီဟော၊ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂညီလာခံသို့ တက်ရောက် ပြီးကတည်းက နိုင်ငံရေးစိတ်ကလေး မသိမသာဝင်နေဟန် ရှိသည်။
သို့သော် ကျွန်တော် လက်ငင်းထက်သန်နေသည်က ကဗျာ၊ စာပေဖြစ်နေသည်။ ကျောင်းသားအရွယ်ဖြစ်၍ မည်သည့်ဗီဇက လွှမ်းမိုးခဲ့သည်ကို ကိုယ့်ကိုယ်ကို မသိခဲ့။ သမဂ္ဂထဲရောက်သွားသောအခါ ကျွန်တော်က သမဂ္ဂကိုစာပေဆန်စေချင်သည်။ ယဉ်ကျေးမှုဆန်စေချင်သည်။ ထိုအခါ ကျွန်တော်က သမဂ္ဂနှင့်ပတ်သက်သောအဆိုများတင်သည်။ ကိုယ့်ဘက်ကိုယ်ဆွဲသည်ပဲပြောပြော၊ သူတို့ကလည်း ကျွန်တော့်အဆိုကို မငြင်းကြ၊ လက်ခံကြသည်ကများသည်။
ထိုနှစ် (၁၉၃၉-၄ဝ)နှစ်က တက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌမှာ ဆေးသိပ္ပံကျောင်းသားကိုလှရွှေ ဖြစ်သည်။ ကျွန်တော့်ကိုပင်မမေးဘဲ သူတို့က သမဂ္ဂအမှုဆောင်အဖြစ် ရွေးချယ်လိုက်ကြသည်။
ကျွန်တော်မသိဘဲ သမဂ္ဂအမှုဆောင်ရွေးကောက်ပွဲ အရွေးခံရန်လျှောက်လွှာကို တင်ထားကြသည်။ နောက်တစ်နေ့လွန်ပြီးမှသိသောအခါ ကျွန်တော့်မှာ အံ့သြပြီး ‘ဟာ မဖြစ်ပါဘူးဗျာ၊ ကျွန်တော်နှင့်မဖြစ်ပါဘူး။ ကျွန်တော်က စာပေသမားပဲ၊ ခင်ဗျားတို့ပြောသလို ကျွန်တော်က အရေးသမား၊ အတွေးသမား၊ အငေးသမားလေဗျာ’ ဟု ပြန်ပြောသောအခါ ‘အေး အဲဒါကြောင့်မို့ ကျွန်တော်တို့က ခင်ဗျားကို လိုချင်တာပေါ့’
ကျွန်တော်လည်း မတတ်နိုင်တော့။ ကျွန်တော်သည် အမှုဆောင်အဖွဲ့ထဲသို့ရောက်သောအခါ ကျွန်တော့် ယဉ်ကျေးမှုစိတ်ကူးကလေးများကို အကောင်အထည်ဖော်ချင်သည်။ ကျွန်တော်က နိုင်ငံရေးနှင့်စာပေအနုပညာကိုပေါင်းစပ်ချင်သည် မဟုတ်ပါလား။
ထိုအခါက အေဝမ်းရုပ်ရှင်မှ မျှားနတ်မောင်ဇာတ်ကားမှာ အင်မတန်ကျော်ကြားလျက်ရှိသည်။ ကျွန်တော်သည် မြို့ထဲရောက်သည့်အခါတိုင်း ကြည့်သည်။ ကျွန်တော် အင်မတန်ကြိုက်သည့်ဇာတ်ကား။ ဒီဇာတ်ကားနှင့်ပတ်သက်၍ တစ်ခုခုလုပ်ချင်သည်။ ‘ရွှေတံဆိပ်ဆုပေးလျှင် မကောင်းဘူးလား’ ဟု အကြံပေးသည်။
သူတို့က ‘ခင်ဗျားကြိုက်တာ လုပ်ပါ’ဟု ခွင့်ပေးကြသည်။ ကျွန်တော်က ရုပ်ရှင်ဇာတ်ကားကိုအကဲဖြတ်ရန် အဖွဲ့ကလေးတစ်ခုဖွဲ့ဖို့ အကြံ ပေးသည်။ ထိုအဖွဲ့ထဲတွင်ပါဝင်ရန် ဆရာဦးခင်ဇော်ကို သွား၍ သတိရလိုက်သည်။ သူတို့ကလည်းသဘောတူကြသည်။ ဆရာဦးခင်ဇော်မှာ ထိုအချိန်က တက္ကသိုလ်စာကြည့်တိုက်မှူးအဖြစ် ဆောင်ရွက်နေသည်။ အင်္ဂလန်မှပညာတော်သင်အဖြစ်ပြန်လာပြီးမကြာမီ ဖြစ်မည် ထင်သည်။
ဦးခင်ဇော်ကို ကျွန်တော် မသိ။ အဝေးမှ မြင်ဖူးနေသည်။ ကျွန်တော်တို့နှင့် အသက်ကလည်း ကွာသည်။ ဆရာဦးခင်ဇော်မှာ ကျွန်တော်တို့ထက် ဆယ်နှစ်ကျော်ကြီးမည်ထင်သည်။ ထိုအခါက ဆယ်နှစ်ကျော်လူကြီးနှင့် လူငယ်များ ရောရောနှောနှောရင်းရင်းနှီးနှီး နေကြဟန်မတူ။ ဆရာဦးခင်ဇော်ကိုမသိသော်လည်း ဆရာဦးခင်ဇော်၏ဇနီးကိုတော့ သိသည်။ ကျွန်တော်တို့အတန်းတွင် အင်္ဂလိပ်စာပြသူမှာ မစ္စစ်ခင်ဇော် ဖြစ်သည်။ သူမက အင်္ဂလိပ်အမျိုးသမီးဖြစ်သည်။

ကျွန်တော်သည် တက္ကသိုလ်စာကြည့်တိုက်သို့သွားကာ ဆရာဦးခင်ဇော်အခန်းထဲ ဝင်သွားသည်။ ကျွန်တော်က အကျိုးအကြောင်း ပြောပြသောအခါ ပျူပျူငှာငှာပင်ဆက်ဆံသည်။

ပထမတော့ မျက်နှာထားက ခပ်တည်တည်ပင်။ ကျွန်တော်တို့မှာ ဆရာနှင့်ကျောင်းသားဆက်ဆံသကဲ့သို့ရှိနေသည် ထင်သည်။ ဦးခင်ဇော်က ဘာမှ သိပ်ပြန်မပြော။ နည်းနည်းပါးပါးမေးကာ ရုပ်ရှင်အကဲဖြတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ပေးမည်ဟု ပြောသည်။ ကျွန်တော်က အတော် ဝမ်းသာသွားသည်။

ကျွန်တော်က ဆရာဦးခင်ဇော်ကို လူချင်းမသိသော်လည်း သူ၏စာများကို သိနေသည်။ ဂန္ထလောကမဂ္ဂဇင်းတွင် ရေးသည်။ စာပေနှင့်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာဆောင်းပါးများ ရေးသည်။ အထူးသဖြင့် တောကျေးလက်အနုပညာအကြောင်းများရေးသည်ကို ကျွန်တော် စိတ်ဝင်စားသည်။ ထို့ကြောင့် ကျွန်တော်က ရုပ်ရှင်အကဲဖြတ်လူကြီးအဖြစ်ရွေးချယ်သောအခါ ဆရာဦးခင်ဇော်ကို သတိရခြင်းဖြစ်ပေသည်။
ကျွန်တော်တို့သည် ထိုနှစ်က ရုပ်ရှင်ဒါရိုက်တာဦးတင်မောင်ကို ရွှေတံဆိပ်ဆုချီးမြှင့်ခဲ့ကြသည်။ အမှန်အားဖြင့် ကျောင်းသားသမဂ္ဂဟူသော ကျောင်းသားအဖွဲ့အစည်းသည် မူလက နိုင်ငံရေးဆောင်ရွက်သောအဖွဲ့အစည်းအဖြစ်တည်ရှိခဲ့သော အဖွဲ့အစည်းမဟုတ်။ အင်္ဂလန် အောက်စ်ဖို့တက္ကသိုလ်၊ ကိန်းဘရစ်တက္ကသိုလ်မှသမဂ္ဂများ၏စံနမူနာကိုယူ၍ စည်းမျဉ်းများချမှတ်ဖွဲ့စည်း၍ တက္ကသိုလ်စတင်ကတည်းက ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်သည်။
ပညာရေးဆိုင်ရာအဖွဲ့အစည်း ဖြစ်သည်။ ပညာရေးဘက်တွင် ကျယ်ပြန့်အောင်၊ ဗဟုသုတတိုးအောင်ဖွဲ့စည်းသော လူမှုရေးအဖွဲ့အစည်း ဖြစ်သည်။ သို့သော် (၁၉၃၆)ခုနှစ် ကျောင်းသားသပိတ်ဖြစ်ပြီးကတည်းက တက္ကသိုလ်သမဂ္ဂမှာ ကိုလိုနီဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး စသည်တို့ကို ရှေ့တန်းမှဆောင်ရွက်သောအဖွဲ့အစည်းအဖြစ် ပြောင်းလဲသွားသည်မှာ အမှန်ပင် ဖြစ်သည်။
ဆရာဦးခင်ဇော်ကို သည်တစ်ခါပဲ တွေ့လိုက်ရဖူးသည်။ နောက်လည်း မတွေ့။ သို့သော် ဆရာဦးခင်ဇော်၏စာများကိုတော့ တွေ့နေရသည်။ ဦးခင်ဇော်သည် အင်္ဂလိပ်ဘာသာဖြင့်သာရေးသူဖြစ်သည်။ မြန်မာလို မရေး။ ထိုခေတ်က ပညာတတ်များထဲတွင် အင်္ဂလိပ်လိုရေးသားသူများ ရှိကြသည်။ အတွေးအခေါ်တစ်ရပ်၊ စိတ်ကူးတစ်ရပ်ကိုဖော်ပြရာတွင် ဘာသာစကားသည်အကြောင်းမဟုတ်၊ မိမိနိုင်နင်းသော ဘာသာစကားဖြင့် ဖော်ပြလျှင်ရသည်ဟု ကျွန်တော်ထင်သည်။ ကျွန်တော်တို့သည်ပင်လျှင် စာရေးသောအခါ တစ်ခါတစ်ရံ အင်္ဂလိပ်စာလုံး အဖြစ်ဖြင့်ပေါ်လာသည်။ ယင်းအင်္ဂလိပ်စကားလုံးကို မြန်မာလိုပြန်၍ပင် သုံးရသည်များရှိသည်။ ထို့ကြောင့် ဘာသာစကားသည် အကြောင်းမဟုတ်ဟု ပြောခြင်းပင်ဖြစ်သည်။
အင်္ဂလိပ်ဘာသာစကားဖြင့်ရေးသားကြသူများထဲတွင် ဦးခင်ဇော်လည်း အပါအဝင်ဖြစ်သည်။ သူ၏ ကလောင်အမည်မှာ K (ကေ) ဟူ၍ အသံထွက်သော အင်္ဂလိပ်အက္ခရာတစ်လုံးလည်းဖြစ်သည်။ နာမည်အတိုကောက်ဖော်ပြထားခြင်းဖြစ်သည်။ ဆရာကေနှင့် ကျွန်တော် သိပ်ထိတွေ့လှသည် မဟုတ်။ စစ်မဖြစ်မီခေတ်ကတော့ အသက်ချင်းလည်းကွာ၊ သိတွေ့စရာအကြောင်းလည်း မရှိ။ စစ်ပြီးသောအခါ ဆရာကေနှင့် သွားတွေ့သည်။ ထိုအခါ (၁၉၄၇)ခုနှစ် ဖြစ်မည်။ နေရာမှာ ရွှေတောင်ကြားထဲရှိ အိမ်ကြီးတစ်အိမ်။ နှစ်ထပ်တိုက်ကြီးကို ‘မြန်မာ့အသံ’ဟူ၍ ဆိုင်းဘုတ်ချိတ်ကာအသံလွှင့်သောဌာန ဖြစ်သည်။
စစ်ပြီးစ အခြေမကျသေးသောကာလဖြစ်၍ ဤတိုက်ကြီးထဲ၌ အသံလွှင့်ဌာနကိုဖွင့်လှစ်ထားခြင်းဖြစ်မည်။ ကျွန်တော်က ကိစ္စနှင့် တက္ကသိုလ်စာကြည့်တိုက်သို့ ကျောင်းသားအဖြစ်အသွား၊ သူနှင့် တွေ့ဆုံဖူးသူဟုမှတ်မိမည်လား မသိ။
တက္ကသိုလ်နေဝင်း အပျော်တမ်း တူရိယာအဖွဲ့တွင် စန္ဒရားတီးသူအဖြစ် သွားခြင်းဖြစ်သည်။ ထိုအခါက ကေသည် အသံလွှင့်ဌာနတွင် အကြီးအကဲဖြစ်သည်။ တက္ကသိုလ်နေဝင်း (ဗိုလ်ထွန်းလှ)မှာ ထိုအခါက ဗိုလ်ချုပ်အောင်ဆန်း၏အပါးတော်မြဲအဖြစ် တာဝန်ထမ်းဆောင် နေသည်။ အသံလွှင့်ကိစ္စများနှင့်ပတ်သက်၍ ဗိုလ်ထွန်းလှက တက်တက်ကြွကြွလုပ်သည်။ ဗိုလ်အောင်ဆန်းစီးသော စတေရှင်ဝက်ဂွန် ကားကြီးဖြင့် ကျွန်တော့်ကိုလာခေါ် ပြန်ပို့နှင့်လုပ်နေသည်။ သူက ဤအလုပ်မျိုးကိုလုပ်တတ်သည်။ ကျွန်တော်တို့ အစမ်း အသံလွှင့် ကြည့်သောအခါ ဆရာကေက လာရောက်နားထောင်သည်။ ကျွန်တော်က နန်းကေသီကို တီးသည်။ အဆိုမှာ ဗိုလ်ထွန်းလှဇနီး ငြိမ်းငြိမ်းနှင့် ဗိုလ်ထွန်းလှတို့ ဖြစ်ကြသည်။ ကျွန်တော်က နန်းကေသီကို အများတီးနေသောအသံစဉ် B ဖလက်ဖြင့် မတီးဘဲ B မိုင်းနားဖြင့် တီးသည်။
ဤသည်ကို ‘အော် ဒါနဲ့ တီးသလား’ ဟု ကေက မေးသည်။ ကျွန်တော်က သည်အသံကိုကြိုက်နေသည်။ ကျွန်တော့်နားထဲတွင်တော့ ခပ်ဝဲဝဲ ဖြစ်နေသည်။ သို့သော် ဤသည်ကိုပင် ကျွန်တော်ကကြိုက်နေသည်။ သည်နောက် ကေနှင့် တစ်ခါမျှ မတွေ့တော့။ သို့သော် (၁၉၅၆) ခုနှစ် မြို့တော်ခန်းမတွင်ပြုလုပ်သော ပန်းချီဆရာမနန်စီဒေးဗစ်၏ပန်းချီပြပွဲအတွက် ဦးခင်ဇော်ရေးသားသော ပန်းချီအကြောင်း အကဲဖြတ်လမ်းညွှန် စာအုပ်ကို ကျွန်တော်က ဘာသာပြန်ပေးသည်။
စာအုပ်ထဲတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ပုံတူပန်းချီကားချပ်အကြောင်း အကဲဖြတ်ထားသည်ကို သဘောကျနေသည်။ ယင်းအကဲဖြတ် စာစုထဲတွင် ‘ပူဇော်သက္ကာရပြုရာ’ဟု သုံးနှုန်းသည်။ ဤပန်းချီကားချပ်ကိုရေးသူ ပန်းချီဆရာမနန်စီနှင့်အတူ ကျွန်တော်သည် ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏အိမ်သွားရာ စကားပြန်အဖြစ်လိုက်သွားဖူးသည်။
ထိုစဉ်က ကျွန်တော်သည် တစ်ပတ်တစ်ခါလား မသိ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းထံ သွားသည်။ နန်စီက ကျွန်တော့်ကိုလာခေါ်သည်။ ပန်းချီကားထဲတွင် ခပ်စောင်းစောင်းထိုင်နေသည့်ရုပ်ပုံရှေ့၌ ဆရာကြီးသုံးနေကျ ကွမ်းအစ်၊ လက်ဖက်ခွက် စသည်များပါသည်။ ဆရာကြီး၏ အမျိုးသားနောက်ခံကားမှာ ထင်ရှားစွာပေါ်နေသည်။ ဆရာကြီး ဝတ်နေကျပင်နီအပေါ်အင်္ကျီ၊ ဆရာကြီး၏ပြုံးလဲ့လဲ့ဟန်ပန် စသည်တို့မှာ ကျွန်တော်ကြိုက်နေသော ရုပ်ပုံလွှာအဖွဲ့အနွဲ့ဖြစ်နေသည်။ ပန်းချီဆရာမသည် ဆီဆေးနှင့်ရေးသော်လည်း တရုတ်ဟန်ရေဆေးဟန်လည်း ပါနေသဖြင့် ကျွန်တော်မှာ ခြယ်မှုန်းမှုဟန်ပန်ကို နှစ်သက်နေခဲ့သည်။ ထို့ကြောင့်ပင် ဆရာကြီး၏ပန်းချီကားချပ်ကိုအကဲဖြတ်စာရေးသော ကေ၏ စာကို စိတ်ဝင်စားစွာဘာသာပြန်ပေးခြင်း ဖြစ်ပေသည်။
(၁၉၅ဝ)ပြည့်နှစ်က ကျွန်တော် မြန်မာ့အသံမှာ စန္ဒရားတီးလုံးသက်သက်ဖြင့် အသံလွှင့်ဖူးသည်။ (၄၅) မိနစ် ဖြစ်မည်။ ထိုအခါက တီးလုံးသက်သက်အသံလွှင့်မှု မရှိသေး။ သို့သော် ညွှန်ကြားရေးမှူး ကေက ခွင့်ပြုလိုက်သည်ဟူ၍ အသံလွှင့်ရုံမှကျွန်တော့်မိတ်ဆွေများက ပြောဆိုသည်ကို ကြားရသည်။ ထိုညက ကေနှင့် ခဏ တွေ့လိုက်ရသည်။ သည့်နောက်တွင်ကား မတွေ့ရတော့ပေ။ ကေ၏ အတ္ထုပ္ပတ္တိ အပိုင်းအစကလေးများကို ဂါးဒီးယန်းမဂ္ဂဇင်းတွင် ဖတ်လိုက်ရသည်။ ကေ၏ စာပေကိုသာ ထိတွေ့နေရသည်။

(ခ)
ထိုခေတ်က အင်္ဂလိပ်ဘာသာဖြင့် ရေးသော စာပေဝေဖန်ရေးဆရာတစ်ဦးမှာ သူကြီးဂေဇက်ဦးခင်မောင်ဖြစ်သည်။ သူကြီးစာစောင်မှာ ထိုအခါက အင်္ဂလိပ်အစိုးရ ပြန်ကြားရေးဝန်ကြီးရုံး၊ ပြန်ကြားရေးဌာနမှထုတ်ဝေသောစာစောင် ဖြစ်သည်။ ကျေးလက်များရှိ သူကြီးများထံသို့ ပို့သော မြန်မာဘာသာဖြင့်ဖော်ပြသောစာစောင်ဖြစ်သည်။ သူကြီးဂေဇက်ဦးခင်မောင်ဟု ခေါ်သည်။ သူ၏ ကလောင်အမည်မှာ ‘တောသား’ ဖြစ်သည်။ ကျွန်တော် သူ၏ဝေဖန်စာများကို ဖတ်ဖူးသည်။ သူကြီးဂေဇက်စာစောင်ကို တချို့က ‘ဟာ သူကြီးတွေဖတ်တာ မဟုတ်ပါဘူးဗျာ၊ သူကြီးကတော်တွေ ဆေးလိပ်အစီခံလုပ်တာပါ’ ဟု ပြောကြသည်။
ယင်းစာစောင်မှာ စာပေဆန်သည်။ ကျွန်တော် သူ၏စာများကိုကြိုက်သည်။ စစ်ဖြစ်ခါနီးကာလက ဖြစ်မည်။ အတွင်းဝန်ရုံး ပြန်ကြားရေး ဌာနတွင်လုပ်နေသောကိုတက်တိုးထံသို့ မောင်မောင် (သမာဓိ)၊ ကိုသန်းထွတ် (တိုက်စိုး)တို့နှင့်အတူ သွားကြသည်။ ကိုတက်တိုးမှာ ဘာသာပြန်ဌာနတွင် အရာရှိအဖြစ်အလုပ်ဝင်ပြီးစဖြစ်သည်။ ဘာသာပြန်ဌာနမှာ ဖွင့်ခါစ ဖြစ်သည်။
ယင်းအစိုးရဘာသာပြန်ဌာနမှထုတ်ဝေသောစာအုပ်များထဲတွင် သခင်ဘသောင်းရေးသော ‘အလိုပြည့်ရေးကျမ်း’၊ ဦးညွန့်၏ ‘ရွှေနှင်းဆီနှင့် ရွှေလက်စွပ်’၊ ‘အန်ဒါဆင် ကလေးပုံပြင်’တို့ကို မှတ်မိသည်။ ‘အလိုပြည့်ရေးကျမ်း’မှာ ဘောဂဗေဒကိုဘာသာပြန်ထားသောစာအုပ် ဖြစ်သည်။ ကျွန်တော်တို့စကားပြောနေစဉ် ကိုတက်တိုးပြ၍ ထင်သည်။ သူကြီးဂေဇက်ဦးခင်မောင်ကို ဖြတ်ခနဲတွေ့လိုက်ရသည်။ ကျွန်တော်တို့နှင့် စကားပြောခွင့် မရ။ လူကြီးနှင့်လူငယ်တို့ ဖြစ်နေသည်။ စာမှတဆင့်သိနေသောဦးခင်မောင်။ သူ့ရုပ်သွင်မှာ အသားလတ်လတ်နှင့် မြန်မာဆန်သောရုပ်ဟု ခံစားမိခဲ့သည်။
ဆရာကေနှင့် သူကြီးဂေဇက်ဦးခင်မောင်တို့မှာ အရာရှိပိုင်းဖြစ်၍ ကျွန်တော်တို့နှင့်မနီးစပ်ဟု ခံစားမိခဲ့သည်။ ကိုတက်တိုးရုံးခန်းသို့သွားလျှင်ပင် ရုံးခန်းအရှိန်အဝါကြောင့်လား မသိ၊ ကျွန်တော်တို့နှင့် ခပ်စိမ်းစိမ်းဖြစ်နေသည်ဟု ခံစားမိခဲ့သည်။ ကိုတက်တိုးကတော့ ကျွန်တော်တို့ထက် အသက်ကြီး၍ အလုပ်အကိုင်ရှိနေသည်။ ကိုတက်တိုးနှင့်ကတော့ ရင်းနှီးခင်မင်သည်။
ကျွန်တော်တို့က ကျောင်းသားဘဝ၊ မောင်မောင်က စကားကျယ်ကျယ်ပြောတတ်သည်။ အော်ကြီးဟစ်ကျယ်နှင့် တဟားဟာ ရယ်မော တတ်သူ၊ ကိုသန်းထွတ်ကလည်း သူထင်ရာစွတ်ပြောတတ်သူ။ ကိုတက်တိုးဧည့်ခံသောလက်ဖက်ရည်ကို သောက်ကြပြီး ကျွန်တော်တို့ သုံးယောက်သား အပြန်တွင်ပြုံးမိကြသည်။
မောင်မောင်က ‘မင်း လူကြီးက ခပ်တည်တည်ကွ’။ ‘မင်းက စကားပြောတာ အော်ကြီးဟစ်ကျယ်ကိုးကွ။ ရုံးခန်းကငြိမ်သက်နေတာ’ ဟု ကျွန်တော်က ပြန်ပြောသည်။
ခန့်ငြားထယ်ဝါသော အနီရောင် ဝိတိုရိယဗိသုကာဆန်ဆန် အတွင်းဝန်ရုံးကြီးမှထွက်လာသောအခါ လွတ်လပ်သည်ဟု ကျွန်တော်တို့ ခံစားမိကြသည်ဟု ထင်နေကြသည်။
ထိုခေတ်အခါက အရာရှိအသိုင်းအဝိုင်းနှင့် သာမန်အရပ်သားတို့သည် နည်းနည်းခြားနားသည်ဟုခံစားမိကြသည်။ ယခုအခါ ကိုတက်တိုးသည် ကျွန်တော့်နေရာ မဲဇာသို့ မကြာခဏလာရောက်လည်ပတ်ပြီး ရှေးဟောင်းနှောင်းဖြစ်များ လာပြောဆိုတတ်သည်။
(၁၉၅ဝ)ပြည့်နှစ်များတွင် မမျှော်လင့်ဘဲ သူကြီးဂေဇက်ဦးခင်မောင်အိမ်သို့ ရောက်သွားခဲ့သည်။ ထိုအခါက ဦးခင်မောင်သည် ဟယ်လ်ပင်လမ်း ရှိ အစိုးရအရာရှိတိုက်တွင် နေသည်။ ထိုအခါက သူသည် ပြန်ကြားရေးဝန်။ သွားသည့်အကြောင်းက ကျွန်တော် (၁၉၄၇) ခုနှစ်က တာရာ မဂ္ဂဇင်းတွင်ရေးသားခဲ့သော ‘ဗဟိန်း (သို့)ကဗျာ’ ရုပ်ပုံလွှာအဖွဲ့အနွဲ့ကို အင်္ဂလိပ်ဘာသာဖြင့်ပြန်ရန် သွားရောက်ပြောဆိုခြင်း ဖြစ်သည်။
တက္ကသိုလ်နှစ်ပတ်လည်မဂ္ဂဇင်းတွင် ယင်းဘာသာပြန်ကိုထည့်သွင်းရန်ဖြစ်သည်။ ကျွန်တော်၏စာကို ဘာသာပြန်ရန်စဉ်းစားသောအခါ သူကြီးဂေဇက်ဦးခင်မောင်ကို သွား၍ အမှတ်ရမိသည်။ ထိုအခါက ကျွန်တော်မှာ သိပ်မငယ်လှတော့ပြီဖြစ်၍ မိတ်ဆက်သွားရောက်ခါ ဘာသာပြန်ရန်တောင်းပန်ရသည်။
ဦးခင်မောင်က လျောလျောရှူရှူပင် ဘာသာပြန်ပေးမည်ဟုပြောခဲ့သည်။ ကျွန်တော်က ကျွန်တော်ထုတ်ဝေသော တာရာမဂ္ဂဇင်းများကို ပေးထားခဲ့သည်။ သူ ချိန်းသောရက်တွင် သွားသောအခါ သူ့ကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရသည်။ ထိုအခါ သူသည် အတော်ရင့်နေသည်ဟု ထင်လိုက်သည်။ ပထမ စတွေ့စကလို မဟုတ်။ ကျန်းမာရေးမကောင်း၍လား မသိ။ ကျွန်တော်နှင့် အတော်ကြာပင် စာအကြောင်းပြောဖြစ် ကြသည်။ တာရာဆိုသည့်အဓိပ္ပါယ်ကိုပင် သူက ဖွင့်ဆိုသည်။
‘တာရာဆိုတာ လှုပ်ရှားနေတဲ့ဂြိုဟ်နက္ခတ် တစ်ခုပဲ။ ရပ်နေတာ မဟုတ်ဘူး။’ မြန်မာစာကိုလည်း ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်တာပဲ ဟု ကျွန်တော် လေးစားသွားရသည်။
‘လက်နှိပ်စက်က မကောင်းလို့ဗျာ။ လက်ရေးပဲ ပေးနိုင်တယ်’ ဟု ‘ဗဟိန်း (သို့) ကဗျာ’ကို ခဲတံနှင့်ရေးထားသော စာမူကြမ်းကိုပေးသည်။ ထိုညနေက ကျွန်တော်နှင့် စာအကြောင်း၊ ပေအကြောင်း အတော်ပြောဖြစ်ကြသည်။ သူကြီးဂေဇက်ဦးခင်မောင်နှင့် ပို၍ရင်းနှီးလာသည်။ ကျွန်တော်တို့ စကားပြောနေစဉ် သမီးတစ်ယောက်က ကော်ဖီပူပူလာချပေးလေသည်။

(ဂ)
ဆရာကြီး ဦးဖေမောင်တင်နှင့်သိရသည်မှာ ငယ်စဉ်ကတည်းက ဖြစ်သည်။ ကျွန်တော် (၈)တန်းမှာ ပါဠိဘာသာယူခဲ့သည်။ (၈)တန်းတွင် ဆရာကြီးဦးဖေမောင်တင်၏ ပါဠိဖတ်စာ သင်ကြားခဲ့ရသည်။ ထို့ကြောင့် ဆရာကြီးဦးဖေမောင်တင်နှင့်သိရခြင်းဟု ဆိုနိုင်သည်။ နောက် ခေတ်စမ်းပုံပြင်များ၊ ခေတ်စမ်းကဗျာများတွင် ဦးဖေမောင်တင်၏စာများကို ဖတ်ခဲ့ရသည်။ ထို့နောက်တွင်ကား (၁၉၃၈) ခုနှစ် တက္ကသိုလ် ရောက်သောအခါ တက္ကသိုလ်ကျောင်းအုပ်ကြီးအဖြစ် အဝေးမှ စတင် မြင်ခဲ့ရဖူးသည်။ (၁၉၃၆)ခုနှစ် တက္ကသိုလ်သပိတ်ပြီးသောအခါ အင်္ဂလိပ်အာဏာပိုင်များက မြန်မာများကျေနပ်အောင်ဆို၍ ဆရာကြီးဦးဖေမောင်တင်ကို ကျောင်းအုပ်ကြီးခန့်ထားခြင်း ဖြစ်မည်။
အရင်က ကျောင်းအုပ်ကြီးမှာ မစ္စတာစလော့ ဖြစ်သည်။ ကျွန်တော် ကျောင်းရောက်သည့်နှစ်က ဆရာကြီးဦးဖေမောင်တင် ကျောင်းအုပ်ကြီးဖြစ်သည့်အတွက် ဂုဏ်ပြုသည့်ကပွဲတွင် စန္ဒရားတီးခဲ့ဖူးသည်။ သီချင်းမှာ ဂုဏ်ပြုသောသီချင်းဖြစ်သည်။ ကျောင်းဆောင် အသီးသီးက ပဒေသာကပွဲများအစီအစဉ်ယူကြ၍ သိုက်မြိုက်စွာပင် ဘွဲ့နှင်းသဘင်ခန်းမဆောင်ထဲတွင်ကျင်းပသည်ကို မှတ်မိနေသည်။
နောက်တွင်ကား ဆရာကြီးနှင့် ကိုယ်တိုင်ထိတွေ့ခဲ့ရသည်။ ကျွန်တော်သည် ဥပစာဝိဇ္ဇာတန်း၌ ရာဇဝင်ဘာသာယူခဲ့သည်။ ရာဇဝင်အတန်းကို တော်တော်ပျက်ကွက်ဟန်တူသည်။ ကျွန်တော်က စိတ်မပါလျှင်မတက်။ ထို့ကြောင့်ပင်လျှင် ပါမောက္ခဒေဆိုင်းက သူနှင့်လာတွေ့ရန် ကြော်ငြာ သင်ပုန်းတွင်ကပ်ထားသည်။ ကျွန်တော် သွားမတွေ့။ နောက်တစ်ခါ ထပ်ကပ်သည်။ ကျွန်တော် သွားမတွေ့။ သို့သော် ထိုအတောအတွင်း ကျွန်တော် တက်သည့်အခါလည်း တက်သည်။ အတန်းလုံးလုံး ပျက်ကွက်သည်တော့ မဟုတ်။ နောက်ဆုံးတွင် ကျောင်းအုပ်ကြီးက သူနှင့် လာတွေ့ရန် စာပို့လိုက်သည်။ ထို့ကြောင့် ကျွန်တော် မနေသာတော့။ ကျောင်းရုံးခန်းသို့ ခပ်ရွံ့ရွံ့နှင့်သွားရသည်။
အဖြူရောင်ဝတ် ဒါရဝမ်ကုလားထံ ခုံနံပါတ်ပေးပြီး စောင့်နေရသည်။ ကျောင်းအုပ်ရုံးခန်းမှာ ခန့်ငြားထည်ဝါလှသည်။ ကြမ်းပြင် ကျွန်းကွက်ရောင်မှာ ဖိတ်ဖိတ်လဲ့နေသည်။ မှန်တံခါးများကလည်း တဖိတ်ဖိတ်လဲ့နေသည်။ ခန်းဆီး အစိမ်းရင့်က တလွင့်လွင့်။ အခန်းကျယ်ကြီးထောင့်ရှိ ပြောင်လက်သောစားပွဲကြီး၌ ဆရာကြီးကို တွေ့လိုက်ရသည်။
ကျွန်တော်ဝင်သွားသောအခါ ဆရာကြီးက ‘ဘာလဲဟေ့’ ဟု အော်လိုက်သည်။ ကျွန်တော် ရင်ဖိုသွားသည်။
ဆရာကြီး၏ရုပ်သွင်မှာ ခန့်ငြားသည်။ မြန်မာဆန်သည်။ ပညာရှိဆန်သည်ဟုပင် ထိုအခါက ခံစားခဲ့ရသည်။ ကျွန်တော်က ကျွန်တော်၏ ခုံနံပါတ်နှင့်အကျိုးအကြောင်း ပြောပြသည်။ ဆရာကြီးက ‘ဘာလဲဟေ့’ဟု ပြောကတည်းက ကျွန်တော့်မှာ အသံမတုန်အောင် ထိန်းပြော ရသည်။ ဆရာကြီးကို ကျွန်တော်ရွံ့နေသည်။ ‘ဘာဖြစ်လို့ ကျောင်းမတက်ရတာလဲကွ’ ဟု မေးသည်။
ကျွန်တော်က အသံကိုထိန်းကာ စိတ်မပါသည့်အတွက်မတက်ကြောင်း ပြောပြသည်။ ‘တက်မှပေါ့ကွ။ အေး ဒါပဲ။ သွားတော့’ဟု ပြောလိုက် သည်။ ကျွန်တော်လည်း ဆရာကြီးရုံးခန်းမှ ပြန်ထွက်လာခဲ့သည်။ အပြင်ဘက် သစ်ပုတ်ပင်ကြီးအောက်ရောက်မှ ကျွန်တော် ရင်ခုန်မှန်သွား တော့သည်။
နောက်တစ်ကြိမ် ဆရာကြီးဦးဖေမောင်တင်နှင့်တွေ့ရသည်မှာ (၁၉၃၈)ခု ဒီဇင်ဘာ အရက် (၂ဝ)နေ့ည ဖြစ်သည်။
သည်နောက်၌ကား ဆရာကြီးနှင့် ကျွန်တော် မတွေ့တော့။ အဝေးမှသာလျှင် ဆရာကြီး၏ စာပေဆိုင်ရာဆောင်းပါးများ၊ ဟောပြောချက်များကို ဖတ်ရှုခဲ့ရသည်။ စစ်ပြီးကာလ အင်းလျားလမ်းဘက်သို့ရောက်သောအခါ ဆရာကြီးကို အဝေးမှလှမ်းမြင်ရသည်။ ဆံပင်များ အတော်ပင် ဖြူနေ ပေပြီ။ ဆရာကြီးသည် အင်းလျားလမ်းတစ်နေရာတွင်နေထိုင်နေသည်ကို ကျွန်တော်မှတ်မိနေသည်။ ထို့နောက် ဆရာကြီးထံ တစ်ခေါက်ရောက်သွားသည်။ စာပေရေးရာကိစ္စနှင့် ဖြစ်သည်။ ဘယ်ကိစ္စမှန်းတော့ အတိအကျမမှတ်မိတော့။
ဆရာကြီးအိမ်တွင်ပြင်ဆင်ထားသောအိမ်ထောင်ပရိဘောဂများမှာ များစွာရှေးဆန်သည်ကို မှတ်မိနေသည်။ အင်္ဂလိပ်ခေတ်က ပုံစံမျိုး ဆိုဖာများ၊ ခန်းဆီးကြီးများဖြင့်ဆင်ယင်ထားသည်။ ဆိုဖာများမှာ အရောင်လွင့်နေကြပြီ။ ခန်းဆီးများမှာလည်း အရောင်မှိန်နေပေပြီ။
သို့သော် ဆရာကြီးကို ဤနောက်ခံကားဖြင့်တွေ့ရသောအခါ ပညာရှိကြီးတစ်ယောက်ဟုပင် ကျွန်တော်ခံစားနေခဲ့သည်။
နောက်ဆုံး (၁၉၆၃) စာဆိုတော်နေ့ နိုဝင်ဘာလ (၁၅)ရက်နေ့က ဖြစ်သည်။ ကျွန်တော်တို့စာရေးဆရာသမဂ္ဂက ရွှေတိဂုံဘုရားလမ်း၊ ကျားကူးဓမ္မာရုံ၌ စာဆိုတော်နေ့အခမ်းအနားကျင်းပသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဆရာကြီးဦးဖေမောင်တင်၊ ဟံသာဝတီဦးဘရင်တို့ကို ကျွန်တော်တို့ကန်တော့ကြသည်။ မကန်တော့ခင် ဆရာကြီးများထိုင်နေသောဝိုင်းသို့ ကျွန်တော်ရောက်သွားသည်။ ဗန်းမော်တင်အောင်က ကျွန်တော့်နာမည်ကိုပြောလိုက်သည်။
‘အေး အေး’ ဟု ခေါင်းညိတ်သည်။ မကြာသေးခင် (၁၉၆၃)ခုနှစ် ငွေတာရီ၌ ကျွန်တော်ရေးသားခဲ့သော ‘လေးလုံးစပ်လင်္ကာ၏ ပျော့ပျောင်းခြင်းနှင့်သန်စွမ်းခြင်း’ ဆောင်းပါးအကြောင်းကို ပြောလိုက်သည်။ ကျွန်တော်က ကျွန်တော်ရေးသောဆောင်းပါးများကို ဆရာကြီးဖတ်မည်ဟု မထင်။ ကျွန်တော့် ဆောင်းပါးထဲတွင် လေးလုံးစပ်လင်္ကာသည် လေးကိုင်းကဲ့သို့အားကောင်းကြောင်း၊ ပျော့ပျောင်းကြောင်းဖော်ပြသည်။
ဤသို့ ဖော်ပြရာတွင် ‘လေး’ ဟုသော ၁၊ ၂၊ ၃၊ ၄၊ ရေတွက်မှုသည် ကမ္ဘာကသုံးနေသော နရီစည်းဝါးအခြေခံနှင့်ကိုက်ညီကြောင်း ပါရှိသည်။ ဤအချက်ကို သူက ပြောသည်။ ‘ဆရာ ချီးကျူးပါတယ်ကွာ’ဟု ပြောလိုက်သည်။ ကျွန်တော် ခေါင်းနပန်းကြီးသွားသည်။ ဆရာကြီးသည် ဂီတနားလည်သူဖြစ်၍ တယောထိုးတတ်ကြောင်းကို ပြေး၍သတိရလိုက်သည်။ ဤဆရာကြီးသည် ကျွန်တော့်စာကိုဖတ်မည် မထင်။ တစ်ခါက ရာဇဝင်တန်းမှန်မှန်မတက်၍ ခေါ်ယူကြိမ်းမောင်းရသောကျောင်းသားလေးတစ်ယောက်ဟု မှတ်မိလိမ့်မည် မထင်။
(၁၉၆၇)ခုနှစ် ပတ်ဝန်းကျင်တွင် ခရ့စ်ယာန်စာပေအသင်းမှ ဟောပြောပွဲတစ်ခု၌ဟောပြောရန် ကျွန်တော့်ကိုလာရောက်ဆက်သွယ်သည်။ ကျွန်တော်ငြင်းလိုက်သည်။ ထိုအခါက ကျွန်တော်သည် မည်သည့်ဟောပြောပွဲမှ မသွားဟုဆုံးဖြတ်ထားသည်။ စာဆိုတော် ဟောပြောပွဲများကိုလည်း လက်မခံခဲ့။ ဆွေးနွေးပွဲများသာလိုက်မည်ဟု ပြောခဲ့သည်။
နောက်တွင်ကား ယင်းခရစ်ယာန်အသင်းကပြုလုပ်သောဟောပြောပွဲတွင် ဆရာကြီးဦးဖေမောင်တင် လိုက်ပါဟောပြောသည်ကို ကြားသိ ရသည်။ ကျွန်တော့်ကိုဟောပြောစေရန်အကြံဥာဏ်ပေးသည်ဟု ကြားရသောအခါ ကျွန်တော် များစွာစိတ်မကောင်းဖြစ်သွားမိသည်။
ဆရာကြီးကွယ်လွန်သောအခါ ကျွန်တော်သည် ဆရာကြီးအား မြှုပ်နှံရာ တိရိစ္ဆာန်ရုံထောင့်ရှိ ခရစ်ယာန်သင်္ချီုင်းသို့ သွားရောက် ပို့ဆောင်သည်။ ဓမ္မတေးသံများကြားတွင် ဆရာကြီးရုပ်အလောင်းမြှုပ်နှံသည်ကိုငေးမောကြည့်ရင်း ကျွန်တော့် စိတ်ထဲ၌ တစ်မျိုးခံစား နေရသည်။ ဆရာကြီးသည် အင်္ဂလိပ်ဂီတကိုနားလည်သူဖြစ်သည်။ တယောထိုးသည်ဟု ကြားဖူးသည်။ ဤဂီတအခြေခံဖြင့် ကျွန်တော်ရေးသားခဲ့သော လေးလုံးစပ်အလင်္ကာသည် ကမ္ဘာ့နရီစည်းဝါးနှင့်ကိုက်ညီသည်ဟုပြောခြင်းကို စိတ်ထဲတွင် တစ်မျိုးခံစားရလျက် နေရပေသည်။
ဆရာကြီးနှင့် စကားလက်ဆုံ မပြောဖူးသော်လည်း စိတ်ချင်းကား ဆက်သွယ်မိပါကလားဟု စိတ်မိတ်ဆွေခံစားမှုကလေးဖြင့် ခံစားနေမိခဲ့သည်။
ချယ်ရီ၊ ဧပြီ၊ ၁၉၉ဝ။
(ဒီနေရာက ယူတာပါခင်ဗျား http://minnyin.blogspot.com/)

0 comments:

Post a Comment