Saturday, July 12, 2014

၂ဝ၁၄ ဂျူလိုင်လလည်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ-၁-(မျိုးမြင့်ချို)

0 comments
၂ဝ၁၄ ဂျူလိုင်လလည်ထဲရေးဖြစ်တဲ့ တိုနန့်နန့်လေးတွေ၁-(မျိုးမြင့်ချို)
(အယူဆိုးတို့နေဝင်ချိန်)
ဘာသာလူမျိုးအယူသီးအစွန်းရောက် အကြမ်းဖက်ဘုန်းကြီးဆိုးတွေ၊ လူမသမာတွေ၊ စီးပွားရေးသမားတွေနဲ့
စစ်အုပ်စုဦးစီးတဲ့ ပြည်ဖျက်ပွဲဟာ ဂယက်တခုမျှသာမဟုတ်ဘူး။ အမုန်း အာဃာတ နာကျည်းမှု အကြောက်တရားနဲ့ လက်စားချေလိုစိတ်တွေကိုပါ မျိုးဆက်နဲ့ချီပြီး မွေးမြူမိသွားစေတဲ့ လှိုင်းကြီးပဲ။ မျိုးဆက်နဲ့ချီ စနစ်တကျတည်ဆောက်လာခဲ့တာရဲ့ ရလဒ်ပဲ။ ဗြမ္မစိုရ်တရားနဲ့ တွင်တွင်ဆုံးမတဲ့သာသနာဟာ ခုတော့ ကမ္ဘာပုံအလည်မှာ အရှက်သည်းစရာဖြစ်ခဲ့ပြီ။ ဘုန်းကြီးယုတ်ဘုန်းကြီးဆိုးတွေရဲ့သွန်သင်ချက်ဖြစ်တဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဟာ သူ့အသက်သတ်ရေး သူ့ဥစ္စာဖျက်ဆီးလုယက်ရေး၊ သူ့အယူပျက်သုဉ်းရေးဆီဦးတည်တဲ့ အမုန်းတရားဖြန့်ချိရာဖြစ်ခဲ့ပြီ။ ကိုယ့်အယူအတွင်းမှာတောင် လွတ်လပ်မှုကိုခြံခတ်တဲ့အခါ၊ စည်းပြန်သားတဲ့အခါ သူတပါးအယူကို ဘယ့်နှယ်လို့သည်းခံစိတ်ရှည်မှု ရှိနိုင်ပါ့မလဲ။ လူတို့ရဲ့ချစ်ခြင်းမေတ္တာကို၊ လူတို့ရဲ့ဘဝနေမှုပုံစံကို၊ အိမ်ထောင်ဘက်နဲ့ချစ်သူရွေးချယ်ရာကို၊ ဘဝတည်ဆောက်ရာကို၊ မိသားစုကို ဘယ်လိုဖြစ်ရမယ်လို့ ဘယ်ဘုန်းကြီးမှာမှ ဘယ်ဘာသာရေးဆရာမှာမှ ပြဌာန်းခွင့်မရှိဘူး။ ဘယ်လိုအိမ်ထောင်ဘက်ကိုယူရင် ထောင်ဘယ်နှနှစ် ငွေဒဏ်ဘယ်လောက်ချလို့ မိန်းမအပေါ် အမျိုးသမီးထုအပေါ် ဥပဒေနဲ့တနည်း ဘာသာရေးနဲ့တသွယ်ကွပ်ညပ်တာ ဖိနှိပ်တာမှန်သမျှကို အပြီးအပြတ်အတိအလင်းဆန့်ကျင်တယ်။ ခုသွားနေတဲ့လမ်းကြောင်းကို မဖျက်ဆီးမဟန့်တားနိုင်ခဲ့ရင် အစ္စလာမ်နဲ့ အခြားအယူသီးအစွန်းရောက်တွေလုပ်သလို ခဲနဲ့ပေါက်သတ်တို့ ခေါင်းဖြတ်သတ်တို့ဖြစ်မလာဘူးလို့ ခင်ဗျားအာမခံဝံ့သလား။
ဒီအတိုင်းဆက်သာသွား ဦးပြည်းကတုံးနဲ့၊ သင်္ကန်းခြုံနဲ့၊ ထမင်း ၂ နပ်အချိန်လွှဲစားရုံနဲ့ လူ့လောကနဲ့ကင်းကွာသယောင် လူ့ထက်ပိုမြင့်မြတ်သယောင် ဟန်ဆောင်မျက်နှာဖုံးနဲ့ သီလကြောင်အမုန်းတရားဖြန့် အလ္လဇီရဟန်းမှန်သမျှ မုချ ကျဆုံးသွားရမှာပဲ။

(လေးပွင့်ဆိုင်ဟန်ချက်ညီ ပြည်ဖျက်တဲ့ကိစ္စ)
၄၃၆ ပြင်ရေးလက်မှတ်ထိုးလှုံ့ဆော်မှုကို အရှိန်အဟုန်မြှင့်လုပ်သွားမယ်ဆိုတာ ကိစ္စကောင်း ကြားရကောင်းတာအမှန်။ လူတွေကြားလည်း အားနဲ့မျှော်လင့်ချက် ဖြစ်စေတာအမှန်။ စီအာပီပီနဲ့ ၄၃၆ ကိစ္စအရင်းခံပြီး အခြားအရေးကြီးကိစ္စတွေပြောဖြစ်ဆိုဖြစ် သဘောထားအမြင်တူအောင်ညှိပြီး ကြေညာချက်ထွက်လာတာ ကြိုကိုကြိုဆိုရမယ့်ကိစ္စလို့မြင်တယ်။ စီအာပီပီနဲ့ ပြန်ပေါင်းထုတ်ဖို့ခြေလှမ်းအစပျိုးချက် ဖြစ်ပါစေပဲတွေးတယ်။ အခြားမိတ်ဘက်ပါတီတွေ၊ လူမျိုးစုပါတီနဲ့အဖွဲ့အစည်းတွေနဲ့ဆက်ဆံရေးပါ ခုနေချိန်မှာ အပီတည်ဆောက်မယ်ဆို အတိုင်းထက်အလွန်ပဲ။ ၄၃၆ ပြင်ရေး ဘယ်ပုံဘယ်နည်းမြှင့်မှာလဲ၊ ဘယ်အထိမြှင့်မှာလဲ ဘယ်အထိဦးတည်မှာလဲ၊ လက်မှတ်တွေ များနိုင်သမျှ များများရရေးအထိပဲလား၊ လူထုလှုပ်ရှားမှုအထိလား ဘာလားညာလားတော့ သိတ်သဲသဲကွဲကွဲမရှိသေး။ လူထုအားနဲ့ လူထုလှုပ်ရှားမှုဖြစ်စေဖို့
အစပျိုးချက်ဟာ ရွှေမန်း ဌေးဦး အောင်သောင်း (၃)ယောက်ပေါင်း လောင်းကျော်ပွဲမှာ ရွှေမန်းဟန့်လုံးကြောင့်တော့ဖြင့် ခြေတန့်သွားတာမျိုးဖြစ်စရာတော့ မရှိဘူး။ ဒါပေမယ့် ဒီစကားကို လျှော့မတွက်မိဖို့တော့လိုတယ်။ ဘာသာရေး လူမျိုးရေးအယူသီး
အစွန်းရောက်ဘုန်းကြီးဆိုးတွေနဲ့ လူမသမာတွေနဲ့ စီးပွားရေးသမားတွေနဲ့ စစ်အုပ်စုနဲ့ လေးပွင့်ဆိုင်ဟန်ချက်ညီပြည်ဖျက်နေတာမှာ မိမိနိုင်ငံရေးလှုပ်ရှားမှုကို တန်ပြန်ဖို့၊ လှည့်ကွက်ဆင်လူထုကိုအာရုံပြောင်းဖို့ဆိုတာထက် ပိုမရှူမမြင်ရင် အင်န်အယ်လ်ဒီထဲက ဘာသာစွဲလူမျိုးစွဲစိတ်ပြင်းသူတွေကိုဖယ်ရှားဖို့ဆိုတာ ဘယ်လိုမှဖြစ်နိုင်မှာမဟုတ်ဘူး။ အင်န်အယ်လ်ဒီထဲမှာ အဲ့လိုလူတွေ ရေရှည်အတွက် ဝင်မြှုတ်ထားတာ၊ ဝင်ငုတ်နေတာ၊ လက်ထွက်ထွက်လာတာ တွေ့နေရတယ်။ ခု ပါတီတွင်းမှာ ဒေါ်စုအရှိန်အဝှာသြဇာကို လွန်ဆန်မရသေးလို့သာ လက်လျှိုနေကြတာပဲ။ လူ့အခွင့်အရေးဆိုတာ လူမျိုးစုံ၊ ဘာသာစုံ၊ အယူအဆစုံ၊ အသားအရောင်၊
ကျား-မ ဘာမှမခွဲပဲ ချစ်ကြည်ရင်းနှီး တန်းတူညီမျှ ဘဝအာမခံချက်ရှိတဲ့၊ မျှတတဲ့ဥပဒေတွေအောက်မှာ လူတိုင်းလူတိုင်းလုံလုံခြုံခြုံနဲ့ အသက်မွေးဝမ်းကြောင်းပြုနိုင်ကြတာပဲ။

(ကိုတင်ဆန်းရဲ့ယူနတီကိစ္စ)
ကိုတင်ဆန်း(အဲ့ဒီတုန်းက ပြုံးချို+တင်ဆန်း ရကသလို့ခေါ်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌ)
ဦးအောင်လွင်(မင်းသား ဒါရိုက်တာ စံရွှေမောင်၊ အဲ့ဒီတုန်းက အင်န်အယ်ဒီစီအီးစီ)
စစ်ကိုင်းတင်ဝင်း(နောင်ရိုး တင်ဝင်းလည်းခေါ်တဲ့ ဦးတင်ဝင်း၊ အရင် ဦးနုပီဒီပီပါတီကနေ မြေအောက်လုပ်ငန်းကိစ္စနဲ့ သေဒဏ်ကျဖူးသူ၊ ကြိုးလွတ်၊ ၈၈ အရေးတော်ပုံမှာ စစ်ကိုင်းမြို့ကနေဆောင်ပြီး တိုက်ပွဲဝင်သူ၊ ဦးရဲထွန်းတို့အမှုတွဲ)
ကိုစည်သူ(ထောင်ထဲကွယ်လွန်သွားတဲ့စည်သူမဟုတ်သလို စည်သူမြသန်းလည်းမဟုတ်တဲ့ အခြားစည်သူ)
ပြီးတော့
ကျနော်(ဗကပ ယူဂျီကိုင်းဖျားကိုင်းနား)

နိုင်ငံရေးထိန်းသိမ်း ပုဒ်မ(၁ဝ/က)နဲ့
အင်းစိန်ထောင် (၁)တိုက် အခန်း(၉)မှာ ၁၉၈၉ ဂျူလိုင်ကနေ နိုဝင်ဘာအထိ တခန်းထဲအတူနေခဲ့ကြတယ်။
၁၂ ပေ ၈ ပေကျယ်တဲ့အခန်းလေးထဲ 
ချီးပါလည်း ဒီနေရာ
သေးပေါက်လည်း ဒီနေရာ
ဘုရာရှိခိုးလည်း ဒီနေရာ
တရားထိုင်လည်း ဒီနေရာ
နိုင်ငံရေးပြောလည်း ဒီနေရာ
အခြေအတင်ငြင်းကြခုန်ကြလည်း ဒီနေရာ
ထမင်းစား
ရေသောက်
လမ်းလျှောက်
ထိုင်
အိပ်
မကျေမနပ် တောက်ခေါက်လည်း ဒီနေရာ
ဒီနေရာ
ဒီနေရာပဲ။

ဒီနေရာလေးမှာပဲ
နေ့တိုင်းနေ့တိုင်းတနေ့ကို ၂၃ နာရီနဲ့ ၁၅ မိနစ်တိတိ 
ပိတ်လှောင်ခံဘဝတွေနဲ့ နေခဲ့ကြရတာလည်း 
အဲ့ဒီနေရာပဲ။ 

ဒီနေရာလေးမှာပဲ
စစ်အာဏာရှင်စနစ်ဆိုးကို
ဆန့်ကျင်တွန်းလှန်အာခံခဲ့ကြတာလည်း
အဲ့ဒီနေရာပဲ။

ကျနော်တို့
ခင်ဗျားတို့အားလုံး
ခုထိ
စစ်အာဏာကို
ခံတိုက်နေကြတုန်း
ကျနော်က အမေရိက ကနေ
ဦးအောင်လွင်က ဗမာပြည်ကနေ
စစ်ကိုင်းတင်ဝင်းက တမလွန်ကနေ
ကိုစည်သူကတော့(သတင်းအစအနမရပေမယ့်)တနေရာရာကနေ
ကိုတင်ဆန်းကတော့
တိုက်ရင်းတန်းလန်းနဲ့
ထောင်ကျပြန်ပြီ
(၁၀) နှစ်တဲ့။

ဆက်တိုက် ကိုတင်ဆန်း
ကျနော့်လည်းယုံထား ဆက်တိုက်နေမယ်ဆိုတာ
ယုံထားတော့။

ကျနော် စိတ်ထိခိုက်တယ် ကိုတင်ဆန်း
ကျနော် စိတ်မကောင်းဘူး ကိုတင်ဆန်း
ကျနော် တက်ခေါက်တယ် ကိုတင်ဆန်း

သမ္မတကြီးကို ခင်ဗျားမယုံသလို
ကျနော်လည်းမယုံဘူး
ခင်ဗျား လွတ်ပါစေလို့
ကျနော် ဆုမတောင်းဘူး
ငါးမလွှတ်ဘူး
ငှက်မလွတ်ဘူး
ဆုတောင်းပေးမယ့်လူ
ငါးလွှတ်မယ့်လူ
ငှက်လွတ်မယ့်လူတွေနဲ့အတူ
ခင်ဗျားကိုလွှတ်ပေးလို့
လွှတ်ပေးဖို့ 
ကျနော်လည်း နိုင်သလောက် ဝင်ကူမယ်။

ခု
ကျနော်
စိတ်ထိခိုက်တယ်
ကျနော်
စိတ်မကောင်ဘူး

ခင်ဗျား
ဟိုတုန်းကလိုပဲ
အဲ့ဒီအခန်းကျဉ်းလေးကို
ကမ္ဘာလုပ်ပြီး ခဏနေဦး

ခင်ဗျား
အဲ့ဒီအခန်းကျဉ်းလေးထဲရှိခဲ့ဖူးတာ
ခုရှိနေတယ်ဆိုတာ
စစ်အာဏာဟာ 
သဏ္ဍန်ပြောင်းပြီးတည်တုန်းရဲ့
အကောင်းဆုံးပြယုဂ်ပဲ ကိုတင်ဆန်း။

0 comments:

Post a Comment