Monday, July 7, 2014

“ဥပဒေ သရဖူ” ဆောင်းလာတဲ့ ဘာသာရေးလူမျိုးရေးအကြမ်းဖက်မှုများ(တူမောင်ညို)

0 comments
ကြံ့ဖွံ့အစိုးရသမ္မတ(ဗိုလ်)ဦးသိန်းစိန်တို့ရဲ့ “စည်းကမ်းပြည့် ဝသောဒီမိုကရေစီ”လေးဘက်သွားခါစကာလမှာ ဘာသာရေး/လူမျိုးရေးခုတုံးလုပ်ပြီး အကြမ်းဖက်တဲ့ လုပ်ရပ်တွေ ဘာကြောင့်ပေါ်ပေါက်လာရသလဲ။
လိုအပ်ချက်အရပေါ်ပေါက်လာရတာပါ။
ဘယ်သူတွေရဲ့လိုအပ်ချက်လဲ။
(နဝတ-နအဖ) စစ်အစိုးရရဲ့အာဏာအမွေစားအမွေခံ ကြံ့ဖွံ့အစိုးရ၊ လွှတ်တော်၊ စစ်တပ်တို့ရဲ့လိုအပ်ချက်အရ ပေါ်လာရတာဖြစ်ပါတယ်။ ဘာသာရေး/လူမျိုးရေး အဓိကရုဏ်း/အကြမ်းဖက်မှုတို့ဆိုတာ အုပ်စိုးသူတွေကသာ ဖန်တီးနိုင်တာ/ အကျယ်ချဲ့နိုင်တာ ဖြစ်ပါတယ်။ ပေါ်စေ/ပျောက်စေဆိုတာ အုပ်စိုးသူတွေအပေါ်မှာသာ တည်နေတာဖြစ်ပါတယ်။ လူထုအစိတ်အပိုင်းအချို့ကြားမှာ တရုတ်ဆန့်ကျင်ရေး ရေခံမြေခံရှိနေပြီး၊ ပြည်တွင်းပြည်ပ လှုံ့ဆော်နေသော်လည်း တရုတ်ဆန့်ကျင်ရေး ပေါ်ပေါက်မလာသေးတာဟာ အုပ်စိုးသူအစိုးရလိုအပ်ချက်နဲ့ မကိုက်ညီသေးလို့သာဖြစ်ပါတယ်။ [ လိုအပ်ချက်ရှိလာတဲ့အချိန်မှာတော့ အုပ်စိုးသူအပေါ်ဦးတည်နေတဲ့ “လူထုဆန် ပြဿနာ”အမျက်ဒေါသကို “တရုတ်ဗမာအရေးအခင်း(၁၉၆၇) ”အဖြစ် အုပ်စိုးသူ (တော်လှန်ရေးကောင်စီ) က လူမျိုးရေးရန်တိုက်ပေးမှုအဖြစ် လမ်းကြောင်းလွှဲပေးခဲ့တယ်မဟုတ်ပါလား]

(နဝတ-နအဖ) စစ်အစိုးရ လက်ထက်မှာ ဘာသာရေး/လူမျိုးရေးအဓိကရုဏ်းတွေ မပေါ်ပေါက်ခဲ့ဘဲ၊ “အခြေခံဥပဒေနဲ့အုပ်စိုးတဲ့အစိုးရ” လက်ထက်မှာပေါ်လာတာဟာ “ဒီမိုကရေစီရှိလာလို့” ဆိုတဲ့သုံးသပ်ပြောဆိုတာဟာ ယနေ့အုပ်စိုးသူများရဲ့လှည့်စားမ
ဦးတည်ချက်ကို အလိုတူအလိုပါ ကြိုးစားပမ်းစား ဖုံးကွယ်ပေးတာ/ကာကွယ်ပေးတာသာလျှင်ဖြစ်ပါတယ်။
(နဝတ-နအဖ) စစ်အစိုးရလက်ထက်မှာ စစ်အာဏာရှင်စနစ်၊ စစ်ဗျူရိုကရက်ယန္တယားနဲ့ ပြည်သူလူထုကို အလုံးစုံအကြမ်းဖက် ဖိနှိပ်အုပ်စိုးထားတာဖြစ်တယ်။ ဒီတော့ ဘာသာရေး/လူမျိုးရေး အဓိကရုဏ်းတွေ ယခုကာလမှာကဲ့သို့ ပေါ်ဖို့မလိုဘူး။ ဘာသာရေး/လူမျိုးရေးအကြမ်းဖက်မှုမျိုးစုံကို စစ်တပ်က(တောင်ပေါ်/မြေပြန့်မှာ) ကန်ထရိုက်ယူထားချိန်ဖြစ်တယ်။ တစ်ခါတလေ လိုအပ်ချက်ရှိလာတဲ့အခါမှာတော့ အလတ်စားနဲ့အကြီးစားအကြမ်းဖက်မှုတွေကို နယ်ပယ်အချို့မှာ စစ်အစိုးရက “ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းနဲ့ စွမ်းအားရှင်” ဆိုသူများကို ပုတ်ပြတ်ပေးပြီး
ခိုင်းလေ့ရှိပါတယ်။
ဒီလိုနဲ့ “ကမ္ဘာအေးဘုရားလမ်းပေါ်ကအကြမ်းဖက်မှု”၊ “ဒီပဲယင်းအကြမ်းဖက်မှု” စတာတွေ ပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။
“အခြေခံဥပဒေနဲ့အုပ်စိုးတဲ့အစိုးရ” လက်ထက်မှာ စစ်တပ်က(နဝတ-နအဖ)ခေတ်မှာလို နေရာတကာမှာ အလုံးစုံအကြမ်းဖက်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ “အခြေခံဥပဒေနဲ့အုပ်စိုးတဲ့အစိုးရ” ဆိုတဲ့ သဏ္ဍာန်နဲ့သရုပ်တူမှဖြစ်မယ် မဟုတ်လား။
ပြီးတော့ တချိန်က လက်ခွဲယူပြီး အကြမ်းဖက်ခဲ့တဲ့ “ ပြည်ထောင်စုကြံ့ခိုင်ရေးအသင်းကြီး” ဆိုတာကလည်း “ကြံ့ဖွံ့ပါတီ” ဖြစ်လာခဲ့ပြီမဟုတ်လား။ ဒီတော့ အကြမ်းဖက်ဇာတ်ညွန်းသစ်အတွက် အကြမ်းဖက်လူရမ်းကားအုပ်စုအသစ်တွေ ဖော်ထုတ်ဖန်တီးလာရတော့တယ်။ မြို့နယ်တွေတိုင်းမှာ ယခင်ကရှိပြီးဖြစ်တဲ့“စွမ်းအားရှင်”ဆိုတဲ့ အကြမ်းဖက်လူရမ်းကားအစုတွေကို လက်ရင်းထား ချုပ်ကိုင်ညွန်ကြားပြီး ဘာသာရေး/လူမျိုးရေးအကြမ်းဖက်မှုတွေကို ချိန်ကိုက်ဖန်တီးလှုပ်ရှားစေတယ်။ လူရမ်းကားတွေရဲ့အကြမ်းဖက်မှုတွေကို “ အချိန်မီဟန့်တားခြင်း/ထိရောက်စွာ အရေးယူကိုင်တွယ်မှုမပြုခြင်း/
လက်ပိုက်ကြည့်နေခြင်းတို့ဖြင့် ရဲ/စစ်တပ် စတဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေက အားဖြည့်ကူညီပေးခဲ့ကြတယ်။ စိတ်ကြိုက်၊ သတ်ဖြတ်၊ လုယက်၊ မီးရှို့ဖျက်ဆီးပြီးတော့မှ ရဲနဲ့စစ်တပ်ကဝင်ရောက်ပါတယ်။ ရဲက အကြမ်းဖက်ရမ်းကားနေသူများကို “ညီလေးတို့ရာ ဒီလောက်ဆိုကျေနပ်ကြပါတော့”ဆိုပြီး နားချတယ်။

ဒီလိုနဲ့ ရခိုင်ပြည်နယ်ထဲက နှစ်ကျော့ပြန်၊သုံးကျော့ပြန် အကြမ်းဖက်မှုတွေ၊ မိထ္ထီလာ၊ ဥက္ကံ၊ ထန်းကုန်း၊ လားရှိုး၊ တိုက်ကြီးဘက်က အကြမ်းဖက်မှုတွေပေါ်ပေါက်လာရတာပါ။ ကျယ်ပြန့်လာရတာပါ။ အဲဒီဖန်တီးမှုတွေဟာ အခုတော့ မျိုးစောင့်ဥပဒေ ၃ ခု (ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်းထိန်းညှိရေးဆိုင်ရာ ဥပဒေ၊ တစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ) အဖြစ်နဲ့ ဖွဲ့တည်လာခဲ့ပါပြီ။ ဘာသာရေး/လူမျိုးရေး အကြမ်းဖက်မှုတွေကနေ ဘာသာရေး/လူမျိုးရေး ခွဲခြားဖိနှိပ်တဲ့ ဥပဒေတွေကိုဖန်တီးလာခဲ့ပါပြီ။ ဒီဥပဒေ ၃ ခုကို ဘယ်သူတွေက တာဝန်ယူပြီး မူကြမ်းရေးသားပေးသလဲဆိုတဲ့အချက်ကပဲ၊ ဒီအကြမ်းဖက်မှုရဲ့
ဖော်ထုတ်မရတဲ့နောက်ကွယ်ကကြိုးကိုင်သူ ဘယ်သူဖြစ်သလဲဆိုတဲ့ အချက်ကို ဖော်ထုတ်ဝန်ခံနေပါတယ်။ သူခိုးဟာ၊ လူသတ်သမားဟာ သူ့ကိုယ်သူ သူခိုးပါ၊ လူသတ်သမားပါလို့ ထုတ်ဖော်ဝန်ခံခြင်းမပြုသလိုပါပဲ။ ကြံ့ဖွံ့အစိုးရဟာ
အကြမ်းဖက်မှုများရဲ့ဇာတ်ညွန်း/ဒါရိုက်တာဟာ သူတို့သာလျှင်ဖြစ်တယ်ဆိုတာကို ဘယ်လိုလုပ်ပြီး ဖော်ထုတ်ပြောဆိုပါ့မလဲ။ ဖော်ထုတ်မှာလဲ။
သို့သော်လည်း “ဘာသာရေး/လူမျိုးရေး အကြမ်းဖက်မှုသတို့သား” ကို ကြံ့ဖွံ့အစိုးရက
“ဥပဒေ”ဆိုတဲ့ သဖူဆောင်းပေးလိုက်ခြင်းအားဖြင့် ဘယ်သူဘာလဲဆိုတာ လုံလောက်သွားပါပြီ၊ တိုင်ပေါ်အလံစိုက်လိုက်ပါပြီ။ ဒါဟာပြည်သူတွေရဲ့အသက်သွေးချွေးစည်းစိမ် ဥစ္စာတွေ မိုက်မိုက်ကန်းကန်းစတေးပြီး ဘာသာရေး/လူမျိုးရေး အကြမ်းဖက်ရှော်ဗင်ဝါဒကို ဗြောင်လုပ်ကြံဖန်တီးလိုက်ခြင်းဖြစ်ပါတယ်။
ဒီလို ဘာသာရေး/လူမျိုးရေး သွေးခွဲမှိုင်းတိုက်တဲ့လုပ်ရပ်တွေနဲ့ပဲ အတိုက်အခံပါတီကို တိုင်းရင်းသားလူမျိုးစုအချို့အကြား သပ်ရှိုထားပါတယ်။

ဗုဒ္ဓဘာသာကိုးကွယ်သူပြည်သူများနဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူပြည်သူများအကြား ရန်တိုက်ပေးထားပါတယ်၊ သံဃာတော်များအတွင်းမှာလည်း (မဟန) ရှိနေပါလျက်
(မဘသ)ကို ပွဲထုတ်ပြီး သံဃာချင်းဂိုဏ်းကွဲစေခဲ့ပါတယ်။
ဒီလိုဘာသာရေး/လူမျိုးရေးမှိုင်းတိုက်မှုအောက်မှာ “အနောက်ဖက်တံခါးလုံခြုံရေး၊ အရိုးနဲ့စည်းရိုးကားမယ်၊ ပြည်ပကကျူးကျော်လာခဲ့ရင် တပ်မတော်ကြီးအတူတိုက်ပွဲဝင်မယ်” ဆိုတဲ့ ငယ်သံပါတဲ့အော်ဟစ်သံတွေ ထွက်လာခဲ့ပါတယ်။ အမျိုးသားစီးပွားရေး
ဆင်းရဲနုံချာလှတဲ့တိုင်းပြည်၊ပြည်ပနိုင်ငံပေါင်းစုံကိုမှီခို၊ လက်ယပ်ခေါ်၊ လက်ဖြန့်နေရတဲ့တိုင်းပြည်၊ အမျိုးသားသွေးစည်းမှု လုံးဝမရှိတဲ့တိုင်းပြည်၊ ဘာသာရေးလူမျိုးရေး ရန်တိုက်ပေးထားခြင်းခံရတဲ့တိုင်းပြည်၊ ခေတ်မီတပ်မတော်တစ်ခုရဲ့ကြန်အင်လက္ခဏာ ချို့တဲ့ကြုံလှီလှတဲ့တိုင်းပြည်ဟာ ဘယ် ပြည်ပရန်သူကိုမျှ ခုခံနိုင်မှာ မဟုတ်သလို အနိုင်တိုက်နိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။

ကမ္ဘာ့ဗိုလ်ကြီးက “သေနတ်တစ်ချက်မဖောက်ရပဲ အိပ်ကပ်ထဲရောက်လာပြီ”လို့ ပြောတာကို မတုန့်ပြန်ဝံ့ဘဲ၊ အမြှီးကုပ်နေရသူက (RSO)ကို ပြည်ပကျူးကျော်သူအဖြစ် အကျယ်ချဲ့ပြပြီး မျိုးချစ်စိတ်ဓါတ်ထက်သန်ပြနေတာကလည်း ရယ်စရာကောင်းလှပါတယ်။ စစ်တပ်က ကြွားသလိုနဲ့ တိုင်းရင်းသားလက်နက်ကိုင်များကို ချောက်လှန့်ထုတ်ပြနေတဲ့ စစ်လေယာဉ်၊ စစ်သင်္ဘော၊ တင့်ကား၊ အမြောက်ဆိုတာတွေဟာ ခေတ်ဟောင်း၊ ဒိတ်လွန်တွေသာဖြစ်တယ်ဆိုတာ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေက သိကြပါတယ်။

အထက်မှာရေးခဲ့သလို အုပ်စိုးသူအစိုးရဟာ သူတို့ကိုယ်တိုင်အကြမ်းဖက်မှုတွေ မလုပ်တော့ဘူးလား။ လုပ်နေဆဲပါ။ ပြည်သူတွေကိုနည်းနာသစ်တွေနဲ့ ပိုပြီး ထိထိရောက်ရောက်အကြမ်းဖက်ဖိနှိပ်နိုင်ဖို့ (EU)ရဲ့ပညာပေးမှုအစီအစဉ်တွေကို အပြင်းအထန် လေ့ကျင့်သင်ယူနေကြပါတယ်။ ကမ္ဘာသိ အကြမ်းဖက်မှုတွေနဲ့လက်စွမ်းပြခဲ့တဲ့စစ်တပ်ကိုခေတ္တ အနားပေးထားချိန်မှာ ရဲတပ်ဖွဲ့ကို “လေ့ကျင့်ရင်းအကြမ်းဖက်၊ အကြမ်းဖက်ရင်းလေ့ကျင့်”ဆိုသလို လူထုဆန္ဒပြမှုတွေမှာ လက်စွမ်းပြခိုင်းစေနေပါတယ်။

သူတို့ဘဏ္ဍာရေးအသက်သွေးကြောကိုထိခိုက်စေတဲ့ လက်ပံတောင်းမှာ မီးလောင်ဗုံးနဲ့ပစ်တဲ့ကိစ္စမှာပဲကြည့်ပါ။ ကျူးကျော်နေထိုင်သူတွေပါဆိုပြီး ဘူဒိုဇာနဲ့ထိုးကော်နေတာတွေ၊ သန္တိသုခဘုန်းတော်ကြီးကျောင်းကို အချိန်မဟုတ်အခါမဟုတ် ဝင်ရောက်စီးနင်းခဲ့တဲ့ ပူပူ နွေးနွေးအကြမ်းဖက်တဲ့လုပ်ရပ်တွေကိုကြည့်ရင် ကြံ့ဖွံ့အစိုးရရဲ့သဘောထားနဲ့လုပ်ရပ်ကို ရှင်းလင်းစွာသိနိုင်ပါတယ်။ အုပ်စိုးသူများကတော့ အတိုက်အခံပါတီတွေအချင်းအချင်းအကြား၊ အတိုက်အခံပါတီတွေနဲ့ပြည်သူတွေအကြား၊ ပြည်သူတွေ အချင်းချင်းအကြား၊ ဘာသာရေး/လူမျိုးရေး သွေးထိုးရန်တိုက်ပေးထားခြင်းဖြင့် သူတို့အုပ်စိုးမှုလွယ်ကူလိမ့်မယ်။ ရေရှည်အုပ်စိုးထားနိုင်လိမ့်မယ်၊ သူတို့အပေါ် ပစ်မှတ်ထားနေတဲ့ နိုင်ငံရေး၊စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးအစရှိတဲ့ပြဿနာတွေကနေ ရှောင်လွှဲနိုင်မှာဖြစ်တယ်ဆိုတာ
ကောင်းစွာသဘောပေါက်ထားတယ်။ ဒါကြောင့်လည်း အခုလို သွေးခွဲသပ်ရှိုမှုတွေကို နည်းလမ်းပေါင်းစုံနဲ့ နယ်ပယ်ပေါင်းစုံကနေ မိုက်မိုက်ကန်းကန်း လုပ်နေတာဖြစ်ပါတယ်။

ဒီလို အုပ်စိုးသူက လုပ်ကြံဖန်တီးနေတဲ့အချက်ကို အတိုက်အခံပါတီများ၊ တိုင်းရင်းသားပြည်သူများကမသိမြင်ပဲ ရေလိုက်လွဲနေသမျှတော့ အုပ်စိုးသူကိုဆန့်ကျင်ပြီး စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ၊ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကလည်း ခရီးမတွင်ပဲဖြစ်နေပါလိမ့်မယ်။ အုပ်စိုးသူများအကြိုက်ပဲဖြစ်နေပါလိမ့်မယ်။

ဘာသာရေး/လူမျိုးရေး အဓိကရုဏ်း/အကြမ်းဖက်မှုတို့ဆိုတာတွေကို အုပ်စိုးသူများကသာ ဖန်တီးနိုင်တာ/အကျယ်ချဲ့နိုင်တာ ဖြစ်ပါတယ်။ ပေါ်စေ/ပျောက်စေဆိုတာ အုပ်စိုးသူတွေအပေါ်မှာသာ တည်နေတာဖြစ်ပါတယ်။

အခုတော့ “ဘာသာရေး/လူမျိုးရေး အကြမ်းဖက်မှုသတို့သား”ကို ကြံ့ဖွံ့အစိုးရက “ဥပဒေ”
ဆိုတဲ့ သဖူဆောင်းပေးလိုက်ပါပြီ။
ကြံ့ဖွံ့အစိုးရဖန်တီးနေတဲ့ “ဘာသာရေး/လူမျိုးရေးအကြမ်းဖက်ရှော်ဗင်ဝါဒ” ကို
လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံပြည်သူများက ဝိုင်းဝန်းဆန့်ကျင်တိုက်ဖျက်ကြပါစို့။

တူမောင်ညို(၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်)

0 comments:

Post a Comment