Sunday, August 24, 2014

ဖိနှိပ်သွေးစုပ်မှုတွေရှိနေသမျှ တော်လှန်ရေးတွေရှိနေမယ် (ရဲဘော် ထင်ဦး)

0 comments
ဖိနှိပ်သွေးစုပ်မှုတွေရှိနေသမျှ  တော်လှန်ရေးတွေ ရှိနေမယ်(ရဲဘော် ထင်ဦး)(အရေးတော်ပုံဂျာနယ် အတွဲ ၂၊ အမှတ် ၂ မှ) အုပ်စိုးသူလူတန်း စားက တော်လှန်ရေးဆိုတဲ့စကားလုံးကို မှေးမှိန်၊ သေးသိမ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့လုပ်နေခြင်း၊ တိုင်းရင်းသူလွတ်တော်အမတ် တယောက်က ယခုတလော ကျင်းပနေဆဲ ပြည်သူ့လွတ်တော် အစည်းအဝေးတခုတွင် “တိုင်းရင်းသားတော်လှန်ရေးတပ်များ” ဆိုတဲ့ စကားလုံးအသုံးအနူန်းကို  သွေးရိုးသားရိုးပြောမိလိုက်တယ်။  လွတ်တော်ဥက္ကဌလုပ်တဲ့သူက ဟန်မဆောင်ပဲ ချက်ခြင်းဆိုသလို တူထုပြီး ရာဇသံပေး ဟန့်တားလိုက်တယ်။ ပြီးတော့ တော်လှန်ရေးဆိုတဲ့စကားလုံးကိုအသုံးမပြုဖို့ ပိတ်ပင်တားဆီးခြင်းခံလိုက်ရကြောင်း လွန်ခဲ့တဲ့ ရက်သတ္တ ၂ ပါက်လောက်က မီဒီယာအချို့တွင်ဖော်ပြခဲ့၊ ထုတ်လွင့်ခဲ့ကြတယ်။

ထို့အပြင် တော်လှန်ရေးဆိုတဲ့စကားလုံးကို တပြည်လုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်မူကြမ်း မှာလည်း “လက်နက်ကိုင် တော်လှန်ရေး”ဆိုတဲ့စကားလုံးကို ပယ်ဖျက်(အသုံးမပြုရန်)ပေးဖို့ အာဏာရအစိုးရဖက်ကတောင်းဆိုသံတွေကိုလည်း ကြားသိနေရတယ်။ လက်နက်ကိုင်တော်လှန်ရေးဆိုတဲ့စကားလုံးကို အခြားစကားလုံးများဖြင့်အစားထိုးဖို့ တောင်းဆိုလာတယ်။ ဒီအချက်ကလည်း  တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအသီးသီးရဲ့ နိုင်ငံရေးသဘောထားကို သွေးတိုးစမ်းသပ်လိုက်တာသာဖြစ်တယ်။ ဒါ့အပြင် နိုင်ငံရေးအရအသာစီးယူကာ ချုပ်ချယ်ကန့်သတ်လိုက်တာလည်းဖြစ်တယ်။

အာဏာပိုင်တွေရဲ့ နိုင်ငံရေးသဘောထားကတော့ ရှင်းလင်းပြတ်သားလှတယ်။ တော်လှန်ရေးဆိုတဲ့စကားလုံး အသုံးအနှုန်းကို အစီအစဉ်ရှိရှိနဲ့ မှေးမှိန်၊ သေးသိမ်အောင်လုပ်ပြစ်မယ်။ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ပြစ်မယ်ဆိုတဲ့သဘောပဲ။  ဘာ့ကြောင့် ဒီလိုလုပ်ဆောင်နေတာလဲ။ အဓိက အချက် ၂ ချက်ကြောင့်ဖြစ်တယ်။ ပထမအချက်ကတော့ မည်သည့် လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေပဲဖြစ်ပါစေ၊ ယင်းတို့ရဲ့ နိုင်ငံရေးအဆင့်အတန်းကို နိမ့်ချပစ်ဖို့ (နိုင်ငံရေးအရ အသိအမှတ်မပြုလိုလို့) ဖြစ်တယ်။ ဒုတိယအချက်ကတော့ လူထုက တော်လှန်ရေးနည်းဖြင့် အုပ်စိုးသူလူတန်းစားကို တိုက်ခိုက်၊ ချေမှုန်းပစ်မှာကြောက်လန့်နေလို့ ဖြစ်တယ်။

အုပ်စိုးသူလူတန်းစားဟာ ရွံမုန်းခြင်းတဝက်၊ ထိတ်လန့်ခြင်းတဝက်နဲ့ တော်လှန်ရေးဆိုတဲ့စကားလုံးကို ပျောက်ကွယ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်ဆိုတာ မေ့မထားကြဖို့ပဲ။ တော်လှန်ရေးတွေပေါ်ပေါက်စေတဲ့အကြောင်းအရင်းက ဘယ်မှာတည်ရှိနေသလဲ၊ တော်လှန်ရေးလို့ပြောရင် လူမှုတော်လှန်ရေးကိုပဲရည်ညွှန်းပြီး ပြောဆိုကြတာပါ။ လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးတက်မှု (ဖွံ့ဖြိုးမှု)တိုင်းဟာ လူမှုတော်လှန်ရေးတွေဆင်နွှဲခဲ့ကြလို့သာ ရှေ့တဆင့်ပြီးတဆင့် မြင့်တက်လာခဲ့ကြတာဖြစ်တယ်။ လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးတက်မှုနှုန်း နှေးကွေး၊ ရပ်တန့်လာပြီဆိုရင်တော့ လူမှုပဋိပက္ခတွေ သည်းသန်ပြင်းထန်လာတတ်ပါတယ်။ လူ့အဖွဲ့အစည်းတိုင်းရဲ့ ဖြစ်ပေါ်တိုးတက်မှုဟာ လူမှုပဋိက္ခတွေကိုရင်ဆိုင်ရုန်းကန်ပြီးမှသာ ရရှိလာတဲ့ အကျိုးရလာဒ်တွေဖြစ်တယ်။ ဆိုလိုတာက ဘယ်လူ့အဖွဲ့အစည်းမဆို တော်လှန်ရေးနည်းဖြင့်သာ ရှေ့သို့ဖြစ်ပေါ်တိုးတက်သွားကြတယ်ဆိုတာပါပဲ။

လူမှုပဋိပက္ခတွေအကြောင်းပြောရင် လူတန်းစားတိုက်ပွဲအကြောင်း ပြောရတာချည်းပါပဲ။ လူတန်းစားတွေနဲ့ဖွဲ့တည်နေတဲ့ လူ့အဖွဲ့အစည်းတိုင်းမှာ လူတန်းစားတိုက်ပွဲတွေ အဆက်မပြတ် စက္ကန့်မခြားဖြစ်ပေါ်နေတယ်။ လူတန်းစားတိုက်ပွဲကို နိုင်ငံရေးတိုက်ပွဲ၊ စီးပွားရေးတိုက်ပွဲ၊ အတွေးအခေါ်တိုက်ပွဲဆိုတဲ့ပုံသဏ္ဍာန်တွေနဲ့ဖော်ပြကြတယ်။ လူတန်းစားတိုက်ပွဲဖြစ်တဲ့နေရာတိုင်းမှာ လူမှုအုပ်စုတွေက ဘက် ၂ ဘက်အဖြစ် အမြဲတမ်းတွေ့ရလေ့ရှိတယ်။ အဲဒီအုပ်စုတွေကတော့ အုပ်စိုးသူနဲ့အုပ်စိုးခံ၊ သွေးစုတ်သူနဲ့သွေးစုတ်ခံ၊ အခွင့်အရေးရသူနဲ့ အခွင့်အရေးမဲ့သူ စသည်တို့ဖြစ်တယ်။ အဲဒီဆန့်ကျင်ဘက်အုပ်စု ၂ ခုဟာ အကျိုးစီးပွားအရ အမြဲတမ်းအတိုက်အခံ(ပဋိပက္ခ)ဖြစ်နေတယ်။ နေရာတိုင်းမှာ၊ စက္ကန့်တိုင်းမှာ ဗြောင်တမျိုး၊ တိတ်တိတ်တမျိုး ဖြစ်ပေါ်နေတယ်။ ဒီပဋိပက္ခတွေ ပြေငြိမ်းသွားခြင်းမရှိတော့တဲ့အခါ လူတန်းစားတိုက်ပွဲ (နိုင်ငံရေး၊ စီးပွားရေးနဲ့အတွေးအခေါ်အယူအဆတိုက်ပွဲများ)အဖြစ် ဗြောင်ဖော်ပြလာကြတယ်။

ဒီအခြေအနေရောက်လာတဲ့အခါ လူအဖွဲ့အစည်းတွင် အုပ်စိုးသူလူတန်းစားက ဖိနှိပ်သွေးစုတ်မှုတွေကို နည်းသဏ္ဍာန်ပေါင်းစုံကျင့်သုံး လာတတ်တယ်။ အုပ်စိုးခံလူတန်းစားဘက်ကလည်း နည်းသဏ္ဍာန်ပေါင်းစုံနဲ့ ခုခံတော်လှန်ကြတော့တာပါပဲ။ တော်လှန်ရေးတွေ ပေါ်ပေါက်လာရခြင်းရဲ့အဓိကအကြောင်းအရင်းကတော့  နိုင်ငံရေးအရဖိနှိပ်မှုနဲ့ စီးပွားရေးအရသွေးစုတ်မှုတွေ ပြင်းထန်ရက်စက်တဲ့ နေရာတိုင်းကနေ သန္ဓေတည်မွေးဖွားပေးနေတယ်ဆိုတာပါပဲ။

မျက်မှောက် ဗမာပြည်လူ့အဖွဲ့အစည်းမှာကော လူမှုတော်လှန်ရေးတွေ တကယ်ပဲဆိတ်သုဉ်းသွားပြီးလား၊
မျက်မှောက်နိုင်ငံရေးလောကတွင် အုပ်စိုးသူလူတန်းစားမပြောနဲ့ အုပ်စိုးသူလူတန်းစားကိုအတိုက်အခံလုပ်မယ်ဆိုတဲ့သူတွေကတောင် လူတန်းစားနဲ့ လူတန်းစားတိုက်ပွဲအကြောင်းပြောမိရင် မသိမသာ နှာခေါင်းရှုံ့ကြတာမျိုး ကြုံတွေ့ခဲ့ရဖူးတယ်။ တော်လှန်ရေးဆိုတဲ့ စကားကိုလည်း မိုးမွမ်အောင်ပြောဆိုနေရာမှ တဖြည်းဖြည်း အသံများတိမ်နစ်သွားတဲ့အဖြစ်မျိုးကိုလည်း မြင်တွေ့ခဲ့ရဖူးတယ်။ လူတန်းစားနဲ့ လူတန်းစားတိုက်ပွဲတွေ၊ လူမှုတော်လှန်ရေးစတဲ့အချင်းအရာတွေက တကယ်ကော လူ့အဖွဲ့အစည်းအတွင်းမှာ မရှိတော့ဘဲ ပျောက်ကွယ် သွားပြီးလား တွေးထင်စရာ ဖြစ်လာတယ်။

ဒါဆိုရင် လူ့အဖွဲ့အစည်းထဲက တကယ့်ဖြစ်ရပ်မှန်(လူမှုလက်တွေ့)များကိုတော့ ကြည့်မြင်တတ်ဖို့လိုအပ်လာပြီလို့ ယူဆမိတယ်။ လူ့အဖွဲ့အစည်းရဲ့ တကယ့်ဖြစ်ရပ်မှန်ကိုလေ့လာတော့မယ်ဆိုရင် လူမှုဘဝတွေထဲက ရူန်းကန်လှုပ်ရှားမှုများပေါ်အခြေခံပြီး စဉ်းစားဆင်ခြင် ကြရတာပါပဲ။ လူမှုဘဝတွေကိုပဲ ထပ်မံခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် လူ့အဖွဲ့အစည်းထဲက နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝ၊ လူမှုရေးဘဝတွေရဲ့ ဖြစ်တည်နေမှု၊ ရုန်းကန်လှုပ်ရှားနေမှု၊ ဖြစ်ပေါ်တိုးပွားနေမှုတွေကို မုချ စူးစမ်းလေ့လာမှုလုပ်ကြရတာပဲ မဟုတ်ပါလား။

“တကယ့်ဖြစ်ရပ်မှန်မှ အမှန်တရားကိုရှာဖွေကြ”ဆိုတဲ့ သိပ္ပံနည်းကျသဘောတရားကိုလမ်းညွှန်အဖြစ်ထားပြီး လူ့အဖွဲ့အစည်းထဲက လူမှုလက်တွေဘဝတွေကို လေ့လာကြည့်ဖို့လိုအပ်လာပါပြီ။ အထူးသဖြင့် လူထု၊ လူတန်းစား၊ လူ့အလွှာများရဲ့ ရုန်းကန်လှုပ်ရှားနေမှုတွေကို အာရုံစိုက်ကြည့်ရတော့မယ်။ လူထုတွေရဲ့ရုန်းကန်လှုပ်ရှားမှုထဲကပေါ်ထွက်လာတဲ့အသံတွေက မျက်မှောက်လူ့အဖွဲ့အစည်းမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝတွေရဲ့အခြေအနေများ ထင်ဟပ်စေတယ်။ လူ့အဖွဲ့အစည်းရဲ့လက္ခာဏာကို သိနားလည်စေရာတွင် အထောက်အကူရစေပါလိမ့်မယ်။

ထိ"တွေ့ သိမြင်လာတာတွေထဲမှာ အထင်အရှားဆုံးနဲ့အပေါ်လွင်ဆုံးဖြစ်ရပ်မှန်တွေကတော့ လူထုတွေရဲ့ နိုင်ငံရေးအရတောင်းဆိုတိုက်ပွဲဝင် သံများ၊ စီးပွားရေးအရ တောင်းဆိုတိုက်ပွဲဝင်သံများ၊ အခွင့်အရေးအတွက် တောင်းဆိုတိုက်ပွဲဝင်သံများ၊ လွတ်လပ်မှုအတွက် တောင်းဆိုတိုက် ပွဲဝင်သံများ၊ တရားမျှတမှုအတွက် တောင်းဆိုတိုက်ပွဲဝင်သံများစတဲ့ အသံမျိုးစုံကို  နေရာတိုင်းထောင့်တိုင်းမှာ တွေ့မြင်၊ ကြားသိနေရတယ်။

လူထုတွေရဲ့ နိုင်ငံရေးအရ တောင်းဆိုတိုက်ပွဲဝင်သံတွေထဲမှာ အထင်ရှားဆုံးနဲ့အသိသာဆုံးက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ဖျက်သိမ်းရေးလူထုတိုက်ပွဲဖြစ်တယ်။ လူထုအင်အား ထောင်၊ သောင်း၊ သိန်းဂဏန်းချီပြီး စုဝေးဆန္ဒပြတောင်းဆိုနေကြတယ်။ လွတ်တော်ထဲမှာလည်း ဥပဒေတွင်းတိုက်ပွဲသဏ္ဍာန်နဲ့ တောင်းဆိုကန့်ကွက်သံတွေပေါ်ထွက်လာနေတယ်။ ဒါ့အပြင် တိုင်းရင်းသားဒေသအချို့ (ကချင်ပြည်နယ်၊ တအောဝ်း(ပလောင်)ဒေသ၊ ရှမ်းပြည်နယ်)မှာတော့ လက်နက်ကိုင်တိုက်ပွဲများဆင်နွဲပြီး တန်းတူရေးနဲို့ယ်ပိုင်အုပ်ချုပ်ခွင့် အခွင့်အရေးတွေတောင်းဆို ဖော်ပြနေကြတယ်။

စီးပွားရေးတိုက်ပွဲဖက်ကကြည့်ရင်လည်း လယ်သမားတွေရဲ့ မြေယာပြန်လည်ရရှိရေးတိုက်ပွဲဟာ နေရာများစွာမှာ နေ့စဉ်ဖြစ်ပေါ်နေတယ်။ လယ်သမားတွေရဲ့အကျိုးစီးပွား အများဆုံးထိခိုက်နစ်နာနေတဲ့ ဒေသတွေမှ (လက်ပံတောင်း၊ ထားဝယ်၊ အောင်ကုန်း၊ ညောင်ဝန်း၊ ဆင်ပေါင်ဝဲ၊ မိချောင်းကန်၊ ပေကြီး၊ ထောက်ရှာအိုင်၊ ဧရာဝတီတိုင်းစတဲ့)ဒေသတွေမှာ ထွန်တုံးတိုက်ပွဲများနဲ့ ဆန္ဒပြပွဲများ အဆက်မပြတ်နေ့စဉ်ဖြစ်ပေါ် နေတယ်။ လယ်သမားတွေရဲ့တောင်းပွဲတိုက်ပွဲတွေကို အာဏာပိုင်အဖွဲ့အစည်းများက လက်နက်ကိုင်တပ်ဖွဲ့များဖြင့် အကြမ်းဖက်ဖြိုခွဲ ခဲ့ကြတယ်။ ဖြိုခွဲနေဆဲလည်းဖြစ်တယ်။ လယ်သမားအများအပြားကို အုပ်ချုပ်ရေးအာဏာအသုံးပြုပြီး ထောင်သွင်းအကျဉ်းချခဲ့တယ်။ တရားဥပဒေဖြင့်နှိပ်ကွပ်နေဆဲလည်း ဖြစ်တယ်။

စီးပွားရေးတိုက်ပွဲဘက်ကကြည့်ရင် လယ်သမားလူတန်းစားသာမ အလုပ်သမားလူတန်းစားတွေရဲ့ လုပ်အားခတိုးမြှင့်ပေးရေးသပိတ်တိုက်ပွဲ တွေကလည်း ဆက်တိုက်ပေါ်ထွန်းလာနေတယ်။ ဖိနှိပ်မှုတွေပေါ်လာတိုင်း ကျောင်းသားထုရဲ့အခွင့်အရေးတိုက်ပွဲ၊ (အမျိုးသာပညာရေးဥပဒေ မူကြမ်းကို ကန့်ကွက်ဆန္ဒပြခြင်း) ၊ ချင်းပြည်နယ် အမျိုးသမီးများရဲ့အမျိုးသမီးအခွင့်အရေးတိုက်ပွဲ၊ သတင်းထောက်တွေရဲ့မီဒီယာလွတ်လပ်ခွင့် အတွက်ဆန္ဒပြပွဲများ စတာတွေကလည်း တခုပြီးတခုပေါ်ထွက်လာနေတယ်။ ဒီဖော်ပြချက်တွေကလည်း လူ့အဖွဲ့အစည်းအတွင်းမှာ လွတ်လပ်မှုနဲ့တရားမမျှတမှုမရှိတာ၊ ဖိနှိပ်ချုပ်ချယ်မှုတွေက နေရာမလပ်ဖြစ်တည်နေတယ်ဆိုတာကို သက်သေခံနေပါတယ်။

နိုင်ငံရေးတိုက်ပွဲ၊ စီးပွားရေးတိုက်ပွဲတွေဆိုတာက အလိုအလျှောက်ဖြစ်ပေါ်နေတာမဟုတ်။ တိုင်းပြည်ရဲ့အာဏာရလူတန်းစားတွေက နိုင်ငံရေးအရဖိနှိပ်မှု၊ စီးပွားရေးအရလက်ဝါးကြီးအုပ်သွေးစုပ်မှုတွေကို မခံမရပ်နိုင်ဖြစ်ကာ  တောင်းဆိုတိုက်ပွဲဝင်ကြရတာ၊ ခုခံရေးစစ်ပွဲတွေ ဆင်နွဲကြရတာဖြစ်တယ်။ အဖိနှိပ်ခံ၊ သွေးစုပ်ခံ လူတန်းစားပေါင်းစုံဟာ “ဖိရင်ကြွမယ်၊ ထိရင်ချမယ်”ဆိုတဲ့သဘောတရားကိုကိုင်စွဲပြီး ဖိနှိပ်အုပ်စိုးသူ၊ သွေးစုပ်သူအဆက်ဆက်ကို ရင်ဆိုင်တုံ့ပြန်ခဲ့ကြတယ်။လူ့အဖွဲ့အစည်းမှာပေါ်ပေါက်ခဲ့တဲ့၊ ပေါ်ပေါက်နေတဲ့လူမှုပဋိက္ခတွေဟာ စနစ်ကျသော၊ ဦးတည်းချက်ရှိသော လူမှုတော်လှန်ရေးတရပ်ဆီသို့ တဖြည်းဖြည်း ဖြစ်ပေါ်တိုးတက်သွားခဲ့တာချည်းဖြစ်တယ်။ လူထုတွေရဲ့  လွတ်မြောက်ရေးတိုက်ပွဲမှန်သမျှဟာ လူမှုတော်လှန်ရေးတွေပဲဖြစ်တယ်။ မျက်မှောက်ကာလမှာဆိုရင် လူမှုတော်လှန်ရေးတွေဟာ ပျောက်ကွယ်မသွားတဲ့အပြင် ပိုမိုကျယ်ပြန့်လာ၊ ပိုမိုနက်ရှိုင်းလာတယ်လို့တောင် ပြောလို့ရပါတယ်။ ဖိနှိပ်သွေးစုပ်မှုတွေရှိနေသမျှ  တော်လှန်ရေးတွေရှိနေမယ်လက်ရှိ ကြံ့ဖွံအစိုးရဟာ နိုင်ငံရေးအာဏာကိုတရားဝင်ဆုပ်ကိုင်ခွင့်ရလိုက်ပြီဆိုတာနဲ့ ယခင် စစ်အုပ်စု အဆက်ဆက်ရဲ့အမွေဆိုး (နိုင်ငံရေးအရဖိနှိပ်မှု၊ စီးပွားရေးအရလက်ဝါးကြီးအုပ်မှု)တွေကို ထိန်းသိမ်းကာကွယ်ခွင့်၊ တိုးချဲ့ခွင့်တွေ အလိုလို ရလာခဲ့တယ်။ ဒီလိုအခွင့်အလမ်းရလိုက်တာနဲ့ပဲ ခေတ်မီနိုင်ငံတော်ကြီးကို ဘယ်လိုတည်ဆောက်မယ်၊ ဆင်းရဲမှုပပျောက်ရေးကို တနှစ် ရာခိုင်နှုန်းဘယ်လောက်ကျဆင်းစေရမယ်ဆိုပြီး ဟိတ်ဟန်ထုတ် ကြွေးကြော်ဝါဒဖြန့်ခဲ့တယ်။ တကယ်လက်တွေ့တွင် တိုင်းပြည်ဟာ ဆင်းရဲတွင်းနက်သထက် နက်လာတယ်။ လူမှုမတည်ငြိမ်မှုတွေကနေရာတိုင်းမှာ ဖြစ်ပေါ်လာနေတယ်။ လူမှုပဋိပက္ခတွေကလည်း သည်းသန်ပြင်းထန်လာနေတယ်။ တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနှုန်း နှေးကွေး နောက်ဆုတ်လာနေတယ်။ ဒီလိုဖြစ်ပျက်နေတာတွေကို အာဏာရအစိုးရက မမြင်ချင်ယောင်ပြုနေပေမယ့် ကမ္ဘာကြီးကတော့ ဗမာပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုနူန်းကို မျက်ခြေမပြတ်စောင့်ကြည့် နေခဲ့တယ်။ မကြာမီကထုတ်ပြန်ခဲ့တဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP က ထုတ်ပြန်ခဲ့တဲ့ လူသားဖွံ့ဖြိုးမှုအစီရင်ခံစာ (၂ဝ၁၄) အရဆိုလျှင် ဗမာပြည်ဟာ အဆင့် ၁၅ဝ မှာ ရပ်တည်နေတယ်။ မနှစ်ကထက် အဆင့်တဆင့်လျှောကျသွားတယ်လို့ဆိုတယ်။ ဗ

မာနိုင်ငံဟာ လူသား ဖွံ့ဖြိုးမှုအညွှန်းကိန်း HDI အရ  အရှေ့တောင်အာရှနိုင်ငံများတွင် အောက်ဆုံးအဆင့်ကရပ်တည်နေတယ်လို့လည်း ဖော်ပြထားပါသေးတယ်။ တိုင်းပြည်တပြည်ရဲ့ လူအဖွဲ့အစည်းတခုလုံး ဆင်းရဲမွဲတေမှုဖြစ်သွားရတာ၊  လူမှုမတည်ငြိမ်မှုတွေ၊ လူမှုပဋိပက္ခတွေ အဆက်မပြတ်ပေါ်ပေါက်နေတာ အကြောင်းမဲ့မဟုတ်ဘူး။ အဲဒီတိုင်းပြည်ကိုအုပ်စိုးတဲ့သူလူတန်းစားတွေရဲ့ဖိနှိပ်သွေးစုပ်မှု ပြင်းထန်ရက်စက် လွန်းတာကြောင့် ဖြစ်တယ်။ ဒါကြောင့်လည်း လူမှုတော်လှန်ရေးတွေ ပေါ်ပေါက်လာခဲ့ရတာပါ။ လူမှုတော်လှန်ရေးတွေ ပေါ်ပေါက်လာပြီ ဆိုတာနဲ့ အုပ်စိုးသူလူတန်းစားတိုင်းဟာ တော်လှန်ရေးတွေကို အစွမ်းကုန်နှိပ်ကွပ်တော့တာပါပဲ။ တော်လှန်ရေးတွေရဲ့အခန်းကဏ္ဍကိုလည်း  မှေးမှိန်၊ သေးသိမ်အောင်လုပ်တတ်ကြတယ်။ အဖိနှိပ်ခံလူတန်းစားတွေဖြစ်တဲ့ လူထု၊ လူတန်းစားအသီးသီးကလည်း မိမိတို့လွတ်မြောက်ရေး အတွက် “သူသေ၊ကိုယ်ရှင်” ရုန်းကန်တိုက်ပွဲဆင်နွဲရတော့တာပါပဲ။ အုပ်စိုးသူနဲ့အုပ်စိုးခံတို့ရဲ့လူတန်းစားတိုက်ပွဲဟာ မျိုးဆက်ချီပြီးကြာမြင့် တတ်ပါတယ်။ တကယ်တော့ လူမှုတော်လှန်ရေးဆိုတာ ဖောက်ပြန်တဲ့လူနေမှုစနစ်ဟောင်းကို ဖြိုဖျက်တဲ့ဖြစ်စဉ်တခုဖြစ်တယ်။ ဒီအပြင် တိုးတက်သစ်လွင်တဲ့လူနေမှုစနစ်သစ်ကို ဖန်တီးတီထွင်တဲ့ဖြစ်စဉ်တခုလည်းဖြစ်တယ်။ ပြီးတော့ လူမှုတော်လှန်ရေးတွေကို တဦးတယောက်တည်းက ဖန်တီးလို့မရသလို၊ တစုံတယောက်က မကြားလို၊ မမြင်လိုလို့ မှေးမှိန်ပျောက်ကွယ်သွားအောင်လည်း လုပ်လို့မရပါဘူး။ အကြောင်းမှာ လူမှုတော်လှန်ရေးဆိုတာ အလွန်ပြင်းအားကြီးတဲ့စွမ်းအားတွေပိုင်ဆိုင်နေလို့ပါပဲ

။အုပ်စိုးသူလူတန်းစားဟာ ဘယ်လောက်ပဲ တော်လှန်ရေးတွေကို ချိုးနှိမ်ဖိနှိပ်ပါစေ၊ တော်လှန်ရေးဆင်နွှဲရမယ့်အချိန်ကာလ ဘယ်လောက်ပဲ ကြာမြင့်ပါစေ သမိုင်းဖြစ်ပေါ်တိုးပွားမှုတရား (သမိုင်းရုပ်ဝါဒအမြင်)အရကြည့်ရင် လူထုဟာ သမိုင်းကိုဖန်တီးသူဖြစ်တယ်။ လူထုဟာ တော်လှန်ရေးနည်းဖြင့် အုပ်စိုသူလူတန်းစားရဲ့ဖောက်ပြန်တဲ့လူနေမှုစနစ်ဟောင်းကိုဖြိုဖျက်ကာ အောင်ပွဲခံအနိုင်ယူကြပါလိမ့်မယ်။ ဒါဟာ ရှောင်လွဲမရတဲ့ သမိုင်းဖြစ်ပေါ်တိုးပွားမှုတရားဖြစ်တယ်။

0 comments:

Post a Comment