Sunday, August 24, 2014

ဗကပမြေပေါ်တက်ရေး(ရဲဘော်ဖိုးသံချောင်း)

0 comments
ဗကပမြေပေါ်တက်ရေး ရဲဘော်ဖိုးသံချောင်း
တနေ့ကဘီဘီစီက ကျွန်တော့်ကိုဗျူးတော့ ဗကပအနေနဲ့ ပြည်တွင်းကိုဝင်လို့ရအောင်လုပ်တာရှိသလား ဆိုတဲ့ အဓိပ္ပာယ်မျိုးမေးတာနဲ့ကြုံရပါတယ်။ အဲဒီတုန်းက အချိန်သိပ်မရမှန်းသိလို့ အခြေခံကျတဲ့အချက်တချို့ကို မပြောခဲ့ပါဘူး။ အခုပြောချင်ပါတယ်။
နံပတ်တစ် အခြေခံအကျဆုံးအချက်က တိုင်းပြည်တပြည်မှာ ဒီမိုကရေစီရှိမရှိ၊ ထွန်းကားမထွန်းကား ဆိုတာဟာ အုပ်စိုးသူအပေါ် မူတည်တာလား၊ သူ့ကိုဆန့်ကျန်နေတဲ့အင်အားစုတွေအပေါ် မူတည်တာလားဆိုတဲ့ အချက်ပါ။ နိုင်ငံတခုမှာ ဘယ်သူတွေ၊ ဘယ်အလွှာ၊ ဘယ်လူတန်းစား၊ ဘယ်ပါတီတွေကို ဒီမိုကရေစီပေးမယ်၊ ဘယ်လောက်ပေးမယ်ဆိုတာကို အုပ်စိုးသူတွေကသာ သတ်မှတ်နိုင်ပါတယ်။ သတ်မှတ်ပါတယ်။ သာမန်လူတွေက ငါ့မှာ ဘယ်လိုဒီမိုကရေစီမျိုးရှိတယ်လို့ သတ်မှတ်လို့မရပါဘူး။ ကိုယ်ဟာဘယ်လို၊ ဘယ်လောက် ဒီမိုကရေစီ ခံစားခွင့်ရှိတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲဒီအတိုင်း ရ/မရကို အုပ်စိုးသူအစိုးရကပြဋ္ဌာန်းပါတယ်။ တချိန်တုန်းကဆိုရင် ဒီချုပ်ဆိုတဲ့အဖွဲ့အစည်းတခုထဲက လူချင်းကိုပဲ ဒီမိုကရေစီခံစားခွင့်ကို ခွဲခြားပေးထားတာ မှတ်မိကြမယ်ထင်ပါတယ်။ ဒေါ်စုတို့၊ ဦးတင်ဦးတို့ကိုထောင်ထဲမှာထားပြီး တခြားလူတွေကိုတော့
တစုံတရာလုပ်ကိုင်ခွင့်ပြုထားခဲ့ပါတယ်။
ဒါဟာ ဗမာပြည်လွတ်လပ်ရေးရပြီးတဲ့နောက် နိုင်ငံရေးလောကမှာ အစိုးရအဆက်ဆက်ကျင့်သုံးခဲ့တဲ့ ကျင့်ထုံးဖြစ်ပါတယ်။ သူတို့ဖဆပလတွေကိုတော့ ပြူစောထီးတွေကတဆင့် လူသတ်ဖို့အထိခွင့်ပြုထားပြီး အတိုက်အခံတွေကိုတော့ ထောင်ထဲထည့်၊ တကျွန်းပို့တာတွေလုပ်ခဲ့ပါတယ်။ ကွန်မြူနစ်တွေ တောထဲ ရောက်ကုန်တာဟာလည်း ဖဆပလဆိုရှယ်လစ်တွေက ပါတီကို ဘူဒိုဇာနဲ့ကော်ထိုးသလို တနိုင်ငံလုံး တောင်သူလယ်သမားသမဂ္ဂမကျန်ဖမ်းဆီး အမြစ်ဖြုတ်ဖို့လုပ်လို့ဖြစ်တယ်ဆိုတာ အခုတော့ငြင်းဝံ့တဲ့လူ သိပ်မရှိတော့ပါဘူး။
ဒီနေ့အခါမှာ ဗိုလ်သိန်းစိန်စစ်အစိုးရနဲ့ သူတို့ခရိုနီတွေက လယ်မြေတွေကို ထင်သလိုသိမ်းခွင့်ရထားပြီး ဒီလိုလုပ်ရပ်ကိုဆန့်ကျင်သူတွေ ထောင်ရောက်တန်းရောက် ဖြစ်နေရတာဟာလည်း ဒီမိုကရေစီဆိုတာ ဘယ်လိုက်မှုရှိကြောင်းအတိအလင်းဖော်ပြနေတာဖြစ်ပါတယ်။ ဗိုလ်သိန်းစိန်ရဲ့ အရပ်ဝတ်စစ်အစိုးရဟာ လယ်သမားတွေကိုသေနတ်နဲ့ပစ်ဖို့ ရဲတွေရတဲ့ဒီမိုကရေစီအခွင့်အရေးမျိုး လယ်သမားတွေကိုမပေးနိုင်ဘူးမဟုတ်လား။
ဒီနေ့ ဗကပတရားဝင်ပြန်ရပ်တည်နိုင်ရေးကိစ္စအတွက် ဗကပဟာဘယ်သူနဲ့မဆိုစကားပြောနိုင်ကြောင်း ကြေညာထားခဲ့တာကြာလှပါပြီ။ စစ်အာဏာရှင်တွေက မသိချင်ဟန်ဆောင်၊ မမှုချင်ဟန်ပြုနေတာသာဖြစ်ပါတယ်။ အခုကျမှ ဒီပြဿနာအတွက် ဗကပကိုတရားခံလုပ်လို့ကတော့ သမိုင်းကိုနားမလည်ရာ၊ စစ်အစိုးရပြောသမျှ လက်ခံလောက်အောင် ရိုးညံ့တဲ့လူဖြစ်သွားမှာပါ။ ဒီကိစ္စမှာ ဘော့လုံးဟာ စစ်အစိုးရရဲ့ကွင်းဘက်မှာလို့ အတိအလင်းပြောနိုင်ပါတယ်။
အဲဒီအင်တာဗျူးမှာ ပိုအံ့သြစရာကောင်းတဲ့အပြောကတော့ ဗကပဟာ အစိုးရနဲ့စကားပြောနိုင်ဖို့အတွက် တခြားအဖွဲ့တွေလိုပဲ မြို့ပေါ်ကို အရင်တက်လာသင့်တယ် ဆိုတာပါပဲ။ ဒေါသနဲ့သာတုန့်ပြန်ရရင် "အဲဒီလို မြို့ပေါ်ကို တက်သွားလို့ သူ့အဘတွေက မဖမ်းဘူးလို့အာမခံနိုင်သလား"လို့ ပြောမိမှာပါပဲ။ ဗကပ မြို့ပေါ်ရောက်ဖို့ဆိုရင် ဦးစွာအားဖြင့် ပုဒ်မ၁၇(၁)ကို ဖျက်သိမ်းရပါမယ်။ နောက်ပြီး၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်အစိုးရရဲ့ ပါတီများမှတ်ပုံတင်ခွင့်ဥပဒေဆိုတာတွေအောက်မှာ ဗကပ မြို့ပေါ်တက်လို့ကတော့ “ဟ“ထားတဲ့ ကျားခံတွင်းထဲ ခုန်ဆင်းသလိုသာဖြစ်မှာပါ။
ဗကပကိုချေမှုန်းဖို့ အသေအလဲကြိုးစားခဲ့တဲ့ ဖဆပလ၊ ပထစ၊ မဆလအစိုးရတွေကြေပျက်သွားပြီး ၇၅နှစ် တည်တံ့နေတဲ့ပါတီဟာ ကိုယ့်ကိုယ်ကိုသတ်သေတဲ့အလုပ် လုပ်မှာ မဟုတ်ပါဘူး။

0 comments:

Post a Comment