
(၂ဝ၁၄
ခုနှစ်၊ သြဂုတ် ၁၂ ရက် )
ပြည်သူအများစုနဲ့အတူ
ကျနော်မျှော်လင့်ထားတာက “ပုဒ်မ၄၃၆ပြင်ဆင်ရေးဆန္ဒပြု လက်မှတ်ရေးထိုးတဲ့လှုပ်ရှားမှု”ရလဒ်တွေ
အတိအကျရေတွက်ပြီးတဲ့နောက် တိုင်းပြည်နဲ့လူထုထံ
တင်ပြ၊ ရှင်းလင်း၊ အသိပေးတဲ့အခါမှာ ဒီချုပ်ပါတီဥက္ကဋ္ဌကိုယ်တိုင်တက်ရောက် ပြီး“၂ဝဝ၈အခြေခံဥပဒေပြင်ဆင်ရေး”ဘယ်လို
ရှေ့ခရီးဆက်ကြမယ်ဆိုတာကိုပါ ပြတ်ပြတ်သားသား ညွန်ပြပြောဆိုလိမ့်မယ်လို့ မျှော်လင့်မိတာဖြစ်ပါတယ်။
ဘာကြောင့်ဒီလို
မျှော်လင့်သလဲဆိုတော့ “ပုဒ်မ ၄၃၆ ပြင်ဆင်ရေးကိစ္စ”က ဒီချုပ်ပါတီ ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်က တိုင်းပြည်နဲ့
လူထုထံတင်ပြခဲ့တဲ့ လုပ်ငန်းတာဝန် ၃ ရပ်ထဲက အချက်အချာကျတဲ့လုပ်ငန်းတာဝန်တစ်ခုဖြစ်တဲ့
“၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး”ကိစ္စနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ကိစ္စဖြစ်တယ်။ ဒီချုပ်ပါတီ
လွှတ်တော်ထဲ “ဝင်”သွားတာဟာ “ ပြင်”ဖို့ ဝင်သွားတာ မဟုတ်ပါလား။
“၂ဝဝ၈
အခြေခံဥပဒေ” ပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ သော့ချက်အကျဆုံး ပြင်ဆင်မှုဖြစ်တယ်လို့
ဒီချုပ်ဥက္ကဋ္ဌ အပါအဝင် ဟောပြောသူအများစုက အတန်တန်ဟောပြောနေတဲ့ကိစ္စဖြစ်နေတာကလည်း တကြောင်းပေါ့။
ဒါကြောင့်ဒီလို အချက်အချာ ကျတဲ့ကိစ္စကြီးတစ်ခုကို အဓိကကျတဲ့ပုဂ္ဂိုလ်က တက်ရောက်ပါဝင်ရှင်းလင်းမှာပဲဆိုတာ
သဘာဝကျတဲ့မျှော်လင့်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ရှင်းလင်းတဲ့အခါမှာတော့ ဒီချုပ်ပါတီဥက္ကဋ္ဌပါဝင်ခြင်းမရှိဘဲ
ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်ဦးဉာဏ်ဝင်းနဲ့ ၈၈ ငြိမ်းပွင့်က တာဝန်ရှိသူတစ်ဦး တက်ရောက်ရှင်းလင်းတာ
တွေ့ရပါတယ်။ အဖြစ်က ဘာနဲ့တူနေသလဲဆိုတော့ အမေတွေ့ချင်ဇောနဲ့ပြန်လာတဲ့ အဝေးရောက်သားကို
မြေပဲနှုတ်စရာရှိနေလို့ဆိုပြီး အမေကိုယ်တိုင် ဘူတာဆင်းမကြိုဘဲ၊ ဘဒွေးနဲ့နွားလှည်းပဲလွှတ်ပြီး
ကြိုခိုင်းလိုက်သလိုမျိုး ဖြစ်နေပါတယ်။
ဦးဉာဏ်ဝင်းက
ဘယ်လိုရှင်းသလဲဆိုတော့ “အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို စောင့်ကြည့်လို့ကတော့
ဘယ်လိုမှ ပြင်လို့လည်းမရဘူး။ ဘာမှလည်းလုပ်လို့မရဘူး။ လုပ်လို့မရအောင်လည်း ပြဋ္ဌာန်းထားတယ်။
သို့သော် ပြည်သူအများဆန္ဒရှိလာပြီဆိုရင် နည်းလမ်းတွေ့လာမှာပါ။ အဲဒီလို နည်းလမ်းကို ကြိုးစားဖော်ထုတ်ပြီးတော့
ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်” တဲ့။
အထက်မှာဖော်ပြထားတဲ့
ဦးဉာဏ်ဝင်းပြောစကားကို ၂ ပိုင်းခွဲပြီး တစ်ပိုင်းစီအပေါ် ကျနော့်အမြင်ကို သုံးသပ်တင်ပြပါရစေ။
ပထမအပိုင်း
(“အခုလက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို စောင့်ကြည့်လို့ကတော့ ဘယ်လိုမှပြင်လို့လည်းမရဘူး။
ဘာမှလည်း လုပ်လို့မရဘူး။ လုပ်လို့မရအောင်လည်း ပြဋ္ဌာန်းထားတယ်” )တဲ့။ဒီချုပ်ပါတီ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊
ကိုယ်တိုင် ဥပဒေပညာရှင် တစ်ဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ဥပဒေရှုဒေါင့်အရရော၊ ဒီချုပ်ပါတီ
လွှတ်တော်ထဲဝင်သွားပြီးတဲ့နောက်ရရှိလာခဲ့တဲ့ မနည်းလှတဲ့ အတွေ့အကြုံတွေနဲ့ သင်ခန်းစာတွေအပေါ်ကနေရော
နိဂုံးချုပ်ပြီးပြောတာမို့ ထင်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးသမားတွေ
ရင်ဆိုင်တွေ့ကြုံ နေရတဲ့ ပကတိအခြေအနေဟာ ကွက်ကွက်ကွင်းကွင်းပေါ်လွင်လှပါတယ်။
ဒုတိယအပိုင်း၊
ဒီအပိုင်းက ပကတိရင်ဆိုင်နေရတဲ့စိန်ခေါ်မှုတွေကို
ရင်ဆိုင်ဖြေရှင်းပြီး ရှေ့ဆက်ရမယ့်လုပ်ငန်းစဉ်အပိုင်းလို ဖြစ်တာကြောင့် ပိုပြီးတိကျရှင်းလင်းဖို့
လိုအပ်ပါတယ်။ ဒါပေမယ့် ဦးဉာဏ်ဝင်းက ရှေ့လုပ်ငန်းစဉ်ကို အခုလိုပြောပါတယ်။ (“ပြည်သူအများ
ဆန္ဒရှိလာပြီဆိုရင် နည်းလမ်းတွေ့လာမှာပါ။ အဲဒီလိုနည်းလမ်းကို ကြိုးစားဖော်ထုတ်ပြီးတော့
ဆက်လက်ဆောင်ရွက်သွားဖို့ရှိပါတယ်”)တဲ့။
ဒီလိုပြောလိုက်တာကိုတော့
ဒီချုပ်ပါတီထုံးစံလို့ပဲ ရှေ့မျက်နှာနောက်ထားပြီး
အားနာနာနဲ့ပြောရပါလိမ့်မယ်။ ဒီချုပ်ပါတီဟာ “သဝေထိုး (ေ)ကဲ့သို့” အတွင်းထဲဝိုက်ခွေ ဝင်သွားတာကို
တွေ့ရပါလိမ့်မယ်။
ဒီချုပ်ပါတီက
ဦးစီးဆောင်ရွက်ခဲ့သော “၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေး
လူထုဟောပြောပွဲ”တွေမှာ ပြည်သူတွေက ပြင်ဆင်ရေး ဆန္ဒကို ဖော်ထုတ်ခဲ့ကြပြီးပြီ။ အခုလည်း
“ပုဒ်မ ၄၃၆ပြင်ဆင်ရေး”အတွက်လည်း လက်မှတ်ထိုးဆန္ဒပြုခဲ့ကြပြီ၊ မလုံလောက်သေးဘူးလား။
ဦးဉာဏ်ဝင်းအပြောအရဆိုရင်
ပြည်သူအများဆန္ဒရှိလာပြီဆိုရင် နည်းလမ်းတွေ့လာမှာမို့ ဆန္ဒဖော်ထုတ်ရေးလှုပ်ရှားမှု ထပ်မံပြီးလုပ်ကြရဦးမယ့်
သဘောဖြစ်နေပါတယ်။
သြဂုတ်လ
၁ ရက်နေ့မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့စပ်လျဉ်းပြီး ဒေါ်အောင်ဆန်းစုကြည် ကနဦးရှင်းလင်းပြောကြားတဲ့အခါက
“ကျမ ရဲရဲဝံ့ဝံ့ပြောနိုင်တာက ဒီနိုင်ငံရဲ့သမိုင်းမှာ ဒီလို လူ ၅ သန်းကျော်က ကိစ္စတခုကိုလက်မှတ်ထိုးပြီးတော့
မိမိတို့ဆန္ဒအရ လျှို့ဝှက်မဟုတ်ပဲ ပွင့်ပွင့်လင်းလင်း လက်မှတ်ထိုးပြီးထောက်ခံခဲ့တယ်ဆိုတာ
တခါမှ မရှိခဲ့ဖူးဘူး။ ဒါဟာ ဒီနိုင်ငံမှာ ပထမဦးဆုံးပဲ”လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပြောသလို
ပထမဦးဆုံး ဟုတ်ချင်လည်း ဟုတ်မှာပါ။ ဒီကိစ္စတွေက နိုင်ငံရေးဗေဒသုတေသီတွေ လုပ်ကြပါလိမ့်မယ်။
ဒီနေရာမှာ အတိအကျပြောနိုင်တဲ့အချက် တစ်ခုတော့ရှိပါတယ်။ အရေးကြုံလာတဲ့အခါတိုင်း ပြည်သူတွေဟာ
သူတို့ဆန္ဒကို ဗြောင်ရော/လျို့ဝှက်ရော စွန့်စွန့်စားစား၊ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသစမြဲဖြစ်တယ်ဆိုတဲ့အချက်ပါပဲ။
“၂ဝဝ၈
အခြေခံဥပဒေ” ပြည်သူ့ဆန္ဒခံယူစဉ်မှာလည်း ပြည်သူတစ်သန်းကျော် (၁ ၃၇၅ ၄၈ဝ )ဟာ နာဂစ်မုန်းတိုင်းကြီး
ကြုံနေရတဲ့ကြားထဲကနေ ရဲရဲဝံ့ဝံ့ “ကန့်ကွက်မဲပေး” ပေးခဲ့ကြပါတယ်။ အဲဒီတုန်းက ဒီချုပ်ပါတီကကန့်ကွက်မဲပေးဖို့
ပြည်သူတွေကို ဆော်သြခဲ့တယ် မဟုတ်ပါလား။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာလည်း ပြည်သူ ၅ သန်းနီးပါး
( ၄ ၉၄၁ ၉၉၈ )က လက်မှတ်ထိုးဆန္ဒပြုခဲ့ကြပြီ။ ပြည်သူလူထုဘက်က တာဝန်ကျေပါတယ်။ တာဝန်ပျက်ကွက်တာ မရှိခဲ့ပါဘူး။
(နဝတ-နအဖ)
စစ်အစိုးရဟာ လူထုဆန္ဒကို ဘယ်တုန်းကမှ မလေးစားခဲ့ပါဘူး။ အရေးမထားခဲ့ပါဘူး။ လက်မခံခဲ့ဘူး။
လူထုဆန္ဒကို ဗြောင်ဖျက်သိမ်းပစ်ဖို့ဝန်မလေးသလို၊ အဓမ္မရယူဖို့ကလည်း သူတို့အတွက် ထမင်းစားရေသောက်ကိစ္စသာဖြစ်ပါတယ်။
လူထုလှုပ်ရှားမှုတွေကို အကြမ်းဖက်ဖိနှိပ်ချေမှုန်းခဲ့ပြီး၊ ပြည်သူလူထုတစ်ရပ်လုံးက လက်နဲ့ရေးဖော်ပြခဲ့ကြတဲ့
“၁၉၉ဝ ရွေးကောက်ပွဲရလဒ်” ကို (နဝတ-နအဖ) စစ်အစိုးရက ခြေနဲ့ဖျက်ခဲ့ကြပြီးဖြစ်တယ် မဟုတ်ပါလား။
ဒီလိုနဲ့ (နဝတ-နအဖ) စစ်အစိုးရဟာ “ထန်းလျက်ခဲ ခွေးလျက်တဲ့”နည်းနဲ့ “၁၉၉ဝ ရွေးကောက်ပွဲရလဒ်နဲ့
ဒီချုပ်ပါတီ”ကို လုံးပါး ပါးစေခဲ့ပြီးဖြစ်တယ် မဟုတ်ပါလား။
ဗိုလ်နေဝင်းစစ်အုပ်စုက
ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၄၇)ကို ဖျက်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၁၉၇၄)ကို စိတ်ကြိုက်ရေးခဲ့တယ်။
(နဝတ-နအဖ) စစ်အုပ်စုက ဘမျိုးဘိုးတူဆိုသလို “၁၉၉ဝ ရွေးကောက်ပွဲ” ဖျက်သိမ်းပြီး၊ “၂ဝဝ၈
ဖွဲ့စည်းပုံအခြေခံဥပဒေ” စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မအတည်ပြုခဲ့ကြတယ်။ ၂ဝ၁ဝ နိုဝင်ဘာရွေးကောက်ပွဲမှာ
စိတ်ကြိုက်ရလဒ်ထွက်အောင်“ကြိုတင်မဲ” တွေနဲ့ (ကြံ့ဖွံ့ပါတီအနိုင်ရအောင်) လုပ်ဆောင်ပြခဲ့တယ်မဟုတ်ပါလား။
လူထုဆန္ဒဆိုတာနဲ့ပတ်သက်လာရင်“စိတ်ကြိုက်ရလဒ်မဟုတ်လျှင်
မျက်ကွယ်ပြုဖျက်သိမ်း၊ စိတ်ကြိုက်ရလဒ်ဖြစ်အောင် အဓမ္မလုပ်ကြံဖန်တီး”ဆိုတာ ယနေ့ (ဗိုလ်)ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရအပါအဝင်
(နဝတ-နအဖ)စစ်အစိုးရတို့ရဲ့ အရင်းခံမူဝါဒနဲ့အခြေခံ သဘောထားပဲဖြစ်ပါတယ်။
ဒါကြောင့်
လူထုဆန္ဒဆိုတာကို ထိုက်သင့်သလိုဆောင်ရွက်ပေးပါမည့်အကြောင်း အသနားခံတင်ပြနေလို့ မဖြစ်တော့ပါဘူး။
လူထုဆန္ဒကို အုပ်စိုးသူအစိုးရကလေးစားကျိုးနွံ၊ နာခံလာတဲ့အထိ လူထုအင်အားနဲ့ဖိအားပေးအကြပ်ကိုင်ကြရမှာပါ။
ဆောင်းပါးနိဂုံးကို သြဂုတ်လ ၁၁ ရက်နေ့၊ သတင်းစာရှင်းလင်းပွဲမှာ အမတ်ချုပ်
(ဗိုလ်)ဦးရွှေမန်းပြောတဲ့စကားကိုကောက်နုတ်ပြီး နိဂုံးချုပ်ပါရစေ။
အမတ်ချုပ်ကြီးက
လူထုဆန္ဒ၊ လူထုဆန္ဒလက်မှတ်ရေးထိုးဖော်ပြမှု စတဲ့စကားလုံးတွေကိုတမင်ရှောင်ရှားပြီး “signature
campaign”၊ “ပြည်သူများရဲ့အသံ”လို့သာ သုံးနှုန်းပြောသွားခဲ့ပြီး။ “လွှတ်တော်ကဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးဆိုင်ရာ ကော်မတီ(၃၁
ဦးကော်မတီ)အပေါ်မှာ အကျိုးသက်ရောက်မှုမရှိပါဘူး”ဆိုတဲ့အချက်ကို ဒုတိယအကြိမ်ထပ်မံအတည်ပြုပြောဆို သွားပါတယ်။
ဒါပေမယ့်“လွှတ်တော်ဆောင်ပုဒ်
သို့မဟုတ် မူဝါဒနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်တဲ့အတွက် ပြည်သူများရဲ့အသံကိုတော့ သက်ဆိုင်ရာ
လွှတ်တော်ကိုယ်စားလှယ်များ စဉ်းစားဆောင်ရွက်နိုင်တဲ့အတွက် ထိုက်သင့်တဲ့အကျိုးသက်ရောက်မှုတော့
ရှိနိုင်တယ်လို့ဖြေလိုပါတယ်” လို့ ဖြေကြားသွားတာ ကြားလိုက်ကြရမှာပါ။
လူထုဆန္ဒ
၅ သန်းနီးပါးဟာ လွှတ်တော်ထဲက ကြံ့ဖွံ့အမတ်အများစုနဲ့ စစ်သားအမတ်များရဲ့ စဉ်းစားပေးမယ့်အပေါ်မှာ
တည် တယ်လို့ ပြောတာပါ။ လွှတ်တော်ထဲမှာ “ထိုက်သင့်တဲ့အကျိုးသက်ရောက်မှုကလေးရရှိဖို့အရေး”
ကြံ့ဖွံ့အမတ်တွေကိုဒူးဖက်ပြီး လော်ဘီ လုပ်ရမယ့်ကိန်း ဖြစ်နေပါတယ်။ ဒီချုပ်ကတော့ ၄၃၆
ပြင်ဆင်ရေးဆန္ဒတွေ လွှတ်တော်တင်ပြမယ်ဆိုတဲ့အချက်ကို တုန့်ပြန်တာလည်း ဖြစ်ပါတယ်။ သဘောကတော့
လွှတ်တော်ထဲကအများစုဖြစ်တဲ့ ကြံ့ဖွံ့အမတ်တွေ (စစ်သားအမတ်တွေ)က စဉ်းစားဆုံးဖြတ်ပေးလိုက်ကြလို့
(ဗိုလ်) ဦးရွှေမန်းက ညွန်ကြားတာပါ။
“လူထုဆန္ဒ”ဆိုတာ
ထိုက်သင့်တဲ့အကျိုးသက်ရောက်မှုရှိဖို့ အုပ်စိုးသူများထံ ဒူးထောက်အသနားခံရမယ့်ကိစ္စမဟုတ်။
အုပ်စိုးသူ အစိုးရများ လေးစား၊ကျိုးနွံ၊ နာခံလာစေရန်အတွက် လူထုအင်အားနဲ့ ဖိအားပေးအကြပ်ကိုင်ရမယ့်ကိစ္စ
ဖြစ်ပါတယ်။
0 comments:
Post a Comment