Saturday, July 12, 2014

၂ဝ၁၄ ဂျူလိုင်လလည်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဂျူလိုင်လလည်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၂-(မျိုးမြင့်ချို)
(အထည်ကြီးပျက်မပြတဲ့ ဖြိုးဖြိုးအောင် အမေ)
ကိုနေဝင်းနဲ့မသန္တာတို့သမီးလေး ဖြိုးဖြိုးအောင် ဒီရောက်နေတာသိတယ်။ တွေ့လည်းတွေ့ချင်တယ်၊ နားလည်းထောင်ချင်တယ် သူပြောမယ့် ဗကသအကြောင်းတွေ ဗမာ့နိုင်ငံရေးတွေ။ သူ့အဖေဒေါက်တာနေဝင်းက ကျနော်နဲ့အမှုတွဲ။ သူ့အဖေထောင်ထဲတုန်းက သူ့အမေ မသန္တာဟာ အင်းစိန် မီးရထားဂုံးကျော်တံတားကြီးအောက်မှာ တရုပ်ကလာတဲ့ ဖန်ခွက်တွေ ပန်းကန်ပြားတွေထိုင်ရောင်းပြီး လင်ကို ထောင်ဝင်စာမှန်မှန်တွေ့ရင်း သမီး(ဖြိုးဖြိုးအောင်)ကို နိုင်ငံရေးအသိနဲ့ ဘဝမာနမျိုးစေ့ချပေးခဲ့တဲ့မိန်းမ၊ မိခင်နဲ့ ဇနီးသည်ပဲ။ မသန္တာဟာ ဘယ်တော့မှ အထည်ကြီးပျက်မပြတဲ့ မိန်းမသားပဲ။ ကိုနေဝင်းဟာ လူပုံအေးသလောက် စိတ်မပျော့ညံ့သူပဲ။ ကျနော်လွတ်တော့ မသန္တာကိုသွားတွေ့တယ်၊ ကိုနော်ရှမ်းလည်း ပါတယ်။ အေအေပီပီက ကူညီဖို့ပေးတဲ့ပိုက်ဆံတွေလည်း ပါတယ်။ ပြောပြီးပေးတော့ မသန္တာမယူဘူး။ ကျမ မလိုလို့ပါ ကိုမျိုးမြင့်၊ လိုရင်ယူပါ့မယ်..တဲ့။ အဲ့နေ့ အိမ်ပြန်ရောက်တော့ မိသားစုထမင်းဝိုင်းမှာ ကျနော် မျက်ရည်ကျတာပဲ၊ မိသားစုဆိုတာကို နားလည်သွားတာပဲ။
ခု ဖြိုးဖြိုးအောင်ကို တွေ့ချင်တာပါပဲ။

(ကျတ္တနီးနဲ့ရွှေပြည်ကြီးအလွမ်းဖြေ)
ဒုက္ခသည်အနေနဲ့ဒီရောက်လာပြီး လူဝင်မှုပုံစံ I-94 နဲ့နေတာ တနှစ်ပြည့်သွားသူသုံးယောက် ဒီနေ့လည် အိမ်လာပြီး အွန်လိုင်းကနေ Green Card လျှောက်ပေးဖို့ချိန်းထားတာ ပေါ်မလာကြဘူး။ ဖုန်းလည်း မဆက်ကြဘူး။ ဘာများဖြစ်သလဲ မပြောတတ်။ ဘာမှ မဖြစ်ကြပါစေနဲ့။ သူတို့မလာတော့ ကျနော်လည်း အားသွားတယ်။ ဒါနဲ့ ကြက်ဆင်လေးတွေအခြေအနေကြည့်ရင်းခြံထဲဆင်းတယ်။ ရုံးပတီတွေ သီးနေပြီ။ အမေပြောတဲ့ "အဖျားလေးကို လက်နဲ့ဆိတ်ကြည့် ဟဲ့၊ ထပ်ကနဲကျိုးသွားရင် အဲ့ဒါ မရင့်သေးဘူး၊ စားကောင်းတဲ့အနေပဲ"ဆိုတဲ့နည်းနဲ့ စမ်းစမ်းပြီး ခူးလိုက်တာ အနေတော်အရွယ် ၁၄ တောင့်လောက် ရလာတယ်။ အတောင့်လိုက်ရေဆေးပြီး ကြက်ဥနဲ့ကြော်မယ်။ ပူဒီနာတွေကြည့်တော့ လက်ယားလာတယ် ခူးချင်ဆိတ်ချင်စိတ်နဲ့။ ဒါနဲ့ အညွန့်ဖျားလေးတွေ နည်းနည်းဆိတ်လာတယ်။ ဘာလုပ်ရမယ်မှန်းတော့ မသိသေးဘူး။
ရုံးပတီနဲ့ပူဒီနာတွေကြည့်ရင်း ငယ်ငယ်က ရွာဖျားက(ထောက်ကြန့်သားတွေကတော့ ကလတန်းဖျား လို့ခေါ်တယ်)ကုလားမီးနင်းပွဲမှာကျွေးတဲ့ ငှက်ပျောရွက်ပန်းကန်နဲ့ သတ်သတ်လွတ်ပဲဟင်း သီးစုံဘာဂျီကြော် ငရုပ်ခြောက်တောင့်ကြော်နဲ့ ကျတ်တနီးကို ပြေးမြင်တယ်။ ကျတ်တနီးဆိုတာက ပူဒီနာ၊ ထန်းလျှက် (ထညက်) ကြက်သွန်ဖြူ၊၊ ငရုပ်သီးစိမ်း၊ မန်ကျည်းမှည့်နည်းနည်းနဲ့ ဆားကိုရောပြီး ကျောက်ပြားပေါ် ကျောက်ဒလိမ့်နဲ့ ညက်ပြီးစီးပိုင်နေအောင်ကြိတ်ထားတဲ့ အိန္ဒိယဟင်းရံပဲ။ မွှေးတယ် ချိုတယ် စပ်တယ်။ ခံတွင်းမြိန်တယ်။ ကျတ်တနီးအကြောင်းပြောတော့ လမ်းထဲက စံပြလုပ်သား(၃)ကြိမ်ရ အိန္ဒိယနွယ်ဖွားဟိန္ဒူဘာသာဝင်၊ နှစ်တိုင်း မီးလည်းနင်းတဲ့ ဆိုရှယ်လစ်လုပ်သားကောင်းကြီးဦးရမ်းမသိုးနဲ့ လမ်းထိပ်က ဗုဒ္ဓဝါဒီလူဖြောင့်လူအေး ရွှေပန်းတိမ်ဆရာကြီး ဦးသိန်းကြွယ်ကိုလည်း အောက်မေ့တယ်။ 

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်ကြီး၊ ဝန်ထမ်းသက် အနှစ်(၄ဝ)မှာ ပျက်ရက် နောက်ကျရက်မပြောနဲ့ နှမ်းစေ့လောက်အမှားလေးတောင်မရှိခဲ့လို့ စံပြလုပ်သား(၃)ကြိမ်နဲ့ နောက်ဆုံး ဆိုရှယ်လစ်လုပ်သားကောင်းကြီးဖြစ်ခဲ့တဲ့ ဦးရမ်းမသိုးဟာ အဲ့ဒီစစ်အာဏာမျက်နှာဖုံးအောက်က မဆလကို ယုံကြည်သူမဟုတ်ခဲ့ဘူး။ ၈၈ မှာလည်း ဝင်မပါခဲ့ဘူး။ ဘာလို့မပါသလဲမေးတော့ "မင်းတို့ အစိုးရဖြစ်လည်း ငါက နိုင်ငံ့ဝန်ထမ်းပဲလေ"တဲ့။ တချက်တည်းနဲ့ ပွဲသိမ်းတဲ့အဖြေပဲ။
ဦးသိန်းကြွယ်ကတော့ မီးနင်းပွဲက သတ်သတ်လွတ်ထမင်းနဲ့ဟင်း စားပြီးအပြန် ဗိုက်ကလေးပွတ်ကာ ပွတ်ကာနဲ့ "မောင်ရေ့ သူ့အသက်မသတ်ရဘူးပြောပြီး သူများသတ်တာထိုင်စားနေတဲ့ဘုန်းကြီးတွေနဲ့စာရင် ချစ်တီးဘုရားကျောင်းက သတ်သတ်လွတ်စား၊ နွားနို့လေးသောက်၊ ဆေးခြောက်လေးမှိန်းပြီး
အေးအေးလူလူတရားမှတ်နေတဲ့ဟိန္ဒူဆာဒူးကြီးတွေ ယောဂီကြီးတွေကမှ
ဟုတ်တုတ်တုတ်ကွ၊ တရားရ/မရတော့ မသိဘူး၊ သူတို့ကြည့်ရတာ စိတ်ထဲအတော့်ကိုအေးချမ်းတယ်။ မကောင်းတာ အလုပ်အနည်းဆုံးလူတွေထဲ သူတို့လည်းပါတယ်ကွ"လို့ပြောပြီး "သီးစုံပဲကုလား၊ ဘာဂျီကြော်နဲ့ ကျတ်တနီးကတော့ ကောင်ရေ ပြောမကောင်းဘူး စားကောင်းချက်များ" လို့ သွားတွေပေါ်တဲ့အထိ ပြုံးပြုံး-ပြုံးပြုံးနဲ့ပြောတတ်လေရဲ့။
အခု သူတို့တွေ ရှိမှရှိကြသေးရဲ့လားမသိ။ ရှိတောင် အိုကြမင်းကြပြီ။ ဘယ်လောက် ပျိုပျိုအိုအိုပါ။ 

လူမျိုး/ဘာသာအစွန်းမရောက်တဲ့အခါ တိုင်းပြည်တိုင်း နေလို့ကောင်းပါတယ်။
ကျနော်တော့ ရုံးပတီသီးနဲ့ အာလူးနဲ့ ခရမ်းသီးနဲ့ ပဲသီးစိမ်းနဲ့ ပြင်းတော်သိမ်ရွက်လေးအုပ် မဆလာလေးဖြူးထားတဲ့ ပူပူနွေးနွေးဘာဂျီကြော်လေးကို ကော်ကော်ပြီး၊ စီးနေအောင်ကြိတ်ထားတဲ့ ကျတ်တနီးလေးကို တို့တို့ပြီး၊ ငှက်ပျောဖက်ပေါ်က တောင်လိုပုံထားတဲ့ထမင်းပုံထဲ သီးစုံပဲကုလားဟင်းတွေဆမ်းဆမ်းပြီး ဖက်သပ်လိုက် ပါးသပ်လိုက် နှုပ်ခမ်းသပ်လိုက် လက်ချောင်းတွေ ပြွတ်ပြွတ်မည်အောင်စုပ်လိုက်နဲ့ အားရပါးရ စားချင်လှတယ်။
ဘယ်တော့ပြန်ရောက်မယ်မှန်းမသိတဲ့တိုင်းပြည်ကလူအစစ်တွေကို အားတိုင်းလွမ်းတာပဲ။ လွမ်းတိုင်း အောက်မေ့တာပဲ။


(ကီးပလေယာဆိုဘောကြိုက်ပုံပဲ)
ကျနော်
ဘော်လုံးဝါသနာ မပါဘူး။
မဲဆောက်နေတုန်းက
အေအေပီပီကဘိုကြည်ပြောလို့
ဒေးဗစ်ဘက်ခမ်းကန်တာ ကြည့်ဖူးတယ်။

ကန်တာပဲဗျာ
ခြေထောက်နဲ့ပဲ
ဒါပေမယ့်
လက်နဲ့ကိုင်ပစ်တာထက်တောင် သေချာသလိုပဲ။

ပွဲပြီးတဲ့အထိ
ကြည့်တယ်
ဘယ်အသင်းနဲ့ဘယ်အသင်းကန်
ဘယ်သူနိုင် ဘယ်သူရှူံးတော့
မမှတ်မိတော့ဘူး။

ပွဲပြီးတော့
သူကပြောတယ်
ဘော်လုံးမှာမ မဟုတ်ဘူး
နေရာတိုင်းမှာ
ကီးပလေယာရှိတယ်..တဲ့။

ခု
သူ
ကီးပလေယာ
ဖြစ်နေပြီ
ထင်ရဲ့။

(ဆောင်းအပြေးဒေါင်းမွေးမယ့်စိတ်ကူးပျက်ပြီ)
ဒီနှစ် ဆောင်းအပြေးမှာ ဒေါင်းမွေးမယ့်စိတ်ကူး ဖျက်ရမလို ပါလား။ ဈေးကြိုက်တော့ ဒေါင်းမကြိုက်၊ ဒေါင်းကြိုက်တော့ ဈေးမကိုက်နဲ့ ခုထိမဝယ်ဖြစ်သေးဘူး။ ပြီးခဲ့တဲ့အပတ်က တောဈေးသွားရင်း ၇ ပတ်သား ကြက်ဆင်လေးတွေ တွေ့တာနဲ့ အဖလေးတစ်ကောင် အမလေးနှစ်ကောင်ဝယ်ခဲ့တယ်။ တနေကုန်လိုလို ၃ ကောင်သား အပြင်မှာချည်းပဲ။ မြက်နုလေးတွေ ကိုက်လိုက် ပိုးကောင်မွှားကောင်လေးတွေ ဖမ်းစားလိုက် ပါးစပ်ကလည်း ကီကီ-ကီကီနဲ့ မပြတ်ကိုမြည်နေပါရော့လား။ ရွှေပြည်ကြီးမှာတော့ ဗကသဒေါင်းပျိုတွေ ခွပ်လက်ကောင်းဆဲ။ ဒေါင်းအိုကြီးတွေတော့ ဈေးပေါင်ကျိုးမို့ ရတဲ့ဈေးနဲ့ ထိုးမရောင်းစေချင်။ ပြောသာပြောရတာပါ မရောင်းပါဘူးဆို ချိန်မှာသာချိန်စမ်းပါက နှုတ်ထွက်စကားလိုဖြစ်နေပြီ။ စကားနောက်မှာ တရားပါတယ်မဟုတ်လား။

(ပတ်ကြမ်းရွှေမန်းတိုက်တာ)
၂ဝ၁၅ သင်္ကြန်ကျရင် တူးပို့တူးပို့တွေနဲ့ ရွှေမန်းကငွေဖလားကြီးနဲ့ သပြေခက်နဲ့ရေတွေပက်လို့၊ လက်ခုပ်လက်ဝါးတွေတီး တီးခေါင်တီးခေါင် တီးခေါင်လားဟေ့နဲ့ ကွေးနေအောင်ကတာတို့ မြင်ရမယ်တော့မထင်။ "ကိုရွှေမန်း စီးပွားရေးလုပ်နေတာ မောင်ရင်တို့သားအဖတွေချည်းပဲမဟုတ်ဘူး။ ရပြီ ခွာလိုက်တော့".. ဆိုတဲ့တချက်တည်းနဲ့ ဌေးဦး အောင်သောင်း ရွှေမန်း (၃)ဦးဂိုဏ်း ပတ်ကြမ်းတိုက်တော့တာ။

(ဂုရုပြောတဲ့အရသာ)
ခင်မင်သူအတော်များများက ဂုရုလို့ခေါ်တဲ့ မောင်မြင့်အောင်ရဲ့အိမ်နံမည်က မောင်နေလဗျ။ သူ့မှာ မောင်သီလလို့ခေါ်တဲ့ညီတယောက်နဲ့ ခင်နင်းဖွေးလို့ခေါ်တဲ့နှမတယောက်ရှိသဗျာ။ သူတို့အမေအမည်က ဦးသန်းစောတို့ ဦးလှကြည်တို့ ကိုရဲဝင်း(အရှည်ကြီး)တို့ ကိုမျိုးသန့် (ဂျပ်ကြီးခေါ် ခွန်းခ)တို့၊ ကိုမြင့်ထွန်းခေါ် ကဗျာဆရာကိုဖူးသစ်တို့ ခေါ်တော့ ဒေါ်အေးကြွယ်တဲ့။ ဂုရုအဖေဦးအောင်ခင် (စာရေးတဲ့ အောင်မြိုင်)ကတော့ ကြွယ်ကြီးတဲ့။ သူ့ဇနီးကိုချစ်လို့နဲ့ တူပါတယ်။
ဦးအောင်ခင်နဲ့ကျနော်က အမှုတွဲဗျ။ ၄၈၂၈ ယူဂျီကိစ္စပေါ့ဗျာ။ ထောင်ထဲရောက်တော့ ကျနော့်နိုင်ငံရေးက အားငယ်ချင်စရာ။ တယောက်နဲ့တယောက်မိတ်ဆက်လိုက်တာနဲ့ ဥက္ကဌ၊ အတွင်းရေးမှူး၊ ပါတီခေါင်းဆောင်တွေအကြားမှာ ကျနော်က ယူဂျီ။ ယူဂျီမှာမှ ကိုင်းဖျားကိုင်းနား။ နောက်ပြီး တပ်တွက်၊ ဒုက္ခိတ၊ တွေးသာကြည့်တော့။ အဲ့လို နိုင်ငံရေးအားငယ်ချိန်မှာ ကိုအောင်ခင်က ကျနော့်အားပေးဖော်ပဲ။ ကျနော့်ဆရာပဲ။ သူ ကျနော့်ကို သင်ကြားပေးသလို ကျနော်သူ့ကို လေ့လာခဲ့ဖူးတာပါပဲ။
အိပ်မရတဲ့ညတွေမှာ တိုက်ခန်းအမိုးမျက်နှာကြက်ထုံးဖြူဖြူတွေကို ဘာအဓိပ္ပါယ်မှမပါတဲ့ မျက်လုံးတွေနဲ့လှန်ကြည့်ရင်း သူ့သားကြီး မောင်နေလခေါ် မောင်မြင့်အောင်အကြောင်းပြောဖူးတယ်။
အများကြီးတော့ မဟုတ်ဘူး။ နောက်တော့ ကျနော် မဲဆောက်ရောက်လာတယ်။ မောင်မြင့်အောင်ကို ဂုရုအဖြစ်နဲ့တွေ့တယ်။ လူကြီးလေးတစ်ယောက်လိုပဲ။
တနေ့ ဂုရုနဲ့ကျနော်တို့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ အပစ်အခတ်ရပ်စဲရေးကိစ္စတွေပြောရင်း လူတယောက်အကြောင်းရောက်လာတော့ ဆို့ဆို့နစ်နစ် ကြေကြေကွဲကွဲနဲ့"အဲ့ဒီလူက လက်နက်ချအရသာ တွေ့ဖူးတဲ့လူဗျ"တဲ့။ အဲ့ဒီတုန်းက သူပြောတာ ကျနော်သဘောမပေါက်ဘူး။ ခုတော့ နားလည်ပြီ။ သူပြောတဲ့ "အဲ့ဒီလူ"က ဘုရားတွေဖူးလို့၊ ရေတွေကူးလို့။ ကားဈေးတွေပြောလို့၊ ငြိမ်းချမ်းရေးနှစ်ပြန်ရလို့။
ခုနေ ဂုရုသာရှိရင် ဘယ့်နှယ်ဆိုမယ် မပြောတတ်။


0 comments:

Post a Comment