အရပ်သားတပိုင်းစစ်တပိုင်းအစိုးရဟာ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေလုပ်နေတာကိုအားလုံး အသိပါ။
ငြိမ်းချမ်းရေးလုပ်တာကို ကျနော်တို့ကြိုဆို ရမှာပဲ။ ငြိမ်းချမ်းရေးဟာ
ဗမာပြည်အတွက် အရေးကြီးဆုံးလိုအပ်ချက်ပါ။ ဒါပေမယ့် ရိုးသားဖို့လိုတယ်။
စေတနာမှန်ဖို့လိုတယ်။ အရပ်သားတပိုင်းစစ်တပိုင်းအစိုးရ ပီသစွာ၊ ငြိမ်းချမ်းရေးတဖက် စစ်ပွဲတဖက်လုပ်နေတဲ့လုပ်ရပ်ကိုတော့
ကန့်ကွက်ရပါလိမ့်မယ်။ ဒီနေ့ဖြစ်နေပုံက လူရှေ့သူရှေ့မှာငြိမ်းချမ်းရေးစကားပြောပြီး တောကြိုအုံကြား လူကွယ်ရာရောက်တာနဲ့ စစ်တိုက်နေသလိဖြစ်နေတယ်။ ဒီတော့ အခုလုပ်နေကြတဲ့ငြိမ်းချမ်းရေးလုပ်ငန်းဟာ
ဘယ်လောက်စေတနာမှန်မှန်နဲ့လုပ်နေသလဲ။ နည်းမှန်လမ်းမှန်လုပ်နေတာ ဟုတ်ရဲ့လားဆိုတာကို ကျနော်တို့ပြန်ကြည့်ဖို့လိုလာပါပြီ။
အစိုးရရဲ့ငြိမ်းချမ်းရေးဆောင်ရွက်ချက်တွေထဲမှာ သံသယဖြစ်စရာတွေပြည့်နေတယ်။ ဝန်ကြီးဦးအောင်မင်းနဲ့ မြန်မြာ ငိမ်းချမ်းရေးစင်တာတို့ဟာ နိုင်ငံတကာကပေးတဲ့ငွေထုပ်ကိုဖင်ခုထိုင်ပြီး
အလွဲသုံးစားလုပ်နေတယ်ဆိုတဲ့သံသယတွေလည်း အများအပြားရှိနေတယ်။ အများပြည်သူက
သူတို့အပေါ်မှာအယုံကြည်နည်းတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးအလားအလာတွေကောင်းနေတယ်လို့
ဆိုနေကြသူတွေဟာ ဦးအောင်မင်းတို့အုပ်စုသာမကဘဲ
တိုင်းရင်းသားခေါင်းဆောင်တွေလည်း ပါဝင်ကြတော့ အများပြည်သူကအားတက်တယ်။ မျှော်လင့်ချက်ထားတယ်။ ဒီတခါတော့ ငြိမ်းချမ်းရေးနဲ့
သိပ်မဝေးတော့ဘူးလို့ တချို့ကထင်တယ်။ အဲဒီအထင် ဘယ်လောက် မှန်နိုင်ပါသလဲ။
အပစ်အခတ်ရပ်စဲရေးအတွက်တခုတည်းသောမူကြမ်းထွက်ပေါ်လာရေးကို သင်္ကြန်မတိုင်ခင်ကဆွေးနွေးကြရာမှာ ငြင်းစရာတွေကပွားပွားလာပြီး အငြင်းပွားကြရလွန်းလို့
မူလသတ်မှတ်ထားတဲ့အစည်းအဝေးရက် ၂ ရက်ဟာ ဆန့်ထွက်သွားတာကိုတွေ့ရတယ်။
နောက်ဆုံး ရက်ကြာလာလို့ အစည်းအဝေးသာရပ်လိုက်ရတယ်၊ သဘောတူညီချက်တော့
မရခဲ့ကြဘူး။ သဘောတူညီချက်ရသယောင်ယောင် အဆင်ပြေသယောင်ယောင်
ဖုံးဖုံးဖိဖိပြောတဲ့ ပူးတွဲကြေညာချက်တခုတော့ ထွက်လာပါရဲ့။ ဒါပေမယ့် တကယ့်ဖြစ်ရပ်ဟာ မကြေလည်မှုတွေနဲ့ တခန်းရပ်ခဲ့ရတာသာဖြစ်ကြောင်းကိုတော့ လေ့လာကြည့် ရင်သိနိုင်ပါတယ်။
မကြေလည်မှုတွေက ဘာတွေပါလဲ။
စကားလုံးအသုံးအနှုန်းလေးတွေကွဲလွဲနေတယ်လို့ နှစ်ဖက်စလုံး က
ပြောကြတယ်။ ဒါပေမယ့် အဲဒီလိုပြောနေကြတာဟာ ဖော့ပြောနေတာပါ။ ဖော့ပြောနေတာဖြစ်ကြောင်း ကို
သူတို့ကွဲလွဲချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။ သူတို့ကွဲလွဲချက်တွေက
ဘာတွေလဲဆိုတာကို ကြည့်ကြရအောင်ပါ။
၁။ တိုင်းရင်းသားတွေဘက်က တော်လှန်ရေးဆိုတဲ့စကားလုံးသုံးနှုန်းတာကို အစိုးရဘက်ကမကြိုက်ဘူးလို့ ဆိုတယ်။
၂။ တိုင်းရင်းသားတွေဘက်က ဖက်ဒရယ်လို့သုံးတာကို အစိုးရဘက်ကမကြိုက်ဘူး။ ဖက်ဒရယ်အစား ပြည်ထောင်စုလို့ပဲသုံးရမယ်။
၃။
တိုင်းရင်းသားတွေဘက်က ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတဲ့စကားလုံးသုံးတာကို အစိုးရကမကြိုက်ဘူး။
၎။
တည်ဆဲဥပဒေတွေကိုလိုက်နာရမယ်ဆိုတဲ့စကားကို အစိုးရဘက်ကသုံးတာကို
တိုင်းရင်းသားတွေဘက်ကမကြိုက်ဘူး။ ဥပဒေလိုက်နာရမယ်လောက်ဆိုရင်တော် ပြီ။
၅။ လွှတ်တော်ပြင်ပလို့ တိုင်းရင်းသားတွေသုံးတာကို အစိုးရကမကြိုက်ဘူး။
ဒါလေးတွေကိုစကားလုံးအသုံးအနှုန်း လေးတွေကွဲလွဲနေတယ်လို့ အစိုးရဘက် UPWC ကရော တိုင်းရင်းသားဘက် NCCT ကရော
ပြောကြတယ်။ တကယ်တော့ ဒါဟာ စကားလုံးလေးတွေကွဲလွဲနေတာ မဟုတ်ဘူး။ မူအရ
အကြီးအကျယ်ကွဲလွဲချက်တွေဆိုတာကို နိုင်ငံရေးနဲ့သိပ်ဒုံးမဝေးတဲ့သူတိုင်း သိနိုင်တယ်။
တော်လှန်ရေးဆိုတဲ့စကားကို တိုင်းရင်းသားတွေကသုံးချင်တာဟာ သူတို့ရဲ့တကယ့်ခံစားချက်ကို ထင်ဟပ်စေချင်တာပဲ။ သူတို့ဂုဏ်သိ က္ခာကိပေါ်လွင်စေချင်တာလည်း ဖြစ်ပါတယ်။ သူတို့ဟာ အစိုးရကိုမကြိုက်လို့
တော်လှန်နေကြသူတွေပဲ။ သူခိုးဓါးပြမဟုတ်ဘူးဆိုတာ သိစေချင်ကြတယ်။
အစိုးရကတော့ သူတို့ကို လက်နက်ကိုင်တိုက်ပွဲကာလတလျှောက်လုံးမှာ သောင်းကျန်းသူလို့သာ သဘောထားခဲ့တယ်။ အဲသလိုပဲသုံးနှုန်းခဲ့တယ်။ အစိုးရကမတရားလို့ ဖိနှိပ်လိုတော်လှန်နေကြတဲ့ သူတွေလို့ ဘယ်တု န်းကမှအသိအမှတ်မပြုခဲ့ဘူး။ ဒါ့ကြောင့်
တော်လှန်ရေးဆိုတဲ့စကားကို လက်မခံချင်ဘူး။ သူတို့ဟာ နိုင်ငံရေးစိတ်ဓါတ်နဲတော်လှန်နေတဲ့သူတွေဆိုတာကိုအသိအမှတ်ပြုရတာဟာ သူတို့ရဲ့ဂုဏ်သိက္ခာကိုအသိအမှတ်ပြုရတာ ဖြစ်တယ်။ အဲဒါကို အသိအမှတ်မပြုဘဲ လက်နက်ကိုင်ပြီး
အလကားသောင်းကျန်းနေသူတွေလို့သာဆိုချင်တဲ့အတွက် လက်နက်ကိုင်တိုင်းရင်းသားလို့သာသုံးချင် တယ်။ တော်လှန်ရေးကိုမသုံးဖို့ ကန့်ကွက်တဲ့အပြင် လက်နက်ကိုင်တိုင်းရင်းသားနဲ့ တိုင်းရင်းသားလက်နက် ကိုင်တောင်
အငြင်းပွားကြတယ်။ တိုင်းရင်းသားေ တွက အစိုးရကိုမကျေနပ်လို့
လက်နက်ကိုင်နေတယ်ဆိုတဲ့ အဓိပ္ပါယ်မထွက်ဘဲ၊ လက်နက်ကိုင်ထားသောတိုင်းရင်းသားအချို့ဆိုတဲ့အဓိပ္ပါယ်ဖြစ်စေချင်တယ်။ ဒါဟာ
သာမန် စကားလုံးအငြင်းပွားမှုမဟုတ် ဘူး။ နောက်ကွယ်မှာ အင်မတန်ကြီးမားတဲ့အဓိပ္ပါယ်ခြားနားမှုကြီး ရှိနေတယ်။
တိုင်းရင်းသားတွေက ဖက်ဒရယ်လို့သုံးတာကို အစိုးရကမကြိုက်ဘူး။ ပြည်ထောင်စုလို့သုံးစေချင်တယ်။
ဒါဟာလည်းမူအရ အလွန်ကြီးမားတဲ့ခြားနားချက်ကြီးပဲ။ အစိုးရပြောနေတဲ့ပြည်ထောင်စုဆိုတာ အခု သူတို့ရဲ့ ၂၀၀၈ အခြေခံဥပဒေမှာပါတဲ့ပြည်ထောင်စုကို
ပြောနေတာ။ အခုသူတို့လုပ်ထားတာဟာ ပြည်ထောင်စုပါပဲ လို့ပြောနေတာဖြစ်ပါတယ်။
တိုင်းရင်းသားတွေကတော့ အခု ၂၀၀၈ မူကို ပြည်ထောင်စုလို့လက်မခံဘူး။ တပြည်ထောင်စနစ်လို့ပဲယူဆတယ်။ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေး တခုမှမပါဘူးလို့ ယူဆတယ်။ ဖက်ဒရယ်ကိုလိုချင်တယ်။
ပြည်ထောင်စုစစ်စစ်ကို လိုချင်တယ်။ ဒါဟာ
ဧရာမခြားနားချက်ပါ။
နောက်တခါကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဆိုတဲ့တိုင်းရင်းသားတွေရဲ့အသုံးကို အစိုးရကမကြိုက်ဘူး။ ဒါဟာလည်း စောစောက ဖက်ဒရယ်/ပြည်ထောင်စုကွဲလွဲမှုနဲ့ တသဘောတည်းပဲ။ အစိုးရက တိုင်းရင်းသားတွေကို ကိုယ်ပိုင်ြ ပဋ္ဌာန်းခွင့်မပေးချင်ဘူး။ ကိုယ့်ပြည်နယ်မှာ ဒေသဆိုင်ရာဥပဒေတွေ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တို့၊ အခွန်ငွေ ခွဲဝေသုံးစွဲခွင့်၊ သယံဇာတခွဲဝေပိုင်ဆိုင်ခွင့်၊ တိုင်းရင်းသားအရေးကို ကိုယ်ပိုင်ဆောင်ရွက်ခွင့်တို့ဆိုတဲ့အခွင့်အရေးတွေကို မပေးချင်ဘူး။ ဒါလည်း မူအရကွဲလွဲချက်ပါ။
တည်ဆဲဥပဒေတွေကိုလိုက်နာရမယ်လို့ အစိုးရကပြောတယ်။ တိုင်းရင်းသားဘက်က ဥပဒေလိုက်နာ ရမယ်လောက်ပဲသဘောတူချင်တယ်။ ဒီကွဲလွဲချက်ကလည်း မသေးဘူး။ တိုင်းရင်းသားဘက်က ဥပဒေလိုက်နာမယ်ဆိုတာ တရားမျှတတဲ့ဥပဒေ၊ စံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ဥပဒေကိုလိုက်နာမယ်ဆိုတဲ့ သဘော။ ဥပဒေပီသတဲ့ဥပဒေကိုလိုက်နာမယ်ဆိုတဲ့သဘော။ ဥပဒေလိုက်နာရေးကို မူအရသဘော တူတယ်ဆိုတဲ့သဘော။ အစိုးရဘက်က တည်ဆဲဥပဒေဆိုတာ တည်နေတဲ့ဥပဒေအားလုံးကိုလိုက်နာရမယ် ဆိုတဲ့ သဘော။ ဒါဆိုရင် မတရားအသင်းဥပဒေလို ဥပဒေမျိုးကိုလည်း လိုက်နာရမယ်လို့
အဓိပ္ပါယ်ထွက်သွားတယ်။ အခုဆွေးနွေးနေတဲ့
တိုင်းရင်းသားအားလုံးကို နိုင်ငံတော်ပုန်ကန်မှုနဲ့ခုံရုံး တင်ဖို့ပဲ
ရှိတော့မယ်။ ဒါမျိုးကို တိုင်းရင်းသားတွေက မလိုလားဘူး။
ဗမာပြည်မှာဖျက်သိမ်းသင့်တဲ့ မတရားတဲ့ ဥပဒေတွေ၊ ဥပဒေလို့မခေါ်ထိုက်ဘဲ
ဥပဒေစာရင်းဝင်နေတာတွေအများကြီးရှိနေတယ်ဆိုတာ တိုင်းရင်းသားတွေ သိနေတယ်။
အဲဒါတွေကို အကုန်လိုက်နာပါမယ်လို့ ကတိကဝတ်မပေးချင်ဘူး။ ဒါ့ကြောင့်
တည်ဆဲဆိုတဲ့
နှစ်လုံးဟာအကြီးအကျယ်ငြင်းစရာဖြစ်နေတယ်။
အဓိပ္ပါယ်ထွက်သွာ
လွှတ်တော်ပြင်ပလို့တိုင်းရင်းသား တွေကသုံးတာကို အစိုးရကမကြိုက်ဘူး။ ဒါကလည်း အကြီးဆုံး ကွဲလွဲချက်ကြီးတခုဖြစ်နေပြန်တယ်။ လွှတ်တော် ထဲဆွဲထည့်တာကို တိုင်းရင်းသားတွေမခံနိုင်ဘူး။ လွှတ်တော်ထဲဆွဲထည့်တာဟာ ၂၀၀၈ အခြေခံဥပဒေအောက်ဆွဲသွင်းတာ ပဲ။
ကျုံးသွင်းတာပဲဆိုတာ တိုင်းရင်းသားတွေသိတယ်။ ၂၀၀၈ ကို သူတို့
ဒူးမထောက်ချင်ဘူး။ အစိုးရက ၂၀၀၈ အောက် ဒူးထောက်စေချင်တယ်။ ဒီတော့ လွှတ်တော်ပြင်ပသုံးရေး မသုံးရေးဆိုတာကလည်း ဒူးထောက်ရေး၊ မထောက်ရေးပြဿနာဖြစ်နေပြန်တယ်။
ဒီလိုတဖက်မှာဆွေးနွေးနေချိန်မှာ ပဲ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရှမ်းပြည် တပ်မတော်မြောက်ပိုင်းတို့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် တို့နဲ့
တွေ့တယ်။
တွေ့တဲ့အခါပြောတဲ့ စကားထဲမှာ ၂၀၀၈အခြေခံဥပဒေဘောင်အတွင်းကနေပဆောင်ရွက်ရမယ်လို့ ထည့်သွင်းပြောခဲ့တယ်။ ဒါဟာ အချိန်ကိုက်၊
ရည်ရွယ်ချက်ရှိရှိနဲ့ထွက်ပြောတာပဲဆိုတာ ဘာမှ သံသယဖြစ်စရာမရှိဘူး။ ၂၀၀၈
အခြေခံဥပဒေဘောင်အတွင်းကပဲလုပ်ရမယ်ဆိုတဲ့စကားဟာ တော်တော်တာသွားတယ်။
ဒီစကား တခွန်းဟာ ဖက်ဒရယ်မပေးဘူး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မပေးဘူး၊ တန်းတူအခွင့်အရေးမပေးဘူးဆိုတာတွေကို စကားတခွန်းတည်းနဲ့ အားလုံးတပေါင်းတည်းအဓိပ္ပါယ် ထွက်သွားစေတယ်။ ဒါ့အပြင် အလွန် အရေးကြီးတဲ့ နောက်ထပ်စကားတခွန်းကိုလည်း ပြောခဲ့တယ်။ အဲဒါက ဘာလဲဆိုတော့ တပ်မတော်တခုတည်းရှိရမယ်ဆိုတဲ့ စကားပါပဲ။ တပ်မတော်တခုတည်းရှိရမယ်။ အဲဒီတပ်မတော်ဟာ သူတို့ရဲ့တပ်မတော်ဖြစ်တယ်။ ကျန်တဲ့တပ်မတော်တွေ ဖျက်ပေးရမယ်။ ဒီတော့ အဓိပ္ပါယ်က
လက်နက်ချခိုင်းတဲ့အဓိပ္ပါယ်သာဖြစ်ပါတယ်။
ဒါတွေကိုကြည့်ရင်
ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ စစ်အစိုးရရဲ့သဘောထားဟာ တော်တော် ပေါ်လွင်
ထင်ရှားနေတယ်။ ၂၀၀၈ အခြေခံဥပဒေအောက် ဝင်လာခဲ့ပါ။ လက် နက်ချပါ။
အစိုးရဘက်ကပြောတဲ့ လက်ရှိမူ ပြည်ထောင်စုဆိုတာကို လက်ခံပါ။ ဒါပါပဲ။ ဒါတွေကိုကြည့်ရင် အစိုးရဘက်က ဘာတခုမှ ပြင်ဆင်ဖို့အလျှော့ပေးဖို့မရှိဘူးဆိုတာကို
ဆွေးနွေးပွဲမတိုင်ခင်မှာ ထပ်ကာထပ်ကာ သတိပေးနေတဲ့သဘောဖြစ်နေတယ်။ ဒါဆိုရင်
ဘာလို့များဆွေးနွေးနေသေးသလဲ။ အစိုးရရဲ့ တကယ့်ရည်ရွယ်ချက်က ဘာလဲ။ ရိုးမှရိုးသားရဲ့လားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။
တခြားတဖက်ကိုလည်းကြည့်ရအောင်။
တိုင်းရင်းသားတွေကရော ဒါတွေကိုမရိပ်စားမိဘူးလား။ သူတို့ကရော
ဘာမျှော်လင့်ချက်နဲ့ဆွေးနွေးနေသလဲ။ သူတို့လိုချင်တာေ တွကို
အစိုးရကသဘောတူမယ်လို့ ထင်နေလို့လား။ ဒါမှ မဟုတ်တခြားရည်ရွယ်ချက်တွေရှိသေး သလား။ အခုလုပ်နေတဲ့ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေဟာ နှစ်ဦးနှစ်ဘက် ဘာရည်ရွယ်ချက်တွေနဲ့ဆွေးနွေးနေတာလဲ။ ငြိမ်းချမ်းရေးေ ဆွးနွေးပွဲတွေဟာ တကယ်ပဲ ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်မလား။ ဒီအချက်တွေကိုသုံးသပ်တာဟာ ဒီဆောင်းပါးရဲ့
အဓိက ဦးတည်ချက်ဖြစ်ပါတယ်။
အစိုးရဘက်ကရည်ရွယ်ချက်တွေကို အရင်
ဆန်းစစ်ကြည့်ချင်ပါတယ်။ ဘာတခုမှ လျှော့ဖို့ ပြင်ဖို့ ညှိနှိုင်းဖို့
ရည်ရွယ်ချက်မရှိဘဲ အစိုးရဘက်က ဆွေးနွေးပွဲလမ်းကြောင်းကိုလျှောက်နေတာဟာ
အကြောင်းအမျိုးမျိုး ရှိနိုင်ပါတယ်။ ပထမတကြောင်းကတော့ ငြိမ်းချမ်းရေးအတွက် အမျိုးမျိုးဖိအားပေးနေကြတဲ့  နိုင်ငံတကာ အသိုင်းအဝိုင်းကို
သူတို့အနေနဲ့ အမှန်တကယ်ငြိမ်းချမ်းရေးလိုလားပါတယ်လို့ သတင်းစကာပေးပို့နေ တာပါ။ ဒီလိုသတင်းစကားပေးပို့ခြင်းအားဖြင့် ငြိမ်းချမ်းရေခေါင်းစဉ်အောက်မှာငွေတွေ အများအပြား ရတယ်။ ဒါ့ထက် ပိုအရေးကြီးတာက
ငြိမ်းချမ်းရေးလုပ်ပြမှ ရင်းနှီးမြှုပ်နှံသူတွေ
စိတ်ချလက်ချပုံအော ရင်းနှီးကြမယ် ။ ဒါ့ကြောင့်
မဖြစ်မနေလုပ်ပြနေရပါတယ်။
ဒုတိယတကြောင်းကတော့ငြိမ်းချမ်းေ ရးကို အင်မတန် အာသာငမ်းငမ်းဆာလောင်မွတ်သိပ်နေကြ တဲ့ ပြည်သူတရပ်လုံးကို ချွေးသိပ်နှစ်သိမ့် ဖို့ပါပဲ။ ပြည်သူတွေကျေနပ်မှ တိုင်းပြည်ငြိမ်သက် မယ်။ ပြည်သူတွေကျေနပ်မှ သူတို့ကိုမဲပေးမယ်။ ဒီသဘောကတော့ တော်တော်ရှင်းပါတယ်။
ဒီနှစ်ခုစလုံးထက်ပိုအရေးကြီးတဲ့
တတိယအကြောင်းလည်းရှိပါသေးတယ်။ ဒါဟာ ရည်မှန်းချက်လို့လည်း ဆိုနိုင်တယ်။
အဲဒါကတော့ တိုင်းရင်းသားတွေရဲ့လက်နက်ကိုင်တော်လှန်ရေးအပေါ်မှာ
သေနတ် မဖောက်ဘဲ အောင်ပွဲခံနိုင်ရေးပါပဲ။ ဘယ်လို
အောင်ပွဲခံနိုင်မှာလဲ။ တဒိန်းဒိ န်းတဂျိန်းဂျိန်းနဲ့ ပစ်ခတ် သတ်ဖြတ်လာတာ ၆၅ နှစ်ကျော်ပြီ။ အခုကျမှ သေနတ်မဖောက်ဘဲအောင်ပွဲခံနိုင်ေ ရးကို သူတို့ဘက်က မျှော်လင့်နေတယ်ဆိုတာဟုတ်ပါ့မလားလို့ တချို့က မေးခွန်းထုတ်ချင်လိမ့်မယ်။
သူတို့ အဲသလိုမျှော်လင့်နေကြောင်း သူတို့ လုပ်ဟန်တချို့က ဖော်ပြနေပါတယ်။ သူတို့ရည်မှန်းချက်ဟာ တိုင်းရင်းသားထုတခုလုံးနဲ့ နိုင် ငံရေးအရစေ့စပ်ဆွေးနွေးတာမျိုးမလုပ်ဘဲ တိုင်းရင်းသားခေါင်းဆောင်တွေကို လူထုနဲ့ခွဲထုတ် ဖဲ့ထုတ်စည်းရုံး ဖို့ပါ။ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်၊ တန်းတူရေး၊
ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ဆိုတာတွေ ကိုတခုမှမပေးဘဲ တိုင်းရင်းသားခေါင်းဆောင်တွေကို သာ သူတို့ကျေနပ်လောက်မယ့် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားတချို့ ပေးပြီး စေ့စပ်ညှိနှိုင်းလိုက်ဖို့ဖြစ်ပါ တယ်။ ကားပါမစ်လက်ဆောင်ဟာ ပထမ အဆင့် စမ်းသပ်လာဘ်ထိုးတာဖြစ်ပါတယ်။ သူတို့စမ်းသပ်ချက်ဟာ အတိုင်းအတာတခု အထိ ပေါက်ရောက်အောင်မြင်ခဲ့ပြီလို့ေ တာင်ဆိုနိုင်ပါတယ်။ သူတို့ရဲ့အောင်မြင်မှုအသီးအပွင့်ကို ဥပမာအနေနဲ့ လူနှစ်ယောက်နဲ့ညွှန်းဆိုဖော်ပြချ င်ပါတယ်။ ပုဂ္ဂိုလ်ရေးသဘောမပါပါ။ သိသာမြင်သာတဲ့ သူကိုသာ ရည်ညွှန်းတာဖြစ်ပါတယ်။ မန်းငြိမ်း မောင်နဲ့ ဆလိုင်းငွန်ကျုံးလျန်ကိုကြည့်ပါ။ သူတို့ အခုပြောဆိုနေကြတဲ့စကားတွေ ဟာ အစိုးရကိုယ်စား အစိုးရပြောချင်တဲ့စကားတွေကို ပါးစပ်အငှားနဲ့ ပြောပေးနေကြသလိုတောင်ဖြစ်နေပါ တယ်။
အဲဒါအစိုးရဘက်က
အောင်မြင်မှု အသီး အပွင့်တွေပါ။ ကားအစီး ၆၀၊ ၁၀၀ ပေးပြီးနောက်မှာ
ဒီလိုရလဒ်တွေထွက်လာတာပါ။ ဒီတော့ နောက်ထပ်လည်းပေးဦးမှာပါ။ ဒီ့ထက်
မြိုးမြိုးမြက်မြက်ပေးဦးမှာပါ။ ဒီလောက်ကလေးကို ဘာမပေးနိုင်စရာရှိသလဲ။
တိုင်းရင်းသားတွေဆီကနေ စစ်ခေါင်းဆောင်တွေရတဲ့ သယံဇာတတွေက ဒီ့ထက်မက
အများကြီးရထားတာပဲ။ ဒီလောက်ကလေးပေးလိုက်ရတော့ ဘာဖြစ်သလဲ။
အစိုးရလုပ်နေတဲ့ဗျူဟာဟာ တော်လှန်ရေးကို
ခေါင်းနဲ့ကိုယ်ခွဲထုတ်ပြီး ခေါင်းဖြတ်ဝယ်ယူနေတဲ့ဗျူဟာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ အောက်ခြေလူထု၊အောက်ခြေ တိုင်းရင်းသားပြည်သူတွေရဲ့လိုလားချက်ကို မပေးဘူး။ ဦးဆောင်ဆွေးနွေးတဲ့ခေါင်းဆောင်တွေကိုတော့ ပုဂ္ဂလိကခံစားခွင့်တွေပေးမယ်ဆိုတဲ့ မူဖြစ်ပါတယ်။
အမှန်မှာတော့တော်လှန်ရေးတခု၊
တော်လှန်စစ်ပွဲတခုဆိုတာဟာ နိုင်ငံရေးပြဿနာမပြေလည်ဘဲ
ပြီးပြတ်သွားရိုးမရှိပါဘူး။ ဒါပေမယ့် တော်လှန်ရေးခေါင်းဆောင်တွေကိုဝယ်ယူလိုက်နိုင်ရင် ခေါင်းဆောင်တွေက နောက်လိုက်တွေကို သစ္စာဖောက်သွားရင်တော့
တော်လှန်ရေးဟာ ယာယီငြိမ်သွားနိုင်ပါတယ်။ အစိုးရအခုလုပ်ကိုင်နေတဲ့
လုပ်နည်းလုပ်ဟန်ကိုကြည့်ရင် သူတို့ရဲ့ရည်မှန်းချက်ဟာ
အဲသလိုဖြစ်လိမ့်မယ်လို့
ခန့်မှန်းမိပါတယ်။ အစိုးရဟာ တိုင်းရင်းသား ခေါင်းဆောင်တွေကို သူဋ္ဌေးတွေဖြစ်လာအောင်မြှောက်စားပေးကမ်း ပါလိမ့်မယ်။ တော်လှန်ရေးကိုစွန့်လွှတ်ပြီး
လက်နက်ချခိုင်းပါလိမ့်မယ်။ အဲသလို လက်နက်ချတာကိုလည်း သိက္ခာဆည်နိုင်အောင်
ငြိမ်းချမ်းရေးလို့နာမည်တပ်ပေးပါလိမ့်မယ်။ ရှဥ့်လည်းလျှောက်သာ၊
ပျားလည်းစွဲသာ ပြည်သူနာ
လမ်းစဉ်ဖြစ်ပါတယ်။
တိုင်းရင်းသားတွေဘက်ကဒါတွေမသိဘူးလား။
အခုကျနော်တွေးသလို သူတို့ မတွေးကြဘူးလား။ သူတို့
မရိပ်စားမိဘူးလား။ မဟုတ်ပါဘူး။ သူတို့သိပါတယ်။ ရိပ်မိပါတယ်။ ဗမာပြည်မှာ
အတိုက်အခံ ဒီမိုကရေစီ သမားဆိုတဲ့သူတွေကသာ အစိုးရအကြော၊ စစ်အာဏာရှင်တွေရဲ့အကြောကို မသိရင်ရှိမယ်။ လက်နက်ချင်း ယှဉ်တိုက်လာတဲ့တိုင်းရင်းသားတွေက အစိုးရအကြောကို
နောကျေပါတယ်။ အစိုးရအပေါ်မှာ ကျနော့်ထက်လည်း သံသယကြီးကြီးထားတတ်တယ်ဆိုတာ တိုင်းရင်းသားတွေနဲ့ပြောဆိုဆက်ဆံဖူး သူတိုင်းသိပါလိမ့်မယ်။ ဒါဆိုရင် တိုင်းရင်းသားတွေကပါ ငြိမ်းချမ်း ရေးအလားအလာကောင်းပါတယ်၊ တိုးတက်နေပါတယ်လို့ ဘာကြောင့်ဟန်ချက်ညီညီနဲ့ အသံတွေထုတ်ပေးနေပါသလဲ။ ဘာ့ကြောင့် အကျောက်အကန် အခြအတင်တောင်းဆိုဆွေးနွေးတာမျိုးတွေ မလုပ်သေးဘဲ၊
ရေလိုက်ငါးလိုက် အလိုက်သင့်မျှောလိုက်ဆွေးနွေးနေကြသလဲ။
သူတို့မှာလည်းသူတို့ အကြောင်းတွေနဲ့ သူတို့ရှိမှာပါ။ သူတို့အကြောင်းတွေက ဘာတွေလဲဆိုတာ ကျနော်ရသလောက်သတင်းအချက်အလက်အေ ပ်ါတည်ပြီး စဉ်းစားကြည့်ပါမယ်။
ပထမအချက်က သူတို့ စစ်မောနေပြီ။ တိုက်ရည်ကျနေပြီ။ စည်းရုံးရေးကျနေပြီ။ အကွဲကွဲအပြဲပြဲဖြစ်တဲ့လူကလည်း ဖြစ်နေပြီ။
ခဏနားချင်တယ်။ အားမွေးချင်တယ်။ အင်အားပြန်လည်တည်ဆောက်ချင်တယ်။ ဒါက ဆက်တိုက်ဦးမယ့် ဇွဲကောင်းသူတချို့ရဲ့စိတ်ကူးပါ။
ဒုတိယတချက်ကတော့ စစ်ပမ်းနေချိန် မှာ နိုင်ငံရေးနည်းနဲ့ နိုင်ငံရေးတိုက်ပွဲ ဆင်ကြည့်ချင်တယ်။
တတိယအချက်ကတော့အစိုးရက ဘာပေးမလဲဆိုတာသိချင်တယ်။ ဈေးစကား ပြောချင်တယ်။ ဒါကတော့ လိုချင်လိုမျှော်နေကြတဲ့တိုင်းရင်းသားခေါ င်းဆောင်တချို့ရဲ့ မျှော်လင့်ချက်ပါ။
စတုတ္ထအချက်ကတော့ သူတို့အပေါ်မှာ လည်း
နိုင်ငံတကာဖိအားရှိပါတယ်။ သူတို့ကိုလက်နက်ပေးနေ တဲ့၊
ငွေကြေးထောက်ပံ့နေကြတဲ့သူတွေက ဆွေးနွေးခိုင်းနေတာကို ကျေနပ်အောငဆွေးနွေးပြရပါမယ်။ ဒါကလည်း အကြောင်းတချက်ပါ။ တချိန်က သူတို့ကို ငွေပေး၊
လက်နက်ပေးပြီးကူညီနေသူတွေ
စစ်တိုက်ရေးအားပေးနေသူနိုင်ငံ တကာအလှူရှင်တွေဟာ အခုတော့ စစ်အစိုးရနဲ့ပြေလည်ချင်နေပါပြီ။ စစ်အစိုးရကို တရုတ်ရင်ခွင်ထဲကဆွဲထုတ်ပြီး၊
သူ့ရင်ခွင်မှာ ချော့သိပ်ချင်နေပါပြီ။ တည်ငြိမ်အေးချမ်းတဲ့ခွင်တခုမှာ အေးအေးဆေးဆေးစီးပွား ရှာချင်နေပါပြီ။ ဒီလိုအချိန်မှာ တိုင်းရင်းသားတွေကို စစ်အစိုးရနဲ့ဆွေးနွေးဖို့ ဖိအားပေးလာနေတာဖြစ်ပါတယ်။ ဒါဟာ လည်း အရေးကြီးတဲ့
အချက်ကြီးတချက်ပါ။
ပဉ္စမအချက်ကတော့ဆွေးနွေးသူ
တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ သူဋ္ဌေးဖြစ်ချင်တဲ့ သူတွေ
တော်လှန်ရေးကိုရောင်းစားဖို့ အဆင်သင့်ဖြစ်နေသူတွေလည်း ပါဝင်နေနိုင်ပါတယ်။
ကျနော် အခုသုံးသပ်တင်ပြတဲ့အချက်တွေအတိုင်းသာမှန်ရင်တော့ အဖိနှိပ်ခံတိုင်းရင်းသားတွေ အတွက်ရော၊ မြန် မာလူမျိုးတွေအတွက်ပါ
လက်ရှိဆွေးနွေးပွဲအနေအထားတွေကနေ အားတက်စရာ ရလဒ်ကောင်းတွေထွက်လာစရာ သိပ်မရှိသေးပါဘူး။
တိုင်းရင်းသားတွေအတွက်က ပိုဆိုးနိုင်ပါတယ်။ သူတိုတော်လှန်ရေးကိုရောင်းစားမယ့်ခေါင်းဆောင်တွေ ပေါ်ထွက်လာနိုင်ပါတယ်။
သူတို့လိုချင်တဲ့ ဖက်ဒရယ်တွေ၊ တန်းတူအခွင့်အရေးတွေကို
တော်လှန်ရေးခေါင်းဆောင်တွေက ရောင်းစားပြီး နာမည်ခံငြိမ်းချမ်းရေးကြီးကို သယ်ဆောင်လာဖွယ်ရှိပါတယ်။
ငြိမ်းချမ်းရေးအစစ်အမှန်မရဘဲ ဟိုအရင် ဗိုလ်ချုပ်ခင်ညွန့်လုပ်သလိုပဲယာယီအပစ်အခတ်ရပ်စဲရေးတမျိုးတော့ ကာလတခုအထိ ပေါ်ထွက်လာဖွယ်ရာရှိပါတယ်။ အဲသလိုယာယီအပစ်အခတ်ရပ်စဲရေးကရော တနိုင်ငံလုံးအတိုင်းအတာဖြစ်လာ မလား။ ကျနော့်အထင်တော့ တနိုင်ငံလုံးမဖြစ်လောက်ဘူးထင်ပါတယ်။ တချို့နေရာမှာ စစ်မီးခြွင်းချန်ထားရစ်နိုင်တယ် လို့
ထင်ပါတယ်။ တကယ်တော့ပြည်တွင်းငြိမ်းချမ်းေ ရးဆိုတာ အုပ်ချုပ်သူအစိုးရက အခရာပါ။ သူတို့တကယ်ငြိမ်းချမ်းချင်ရင် ငြိမ်းချမ်းအောင်လုပ်လို့ရပါတယ်။ သူတို့က ထိုးစစ်ပါ။ ကျန်တော်လှန်ရေးအင်အားစုအားလုံးဘက်က သေနင်္ဂဗျူဟာအရ ခံစစ်ဖြစ်ပါတယ်။
ဒါပေမယ့် အစိုးရအဖို့ရာမှာ စစ်ကိုချန်ထားချင်စရာအကြောင်းတချို့ရှိနေတာကို မြင်မိပါတယ်။
အခုအစိုးရဟာအရပ်အစိုးရအမည်ခံထားသော်လည်း စစ်အာဏာရှင်ကနေ လာပါတယ်။ အခုအစိုးရခေါင်းဆောင်တွေအားလုံး ဟာ အရင်စစ်အာဏာရှင်တွေပါပဲ။ စစ်ပွဲရဲ့ယေဘုယျသဘောဟာ စစ်အာဏာရှင်ကိုအကျိုးပြုတတ်ပြီး စစ်ပြေငြိမ်းခြင်းဟာစစ်အာဏာရှင်တွေအတွက် ပြဿနာတချို့ပေါ်ပေါက်စေနိုင်ပါ တယ်။
တကယ်လို့တနိုင်ငံလုံးအတိုင်းအတာအပစ်အခတ်ရပ်စဲသွားရင်၊
ငြိမ်းချမ်းရေးရသွားရင် စစ်သားအရေအတွက်ဟာ ဒီလောက်အများအပြားထားစရာမလိုတော့ဘူး။ မလွှဲမရှောင်သာ လျှော့ကိုလျှော့ရပါတော့မယ်။
အဲသလိုစစ်သားအရေအတွက်လျှော့လိုက်ရရင် စစ်အာဏာရှင်စနစ်လည်း
အားပျော့သွားပါမယ်။ အဲဒါကို စစ်တပိုင်းအစိုးရက မကြိုက်ပါဘူး။ အဲဒီ
အခြေအနေကို စစ်အာဏာရှင်တွေကအဖြစ်မခံနိုင်ပါဘူး။
ဒါကတချက်။
နောက်ပြဿနာတခုက စစ်ပွဲတွေမရှိရင်
စစ်သားတွေက ဘာလုပ်ကြရမလဲ။ ဒါဟာလည်း သူတို့အတွက်တော့ ပြဿနာပါ။ စစ်ပွဲမရှိရင်
စစ်သားတွေဟာ ကုန်ထုတ်လုပ်ရပါလိမ့်မယ်။ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ရပါလိမ့်မယ်။အဲ သလိုလုပ်ကြရင် စစ်သားနဲ့
ပြည်သူ ထိတွေ့ကြပါမယ်။ စစ်သားနဲ့ ပြည်သူ ရင်းနှီးလာမယ်။
နားလည်မှုရလာမယ်။ ဒါဆိုရင် စစ်သားတွေဟာ ပြည်သူတွေဘက်က
မားမားမတ်မတ်ရပ်လာနိုင်ပါတယ်။ ဒါဟာ စစ်အာဏာရှင်စနစ်ကျဆုံးမယ့် လမ်းစပါ။
စစ်သားနဲ့ပြည်သူကို ဝေးနိုင်သမျှ ဝေးဝေးနေစေချင်တာဟာ
ကမ္ဘာပေါ်မှာရှိတဲ့စစ်အာဏာရှင်တို င်းရဲ့ သဘောထားပါ။ ဒါ့ကြောင့်ကမ္ဘာတလွှား
စစ်အာဏာရှင်များဟာ စစ်ပွဲကိုမွေးမြူထားလေ့ရှိကြပါတယ်။ စစ်ပွဲဟာ
သူတို့ရှင်သန်ရပ်တည်ရေးပါ။ သူတို့ဟာ စစ်ပွဲကြောင့်ကောင်းစားနေသူတွေပါ။
စစ်သားတွေ စစ်တိုက်ပေးနေလို့ ကောင်းစားနေကြတဲ့သူတွေပါ။
စစ်သားတွေကပြည်သူတွေကို ပစ်ခတ်ဖြိုခွဲပေးနေလို့ အသက်ရှင်ရပ်တည်နေနိုင်သူတွေပါ။
တိုင်းပြည်မှာငြိမ်းချမ်းရေးရှိ လာရင်
စစ်အာဏာရှင်စနစ်သက်ဆိုးမရှည်နိုင်ပါဘူး။ ဒါဟာ ယေဘုယျသဘောတရားပါ။
ဒါ့ကြောင့်လည်း စစ်အာဏာရှင်များက တိုင်းပြည်ငြိမ်းချမ်းရေးရတာကို
မလိုလားကြပါဘူး။ ဒီလိုပြောတော့အခု ဆွေးနွေးနေတာတွေ မလုပ်ရတော့ဘူးလား။ ရပ်ပစ်လိုက်ရမလားလို့ တချို့က မေးချင်ပါလိမ့်မယ်။ ဒီလို
မဟုတ်ပါဘူး။ ပြောင်းပြန်ပါ။ ဒီ့ထက်ပိုပြီး ဆွေးနွေးဖို့လိုပါတယ်။ ဒီ့ထက်
တက်တက်ကြွကြွဆွေးနွေးဖို့လိုပါတယ်။ တကယ်စိတ်ရင်းစေတနာရင်းမှန်မှန်ကန်ကန်နဲ့ ဆွေးနွေးဖို့လိုပါတယ်။ ဒါပေမယ့် အဲသလို မှန်မှန်ကန်ကန်ရပ်တည်ဖို့၊ လက်ရှိတိုက်နေတဲ့စစ်ပွဲတွေကိုချက်ချင်းရပ်ဖို့ အစိုးရကို
ပြည်သူတွေကတိုက်တွန်းကြရပါမယ်။ ဖိအားပေးရပါမယ်။ တိုင်းရင်းသားသူပုန်တွေကို စစ်တိုက်ပြီး စစ်နဲ့ဖိအားပေးတဲ့လုပ်ရပ်တွေ ၊
အင်အားချိနဲ့အောင်အရင်လုပ်တဲ့ လုပ်နည်းလုပ်ဟန်တွေကို ကန့်ကွက် ကြရပါမယ်။ အစိုးရကိုဖိအားပေးဖို့လိုသလို
ကိုယ့်ခေါင်းဆောင်တွေကိုလည်း
မျက်ခြည်မပြတ်ကြဖို့ လိုပါတယ်။ အဆက်မပြတ် ဝေဖန်ဆန်းစစ်ဖို့လိုပါတယ်။
ကိုယ့်ခေါင်းဆောင်တွေကို ငွေပေးအဝယ်မခံရအောင်၊ အလိမ်မခံရအောင်
ထိန်းကွပ်တည့်မတ်ဖို့ လိုပါတယ်။
ဒီနေ့ခေတ်ဟာ နိုင်ငံ့အရေး
နိုင်ငံ့ကံကြမ္မာကို ခေါင်းဆောင်တွေဆိုသူ လူလက်တစ်ဆုပ်စာလက်ထဲ
ထိုးအပ်ထားတဲ့ ခေတ်မဟုတ်တော့ပါဘူး။ ခေါင်းဆောင်တွေကို သာမန်ပြည်သူတွေက
ထိန်းကျောင်းပေးကြရမယ့်ခေတ်ပါ။ စစ်တပိုင်း အာဏာရှင်တွေကိုသာမက၊ ကိုယ့်ခေါင်းဆောင်တွေကိုပါ သတိထားစောင့်ကြည့်ဖို့ဖိအားပေး ဖို့လိုအပ်တယ်လို့ သတိပေးချင်ပါတယ်။ ကျနော်လည်းအဲသလို စောင့်ကြည့်နေတဲ့ သာမန်ပြည်သူတယောက်ပါ။
ဇော်ဝင်း
၈၈ ကျောင်းသားဟောင်း
0 comments:
Post a Comment