Saturday, July 19, 2014

ပြည်သူလူထုက တာဝန်ကျေပါတယ် (တူမောင်ညို)

0 comments
ပြည်သူလူထုက တာဝန်ကျေပါတယ် (တူမောင်ညို)
“စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ကို အခုရော၊ နောင်ရော တစိုက်မတ်မတ်ဆန့်ကျင်သွားမယ် ဆိုတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို အလေးထားပါတယ်။ ၈၈ အရေးတော်ပုံ ကြီးနောက်ပိုင်း  (နဝတ-နအဖ) စစ်အစိုးရရဲ့ အပြင်းထန်ဆုံး ဖိနှိပ်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်းခံခဲ့ကြရတဲ့ ဒီချုပ်ပါတီဝင်များ အပေါ်လည်း စာနာလေးစားပါတယ်။ ဒီချုပ်ပါတီဝင်များက ဒီချုပ်ပါတီကို “တစ်သက်မှာ နှစ်ဘဝ”ပါလို့ မချင့်မရဲ ပြောဆိုသံ ကိုလည်း ကြားပါတယ်။
ဒီချုပ်ပါတီဟာ  “တစ်သက် နှစ်ဘဝ”အတွင်းမှာ သဝေထိုးသွား တဲ့ အကြိမ်(၄)ကြိမ်ရှိခဲ့ပါတယ်။
-       ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ချီတက်ရေးကိစ္စ
-       ဂန္ဒီခမ်းမဆုံးဖြတ်ချက်ကိုပစ်ပယ်ကာ ၁၉၉၂ ခုနှစ်၊  အမျိုးသားညီလာခံ(ကျိုက္ကဆံ) တက်ရန်ဆုံးဖြတ်ခြင်း
နှင့် (နဝတ)စစ်အစိုးရရဲ့(၁/၉ဝ ကိုလက်မှတ်ထိုးကြခြင်း)
-       (အခြေခံဥပဒေကိုလက်မခံ/ပါတီမှတ်ပုံမတင်ဟုဆုံးဖြတ်ခဲ့ကြပြီး) “ရွှေဂုံတိုင်ကြေညာချက်” ကိုပစ်ပယ်ကာ “အရှိကိုအရှိအတိုင်း အသိအမှတ်ပြုတယ်”လို့ဆိုကာ ပါတီမှတ်ပုံတင်ခြင်း/ ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်း
-       “ဇယား(၄)ကတိသစ္စာပြုချက်ပြင်ဆင်ပေးရန်” တောင်းဆိုခဲ့ပြီး “ဇယား ၄ ” ပါ စကားလုံးအတိုင်း ကတိသစ္စာပြုမည်ဟု ဆုံးဖြတ်ကာ ၂ မေ ၂ဝ၁၂ တွင် လွှတ်တော်ထဲဝင်ရောက်သွားခြင်း
           
            အခုဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွင့်ပြောလာသကဲ့သို့ပင် (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရဟာ အောက်တန်း အကျဆုံးနည်းတွေ မီးကုန်ယမ်းကုန်သုံးပြီး တိုက်ခိုက်လာနေပါတယ်။ မကြာခင်က မန္တလေးမှာပေါ်ပေါက်ခဲ့တဲ့ဖြစ်ရပ်အပေါ် ဒီချုပ်ပါတီက ထုတ်ပြန်ခဲ့သောကြေညာချက်ကိုပင် “အတု”လုပ်ပြီးဖြန့်တဲ့အထိ ဇက်ရဲလက်ရဲလုပ်လာကြပါတယ်။
            “ပုဒ်မ ၄၃၆ ပြင်ဆင်ရေး”နဲ့ပတ်သက်ရင်  ကြံ့ဖွံ့အစိုးရကလည်း ပြင်ချင်တဲ့ဆန္ဒမရှိ၊ စစ်တပ်ကလည်း မပြင်ချင်ဘူးဆိုတာ ဒီချုပ်ါတီ ကောင်းကောင်းသိနေပါတယ်။ “ဖြောင့်မတ်သော” နာယကကြီးမှာရော ဘယ်လိုဆန္ဒရှိသလဲ။
            အမတ်တစ်ယောက် လစာ ၃ သိန်းသာရနေချိန် အမတ်ချုပ်လစာ ၃၅ သိန်းရနေလို့ မလုံမခြုံခံစားရတယ်လို့ (မဲဆွယ် အပြောလေးနဲ့) နတ်သံနှောနေတဲ့ အမတ်ချုပ်ဗိုလ်ရွှေမန်းက ပုဒ်မ ၄၃၆ ကိစ္စကိုတော့ ဘာခံစားချက်မှမရှိဘဲ ပြောထွက်လာပြီ။ 
ဗိုလ်အောင်သောင်း၊ ဗိုလ်ဌေးဦးတို့ခြံရံထားတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမတ်ချုပ်ဗိုလ်ရွှေမန်းက ဒီချုပ်ပါတီကလုပ်နေတဲ့ ပြင်ဆင်ရေးလှုပ်ရှားမှုတွေဟာ “၃၁ ဦးကော်မတီ” အပေါ် “သိပ်ပြီး သြဇာသက်ရောက်မှုမရှိပါဘူး”လို့ ပြောနေပြီ။ ဒီပြောဆိုချက်က ဒီချုပ်ပါတီအနေနဲ့ လက်မှတ်တွေဘယ်လောက်ပဲရရ အရေးမစိုက်ဘူးလို့ပြောတာပါ။ 
 ဒီစကားကို  ဗိုလ်အောင်သောင်းနဲ့ဗိုလ်ဌေးဦးတို့ ဝဲယာခြံရံပြီးမှပြောတာမို့ ကြံ့ဖွံ့ပါတီရဲ့သဘောထားလည်းဖြစ်တယ်။ ဒီတော့ ကြံ့ဖွံ့အမတ်တွေနဲ့ကာချုပ်အမတ်တွေစီးနင်းထားတဲ့လွှတ်တော်ဟာ ဘယ်လိုအဆုံးအဖြတ်ပေးမယ်ဆိုတာ ရှင်းနေပါတယ်။
ဒါကြောင့် “ပြင်မပေးရင် ဘာဆက်လုပ်မလဲ” လို့ ပြည်သူတွေက  ဒီချုပ်ပါတီကိုမေးနေကြတာပါ။ ပြည်သူတွေရဲ့ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေမှာ “တာဝန်ရှိတယ်”လို့ပြောပြီး ပြန်အဖြေပေးနေပါတယ်။
 ၁၉၉ဝ ရွေးကောက်ပွဲမှာလည်း တာဝန်သိတဲ့ပြည်သူတွေဘက်က တာဝန်ကျေခဲ့ကြပါတယ်။ ဒီချုပ်ပါတီကို မဲတွေပုံအောပေး ခဲ့ကြပါတယ်။ “ဂန္ဒီခမ်းမလှုပ်ရှားမှု” ဆိုတော့လည်း ပြည်သူတွေပဲ အားတက်သရောဝန်းရံခဲ့ကြတာပါ။ (စီအာပီပီ) ဆိုပြန်တော့လည်း  ပြည်သူတွေဟာ ဗေဒါပျံအံကိုခဲဆိုတာလို ရင်စီးခါးစီးပြီးအားပေးခဲ့ကြတာပဲ မဟုတ်ပါလား။ ဒါပေမယ့် ဘာတွေဖြစ်သွားခဲ့သလဲ။
 ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူတွေဟာ အားတက်သရော ဒီချုပ်ပါတီကို မဲတွေပုံအောပေးခဲ့ကြပြန်ပါတယ်။ အခုလည်း ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာ ပြည်သူတွေဟာ တက်တက်ကြွကြွပါဝင်လက်မှတ်ရေးထိုးနေကြပါတယ်။ ဇွန်လ ၃ဝ ရက်မှာ ထုတ်ပြန်တဲ့ ဒီချုပ် ကြေညာချက်အရ (၃၃ သိန်း) ရနေပြီလို့ဆိုပါတယ်။
ပြည်သူတွေဘက်ကပြောရင် ဘယ်အခြေအနေမှာဖြစ်ဖြစ် တာဝန်ကျေပါတယ်။ ပြည်သူတွေဘက် တာဝန်ပျက်ကွက်တာ မရှိခဲ့ပါဘူး။ ပြည်သူတွေဟာ တရားရှိနဲ့တရားမဲ့သူ၊ ဖိနှိပ်အုပ်စိုးသူနဲ့အဖိနှိပ်ခံတွေဘက်က ရပ်တည်တိုက်ပွဲဝင်သူကို ရှင်းရှင်းပြတ်ပြတ် ခွဲခြားသိမြင် နိုင်သူတွေဖြစ်ပါတယ်။ ပွင့်လင်းမြင်သာတွေ၊ တရားဥပဒေတွေ စိုးမိုးတာတွေမစိုးမိုးတာတွေ၊ အခြေခံဥပဒေဘာညာတွေ၊ နိုင်ငံရေး သဘောတရားဘာညာ ဟောတတ်ပြောတတ်ချင်မှ ပြောတတ်ကြပါလိမ့်မယ်။ အမှန်နဲ့အမှား၊ အတုနဲ့အစစ်၊ တရားတာနဲ့မတရားတာတော့ ကောင်းကောင်းခွဲခြားသိကြသူတွေဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူလူထုမှာတာဝန်ရှိသလို၊ ပြည်သူလူထုကို ခေါင်းဆောင်နေတဲ့ပုဂ္ဂိုလ်တွေ၊ ပါတီအဖွဲ့အစည်းတွေမှာလည်း မှန်ကန်တဲ့ဦးတည်ချက်ကိုချီတက်နိုင်ဖို့ ဦးဆောင်လမ်းပြရမယ့်တာဝန်ရှိပါတယ်။ မှန်ကန်ပြတ်သားတဲ့ဦးဆောင်မှုရှိမှသာ သိသာထင်ရှားတဲ့ ရလဒ် ပေါ်ထွက်လာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောနေဆိုနေတာတွေချုပ်ကြည့်လိုက်ရင် စိမ်ခေါ်ခြင်းတစ်ဝက်၊ ဖြောင့်ဖျနားချခြင်းတစ်ဝက်နဲ့ သူ့ဘက်ကနေ အလျော့အတင်းအပေးအယူတွေ ကမ်းလှမ်းနေတာကိုတွေ့ရပါလိမ်မယ်။
သာဓကပြရရင်ဖြင့် စစ်သားအမတ် ၂၅% နဲ့ပတ်သက်ပြီး “ လွှတ်တော်အတွင်းမှာ ပြည်သူလူထုကရွေး ချယ်တင်မြှောက်ထားခြင်း မရှိတဲ့ကိုယ်စားလှယ်တွေပါရင်ပါ ပါစေ၊ ဒါပေမယ့် အဓိကကျတဲ့ကိစ္စတွေမှာတော့ မဲပေးပိုင်ခွင့်တော့မရှိစေသင့်ဘူး” တဲ့။
ဒီချုပ်ကပြင်ဆင်လိုတဲ့ “ပုဒ်မ ၁၆၈ခု”  (၂ဝဝ၈ အခြေခံဥပဒေပေါ် လေ့လာသုံးသပ်အကြံပြုချက်စာတမ်း)ထဲမှာ အခြေခံဥပဒေ၊ ပုဒ်မ ၆ (ဃ)  “စည်းကမ်းပြည့်ဝသော”ဆိုတဲ့ စာသားကိုဖြတ်ပယ်ရန်နဲ့ ပုဒ်မ ၆(စ) “နိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းနိုင်ရေးတို့ကို အစဉ်တစ်စိုက်ဦးတည်သည်”ဆိုတဲ့စာပိုဒ်များ၊ ပုဒ်မများကို ဖြုတ်ပယ်ရမယ်လို့ ဆိုထားသော်လည်း  ပုဒ်မ ၁၄ “ကာချုပ်ခန့်စစ်သားအမတ်များကိစ္စ”ကိုမူ “ဒီမိုကရေစီစံနှုန်းနှင့်ဆန့်ကျင်နေသောကြောင့်” ဆိုတဲ့ အကြောင်းပြချက်ပေးကာ “အထွေထွေ သဟဇာတဖြစ်ရေးအတွက် ဆွေးနွေးညှိနှိုင်းပြီး တစ်ဆင့်ပြီးတစ်ဆင့် ပြင်ဆင်သွားရန်” အဆိုပြုထားပါတယ်။  
ဒီအချက်တွေက တစ်ဖက်မှာ အခြေခံဥပဒေပြင်ဆင်ရေးကိုစိမ်ခေါ်သလို အလေးတင်းပြောနေပေမယ့်လည်း အခြားတစ်ဖက်မှာ “အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ပန်းတိုင်ကို ဘယ်တော့မှမျက်ခြည်မပြတ်ပါဘူး”ဆိုတဲ့ လေပြေထိုးမှုကလေးတွေနဲ့ဖြစ်ပါတယ်။  ဒါပေမယ့် ဒီအချက်တွေနဲ့ပတ်သက်လို့ တစ်ဖက်က (ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့ဘက်က) စိမ်းကားလှပါတယ်။ ဘာမှ  မတုန့်ပြန်ပါဘူး။  
ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်မင်းအောင်လှိုင်တို့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟောပြောနေတဲ့ ဒီမိုကရေစီစံနှုန်းတွေကို မသိလို့ မဟုတ်ပါဘူး၊ သိပ်သိပါတယ်။ “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ”ဆိုတာ စစ်အုပ်စုက သူတို့ပေးချင်သလောက်သာ အကန့်အသတ်နဲ့ ပေးသနားထားတဲ့“ဒီမိုကရေစီအခွင့်အရေး”မျှသာဖြစ်ပါတယ်။ ဒါဟာ“၂ဝဝ၈အခြေခံဥပဒေ” ရဲ့ အနှစ်သာရလည်းဖြစ်ပါတယ်။
သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အကန့်အသတ်နဲ့သာ နေရာပေးချင်တာပါ။ အာဏာခွဲဝေပေးဖို့ သူတို့မှာ သဘောထားမရှိပါဘူး။ အနောက်အုပ်စုနဲ့သူတို့အကြားက ၁၉၈၈ ကတည်းက စိမ်းကားဝေးကွာသွားကြတာကို ပြန်လည်နီးစပ်ရေးအတွက် (၂)ဖက်စလုံးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချခဲ့ကြတာ၊ အသုံးချနေကြတာသာ ဖြစ်ပါတယ်။
ကာချုပ်ဗိုလ်မင်းအောင်လှိုင်က ထိုင်းကာချုပ်နဲ့တွေ့စဉ် ပြောတဲ့စကားကရှင်းနေတာပါပဲ။ “ဒီမိုကရေစီသည် စည်းနှင့်ကမ်းနှင့် သွားရသည်ဆိုသည့်အမြင် ရှိရန်လိုအပ်ကြောင်း”ပြောနေတယ်မဟုတ်ပါလား။
ဘာပဲဖြစ်ဖြစ် “၂ဝဝ၈အခြေခံဥပဒေ”ကို လွှတ်တော်တွင်းကနေပြင်ဆင်ရေးဆိုတဲ့ ဒီချုပ်ပါတီရဲ့“စမ်းသပ်ချက်”ဟာ လုံးဝ မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေ့အကြုံနဲ့သင်ခန်းစာရရှိတယ်ဆိုတဲ့ ဘက်ကပြောမယ်ဆိုရင် ပြည်သူများအတွက်အကျိုးရှိပါတယ်။ 
(တူမောင်ညို)

(၂ဝ၁၄ ခုနှစ်၊ ဇူလိုင်လ ၁၂ )


0 comments:

Post a Comment