Monday, July 7, 2014

၇ရက်ဇူလိုင်အရေးအခင်းကို ဘာကြောင့် နှစ်စဉ် အထိမ်းအမှတ်ပြုနေရသလဲ (ရဲဘော်ဖိုးသံချောင်း)

0 comments
ဒီနိုင်ငံမှာစစ်အာဏာရှင်စနစ်သက်တမ်း ဆက်တိုက်သက်ဆိုးရှည်နေတာ ၄၆နှစ်ရှိသွားပါပြီ၊ ဒီရာစုနှစ်တဝက်နီးပါးသမိုင်းမှာ ဗမာပြည်ပြည်သူတွေနဲ့ကျောင်းသားလူငယ်တွေဟာ ၇ရက်ဇူလိုင်အထိမ်းအမှတ်အခမ်းအနားတွေကို ပုံသဏ္ဍာန်မျိုးစုံနဲ့တနှစ်မပြတ် အထိမ်းအမှတ်ကျင်းပခဲ့ကြပါတယ်၊ ဒါဘာကြောင့်လဲ။ ဒီအရေးအခင်းရဲ့ အထိမ်းအမှတ်လက္ခဏာ။ အရေးပါမှု စတာတွေက ဘာတွေလဲဆိုတာ ဆန်းစစ်သုံးသပ်ထားသင့်တယ်ထင်ပါတယ်၊

၇ ရက်ဇူလိုင်အရေးတော်ပုံဟာ ဆိုရှယ်လစ်ဆိုင်းဘုတ်တပ်။ အမျိုးသားရေးစကားတွေလှိုင်လှိုင်ပြောပြီး ဗမာပြည်မှာ စစ် အာဏာရှင်စနစ်ကို (၁၉၅၈ ခုနှစ်တုန်းကလို မြေစမ်းခရမ်းပျိုးမဟုတ်ပဲ) အတည်တကျတည်ဆောက်လာတာကို စစ်ဦးမှာ ထိပ်တိုက်တိုက်ခဲ့ကြတဲ့။ အသက်တွေစတေးခဲ့တဲ့ တိုက်ပွဲကြီးဖြစ်ပါတယ်၊ ဗိုလ်နေဝင်းတို့ဟာ ၁၉၅၈ ခုနှစ် အာဏာသိမ်းတုန်းက ရက်ရက်စက်စက်လုပ်ပြထားတာ။ အာဏာသိမ်းတဲ့ မတ်လ၂ရက်နေ့ညမှာ သမ္မတနဲ့ဝန်ကြီးတွေအပါအဝင် နိုင်ငံရေးသမားပေါင်းမြောက်မြားစွာကို “ထိန်းသိမ်း”လိုက်တာ။ အပြစ်မဲ့၁၇နှစ်ကျောင်းသားလေး စဝ်မီမီသိုက်ကို ကြက်ကလေးငှက်ကလေးသတ်သလို သတ်ဖြတ်ပြထားတာ။ တဖက်မှာတော့ ဆိုရှယ်လစ်စကားတွေ သံကောင်းဟစ်နေတာ စတာတွေကြောင့် နိုင်ငံရေးလောကမှာ ဗိုလ်နေဝင်းတို့ကို ကြောက်သူနဲ့။ ခွေးကတက်ကနေ အလုပ်အကြွေးပြုချင်သူတွေသာ လွှမ်းမိုးနေပါတယ်၊

ဒီလိုအချိန်မှာ ပြည်သူ့ရင်သွေးတွေလည်းဖြစ်။ ပြည်သူ့ဆန္ဒကို
ရောင်ပြန်ဟပ်သူတွေလည်းဖြစ်တဲ့ ကျောင်းသားတွေဟာ စစ်အာဏာရှင်တွေကို စစ်ဦးမှာ ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်တာဖြစ်ပါတယ်၊ ထိပ်တိုက်ရင်ဆိုင်တယ်ဆိုပေမဲ့ ကျောင်းသားတွေဖက်ကတော့ အပ်တိုလေးမှမကိုင် လက်နက်မဲ့ဆန္ဒပြကြတာဖြစ်ပါတယ်၊ ကိုလိုနီလက်ထက်ကစလို့ ဗမာပြည်မှာလုပ်နေကျနည်းလမ်းအတိုင်း အင်မတန်ငြိမ်းချမ်းစွာ ဆန္ဒပြကြတာဖြစ်ပါတယ်၊
ဒါပေမယ့် အာဏာမုန်ယိုနေတဲ့။ မာန်တက်နေတဲ့စစ်အစိုးရဟာ အဲဒီတုန်းက တတိုင်းတပြည်လုံး။ မြေပေါ်မှာ သူတို့ကိုဆန့်ကျင် (အာခံ)နေတဲ့ တခုတည်းသောအင်အားစုကို ရက်ရက်စက်စက်နှိမ်နင်းပစ်ခဲ့ပါတယ်၊ အားလုံးကိုယ်စားတိုက်ရတာဖြစ်လို့လည်း တန်ဘိုးအများကြီးပေးလိုက်ရတာပါပဲ၊

အဲဒီတုန်းက ကျောင်းသားသမဂ္ဂမအနေနဲ့ လုပ်ရကိုင်ရတာဘယ်လောက်ခက်တယ်ဆိုတာ သဘောပေါက်အောင် ဥပမာ တခုထပ်ထောက်ပြချင်ပါတယ်၊ အဲဒါကတခြားမဟုတ်ပါဘူး၊ ဗိုလ်နေဝင်းတို့ကအာဏာသိမ်းပြီး “တော်လှန်ရေးကောင်စီ” ဆိုတာကိုတည်ထောင်ကြောင်းကြေညာလိုက်တော့ လက်ဝဲဆိုတဲ့ ပမညတ ထဲကတချို့က ထောက်ခံကြောင်းကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်၊ ဒီအခါမှာ ဗကသ ထိပ်ပိုင်းမှာရောက်နေတဲ့ ပမညတသြဇာမကင်းသူတဦးက သူ့အခွင့်အရေးကိုအလွဲသုံးစားလုပ်ပြီး အာဏာသိမ်းတာကို ထောက်ခံကြောင်းကြေညာခဲ့ပါတယ်၊ အလွဲသုံးစားလုပ်တယ်လို့ပြောရတာက တခြားလူတွေနဲ့ မတိုင်ပင်ခဲ့တာကို ဆိုလိုတာပါ၊ နောက်တော့ သူဟာ မဆလရဲ့လူငယ့်ရေးရာမှာ တာဝန်ကြီးကြီးရ။ မန္တလေးတက္ကသိုလ် မော်ကွန်းထိန်းအလုပ်ရ ကောင်းစားသလောက် ကောင်းစားသွားပါတယ်၊ ဆိုလိုတာ ခေါင်းဆောင်မှုထဲမှာ အတွေးအခေါ် အရှုပ်အထွေးတွေ ရှိသလောက်ရှိနေတယ်ဆိုတာဖြစ်ပါတယ်၊ အဲဒီမဆလကိုထောက်ခံတဲ့လူတွေဟာ အဲဒီအချိန်ကစပြီး ကျောင်းသားလောကထဲကို ပြန်မဝင်နိုင်တော့ပါဘူး၊ အရိပ်တောင်မနင်းရဲတော့ဘူးဖြစ်သွားပါတယ်၊

ဒါ့အပြင် ကျောင်းသားလောကမှာ ရဲရဲတောက်စကားတွေ အလွန်ပြောတတ်တဲ့ တပ်ဦးသစ်ကလူတွေဟာလည်း ဗိုလ်နေဝင်းတို့ဟာ ဖက်ဆစ်တွေဖြစ်တယ်လို့ပြောပြီး အမြီးကုပ်သွားကြကာ။ ကျောင်းပြင်မှာပဲလှုပ်ရှားကြပါတော့တယ်၊
၁၉၆၃ခုနှစ်မှာ ဗိုလ်နေဝင်းကငြိမ်းချမ်းရေးစကားပြောပွဲလုပ်တာကို အခွင့်ကောင်းယူပြီး ကျောင်းသားတွေက ကျောင်းသားသမဂ္ဂတွေပြန်ဖော်ထုတ်ဖို့လုပ်ကြတော့ မြိ့နယ်နဲ့ခရိုင်သမဂ္ဂတွေဖော်ထုတ်ပြီးတဲ့နောက် တက္ကသိုလ်သမဂ္ဂတွေကို ပြန်ဖော်ထုတ်ဖို့လုပ်ရပါတယ်၊ ဒီအခါမှာ သမဂ္ဂရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် ကျောင်းသားညီညွတ်ရေးတပ်ဦးအဖွဲ့ကို ပြန်စုစည်းတဲ့အနေနဲ့ ညီလာခံခေါ်တာ။ အမှုဆောင်အဖွဲ့ ပြန်ဖွဲ့တာတွေလုပ်ရပါတယ်၊ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မနျွှလေးတက္ကသိုလ်က ကျောင်းသားညီညွတ်ရေးတပ်ဦးညီလာခံကို တက္ကသိုလ်ပရဝုဏ်အရှေ့ကပန်းခြံထဲမှာ လုပ်ခဲ့ပါတယ်၊ ဒီအခါမှာ အထက်မှာပြောခဲ့တဲ့ မဆလကိုထောက်ခံတဲ့ဆိုရှယ်နီကျောင်းသားအစုထဲက ၄-၅ယောက်လာတက်ပါတယ်၊ သူတို့ဟာဘယ်သူနဲ့မှ မနှုတ်ဆက်။ စကားမပြောပါဘူး၊ ဒါပေမယ့် သူတို့ကလည်း အမှုဆောင်စာရင်းတခု တင်လာပါတယ်၊ ဒီလိုနဲ့ ညီလာခံမှာ တကယ်တမ်းပြောလာဆိုလာကြတော့ တက်ရောက်သူကျောင်းသူကျောင်းသားတွေရဲ့အမြင်က သိပ်ပြတ်သားရှင်းလင်းနေတာမို့ အဲဒီလူတွေဟာ အစည်းအဝေးမပြီးခင်မှာပဲ တိတ်တိတ်။ ကုပ်ကုပ်ထွက်သွားခဲ့ရပါတယ်၊

လူသတ်ပွဲကြီးလုပ်ထားတဲ့ရန်ကုန်မှာတော့ အဲဒီအစုကလူတွေဟာ အနားတောင်
လာမကပ်ခဲ့ပါဘူး၊ ဆိုလိုတာ အဲဒီတုန်းက ကျောင်းသားခေါင်းဆောင်ပိုင်းမှာ အတွေးအခေါ်ရှုပ်ထွေးမှုဟာ ဘယ်တုန်းကအတိုင်းအတာနဲ့မှ မတူအောင်ရှိနေတယ်ဆိုတာဖြစ်ပါတယ်၊ ဒါပေမယ့် နောက်ဆုံးတော့ ကျောင်းသားထုကပဲ အဆုံးအဖြတ်ပေးသွားပါတယ်၊ ကျောင်းသားထုဟာ နည်းနည်းလေးမှ မျက်စေ့မလည်။ နားမယောင်ပါဘူး၊ အာဏာသိမ်းသူတွေဟာ စစ်အာဏာရှင်တွေသာဖြစ်တယ်။ ဒါကြောင့်မို့ ဆန့်ကျင်ရမယ်ဆိုတာကို အပြတ်ပဲမြင်ခဲ့ကြပါတယ်၊ ဒါကြောင့်မို့တကသမှာပဲ အဓိကဗဟိုပြပြီး စစ်အာဏာရှင်စနစ်ကို ထိပ်တိုက်တွေ့ခဲ့ကြတာဖြစ်ပါတယ်၊ ကျောင်းသားထုနဲ့ တကသရဲ့သဘောထားကို အစောဆုံးနဲ့အထင်ရှားဆုံးဖော်ပြခဲ့တာတွေထဲမှာ လူတွေမမေ့နိုင်တဲ့အဖြစ်အပျက်တခုကတော့ စဝ်မီမီသိုက်အသုဘမှာ
ကျောင်းသားခေါင်းဆောင်ကိုသက်ကပြောခဲ့တဲ့မိန့်ခွန်းဖြစ်ပါတယ်၊ ပုပုတက်တက်ကိုသက်ဟာ အနီးအနားမှာရှိတဲ့ အုတ်ဂူတခုပေါ်တက်ကာ ဗိုလ်နေဝင်းစစ်အစိုးရကို လက်ညိုးငေါက်ငေါက်ထိုးပြီး လူသတ်သမားတွေလို့ စွဲချက်တင်ခဲ့ပါတယ်၊ စကားပြောကောင်းတဲ့ ကိုသက်ရဲ့မိန့်ခွန်းဟာ အသုဘပို့ဆောင်တဲ့ပရိသတ်ကို မျက်ရည်တွေအကြားကနေ ကြက်သီးမွေးညင်း ထစေခဲ့တယ်လို့ ပြောစမှတ်ရှိခဲ့ပါတယ်၊

အဲဒီလို ပြတ်သားမှုတွေ။ တွေဝေမှုတွေ။ သစဏာဖောက်မှုတွေ ရှုပ်ရှုပ်ထွေးထွေးတွေ့မြင်နေရတဲ့ တက္ကသိုလ်နယ်မြေမှာ ကျောင်းသားသမဂ္ဂအစဉ်အလာနဲ့ ဘယ်တုန်းက။ ဘယ်လိုမှမပတ်သက်ဖူးတဲ့စစ်ဗိုလ်ချုပ်တွေဟာ ကျောင်းသားတွေကို မာနရန်ညှိုးနဲ့ နောင်ကျဉ်အောင်ဆုံးမမယ်ဆိုတာမျိုးသဘောထားပြီး ဗမာပြည်သမိုင်းမှာမရှိဖူးတဲ့သတ်ဖြတ်မှုကြီးတရပ်ကို ကျူးလွန်လိုက်ပါတယ်၊ သမဂ္ဂအဆောက်အဦကြီးကိုလည်း ဒိုင်းနမိုင်းနဲ့ဖြိခွဲပစ်လိုက်ပါတယ်၊

ဒီမှာပြောဖို့လိုတာလာက တကယ်လို့သာကျောင်းသားတွေက ၇ ရက်ဇူလိုင်အရေးတော်ပုံကို မဆင်နွှဲခဲ့ရင်ဘာဖြစ်မလဲ ဆိုတာပါပဲ၊ သမိုင်းကို တကယ်လို့သာတွေနဲ့ ချဉ်းကပ်သုံးသပ်လို့ မသင့်တော်တာမို့ ဒီအချက်ကို အကျယ်မဆွေးနွေးတော့ပေမယ့် ၇ရက်ဇူလိုင် အရေးတော်ပုံကြောင့်သာ ၁၉၆၃ခုနှစ်တုန်းက လှုပ်ရှားမှုတွေ။ ၁၉၆၉-၇ဝခုနှစ်တိုက်ပွဲတွေ။ ၇၄-မေဇွန်အလုပ်သမားလှုပ်ရှားမှု။ ရွှေတိဂုံအရေးအခင်း။ ဦးသန့်အရေးအခင်းစတာတွေ ဆက်ပေါ်လာတာလို့ ရဲရဲပဲပြောချင်ပါတယ်၊ အဲဒီ တိုက်ပွဲစဉ်တွေမှာ ၇ရက်ဇူလိုင်စိတ်ဓာတ်ဟာ ဝင်းလက်တောက်ပနေတဲ့ မီးရှုးတန်ဆောင်လိုဖြစ်ခဲ့တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး၊

၁၉၆၂ ခုနှစ်။ ၇ရက်ဇူလိုင်နေ့မှာသာ ကျောင်းသားတွေက နောက်တွန့်ပြန်လှည့်သွားရင် ဒီတိုက်ပွဲစဉ်တွေဟာ ရက်ရွေ့ဆိုင်းတာဖြစ်သွားနိုင်ပါတယ်၊
၇ရက်ဇူလိုင်ပြစ်မှုကြီးကိုကျူးလွန်မိတဲ့ဗိုလ်နေဝင်းမှာတော့ သေတဲ့အထိပဲ အဲဒီလူသတ်ပွဲနဲ့ သမဂ္ဂဖြိဖျက်မှုတို့ရဲ့ တစ္ဆေခြောက်လှန့်တာကို ခံသွားရပါတယ်၊ နောက်ပြီး သူတို့တွင်း ဂိုဏ်းတိုက်ပွဲတွေမှာ လက်စွဲလက်နက်တခုအဖြစ်သုံးစွဲတာလည်း ခံခဲ့ရပါတယ်၊

တလနဲ့ခြောက်ရက် နန်းစံလိုက်ရတဲ့ ဖောင်းကားစားသမတဦးမောင်မောင်က သမဂ္ဂအဆောက်အဦကြီးကို ပျော်ပျော်ပါးပါးပြန်ဆောက်ကြတာပေါ့လို့
ပြုတ်ကာနီးအချိန်အထိပြောနေတာဟာ ဗိုလ်နေဝင်းကိုယ်စား (ဗိုလ်နေဝင်းခိုင်းလို့) ၇ရက်ဇူလိုင်ပြစ်မှုကြီးတွေအတွက် နိုင်ငံကိုလေပြေထိုးနေခဲ့တာသာဖြစ်ပါတယ်၊

တကယ်ကျတော့ ၇ရက်ဇူလိုင်တိုက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို တိုက်တဲ့တိုက်ပွဲဖြစ်ပါတယ်၊ စစ်အာဏာရှင်စနစ်တည်ရှိနေသရွေ ၇ရက်ဇူလိုင်အတွေးအခေါ်။ ၇ရက်ဇူလိုင်စိတ်ဓာတ်နဲ့ ၇ ရက်ဇူလိုင်အလံတော်ဟာ အရေးပါနေ။ လမ်းပြနေမယ်ဆိုတာ ဘာမှ ယုံမှားသံသယဖြစ်စရာမလိုပါဘူး၊
ရဲဘော်ဖိုးသံချောင်း

0 comments:

Post a Comment