Monday, August 25, 2014

“ချခင်းထားတဲ့ စစ်အုပ်စုရဲ့ပြင်ဆင်မှုတွေနဲ့တောက်လောင်ဆဲပြဿနာတွေ”

0 comments
“ချခင်းထားတဲ့ စစ်အုပ်စုရဲ့ပြင်ဆင်မှုတွေနဲ့တောက်လောင်ဆဲပြဿနာတွေ” (အရေးတော်ပုံဂျာနယ်အတွဲ၂၊ အမှတ် ၂။ အယ်ဒီတာ့အာဘော်)
ဒီနေ့ တိုင်းပြည်မတည်မငြိမ်ဖြစ်နေတာဟာ စစ်အုပ်စုက အာဏာ လက်မလွှတ်ရအောင် ပြင်ဆင်ထားတာတွေကြောင့်ဖြစ်တယ်။ မြင်နေ ရတဲ့ အခင်းအကျင်းများကတော့….၂၀ဝ၈ အခြေခံဥပဒေ ဖျက် မပေး၊ ပြင်မပေးတာ။ ဒီအထဲမှာ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ ဦးဆောင်မှုအခန်းကဏ္ဍ၊ လိုအပ်လာရင် ကာကွယ်ရေးဦးစီးချုပ်က အချိန်မရွေး အာဏာသိမ်းနိုင်ကြောင်း၊ စစ်အုပ်စုထိပ်သီးတွေ လုပ်ချင်သလိုလုပ်ခဲ့တဲ့ပြစ်မှုတွေအတွက် နောက်ကြောင်းပြန်အရေးမယူရ စတာတွေပါနေတယ်။
- ဒါ့အပြင် တပြည်လုံးအပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးကြဖို့ကိစ္စ တိုးလိုးတန်းလန်းဖြစ်အောင်လုပ်ထားတာ
- ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အသစ် ထွက်လာတာ။
- PR လို့ခေါ်တဲ့ အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ လုပ်လိုက်ကြတာ။
- တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ အားလုံးလိုလိုက စစ်ဗိုလ်ဟောင်းတွေချည်းဖြစ်နေတာ။
- လူမျိုးစုနယ်မြေ (ကချင်၊ ပလောင်၊ ရှမ်းမှသည် ‘ပြေလည်လှချည့်’ဆိုတဲ့ ကရင်ပြည်နယ်)တွေအထိ စစ်ဆင်ရေး ကြီး/ငယ်တွေ ဆက်လုပ်ထားတာ။
- ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင် ဘန်ကောက်ကိုသွားပြီး ထိုင်းစစ်တပ်အာဏာသိမ်းတာကို ချက်ချင်းထောက်ခံလိုက်တဲ့ကိစ္စ။
- လူမျိုးစုပြဿနာတွေ၊ ဘာသာရေးထိပ်တိုက်တိုးစေမယ့်အကွက်တွေ ဆင်လာတာ၊ ကိုယ့်လူတွေ (အထူးသဖြင့် စွမ်းအားရှင်တွေ)ကို ပွဲတိုးထားစေတာတွေလုပ်နေတယ်။ တဖက်မှာတော့ ပြည်သူတွေရဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ဒီမိုကရေစီရေးတောင်းဆိုမှုတွေက မြင့်တက်လာနေတယ်။ စက်ရုံအလုပ်ရုံတွေက အလုပ်သမားတွေရဲ့ရပိုင်ခွင့်တိုက်ပွဲများ၊ တောင်သူလယ်သမားတွေရဲ့ထွန်တုံးတိုက်ပွဲများ၊ ကျောင်းသား၊ မီဒီယာလောကသား၊ ဥပဒေပညာရှင်တွေရဲ့ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုသံများ ဆူထလာနေတယ်။
ဒီအခြေအနေမှာစစ်အုပ်စု၊ စစ်အစိုးရ ဘာလုပ်မလဲကြည့်တော့
(၁) ကြားဖြတ်ရွေးကောက်ပွဲလုပ်ပါမယ်၊ ရလဒ်ကိုကြည့်ပြီး လိုအပ်တာတွေ ဖြည့်စွက်ပြင်ဆင်တာတွေလုပ်လိမ့်မယ်။
(၂) ကျေနပ်ရင် ၂ဝ၁၅ ရွေးကောက်ပွဲကြီးလုပ်မယ်။ စိတ်ကြိုက်အဖြေမထွက်ရင် အကြောင်းအမျိုးမျိုးပြပြီး ငြင်းပယ်တာ၊ အချိန်ဆွဲတာ လုပ်နိုင်တယ်။
(၃) ရွေးကောက်ပွဲ သူတို့အခွင့်မသာရင်၊ နိုင်တဲ့သူတွေနဲ့ အပေးအယူမတည့်ရင် ထိုင်းဖြေရှင်းနည်းအတိုင်း အာဏာသိမ်းပါလိမ့်မယ်။
မိမိတို့ ဘာလုပ်မလဲဆိုတာလည်း စဉ်းစားပြင်ဆင်ထားရပါမယ်။ ပြဿနာအားလုံးကို လွှတ်တော်တွင်းမှာပဲတောင်းဆိုဖြေရှင်းနေလို့ကတော့ စစ်အုပ်စု တုန်လှုပ်မှာမဟုတ်၊ သူ့အကြိုက်ပဲဖြစ်မယ်။
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ ၂ဝ၁ဝ ကြားဖြတ်ရွေးကောက်ပွဲနဲ့ တူနိုင်စရာအကြောင်းမရှိ၊  အုပ်စိုးသူတွေအနေနဲ့ ၂ဝ၁၅ အတွက် ဝတ်စုံပြည့်ဇာတ်တိုက်တာ ဖြစ်လိမ့်မယ်။
သူတို့က အာဏာရှင်ပဲ၊ ယန္တရားတစုံလုံးရှိတယ်။ လိုအပ်သလို ဆုတ်တက်လှုပ်ရှား ကစားနိုင်တယ်။ ‘နိုင်ငံတော်’ ဆိုတဲ့နာမည်ကို ခံယူသုံးစားနေကြပေမယ့် သိက္ခာကလုံးဝရှိတာ မဟုတ်။ အကြောင်းပြချက်တခုခုနဲ့ လှည့်ပြောင်းပစ်လိုက်နိုင်တယ်။
ကိုယ့်မှာက လူထုအားပဲရှိတယ်။  ဒါကိုပဲ ဆုပ်ကိုင်လှုပ်ရှားကြရမှာပါ။ လူထုကတော့ ‘သူမတို့လေနဲ့၊ တို့လိုက်ရင် တကယ်မြည်တဲ့ ရွှေစည်ကြီး’ဆိုတာ အထင်အရှားပဲမဟုတ်လား။
ပေးသမျှပဲယူမယ်ဆိုလို့ကတော့ စစ်ကျွန်သက်ရှည်ကြရပါဦးမယ်။(၂၁ - ၇ - ၂၀၁၄)
အရေးတော်ပုံဂျာနယ် အတွဲ ၂၊ အမှတ် ၂ (အယ်ဒီတာ့အာဘော်)

0 comments:

Post a Comment