Saturday, August 2, 2014

အတွင်းဝင်အပြင်ထွက်(မျိုးမြင့်ချို)

0 comments
အတွင်းဝင်အပြင်ထွက်(မျိုးမြင့်ချို)
အပြင်လူအတွင်းလူကိစ္စပြောရန် အကြောင်း (၂)ချက်ပေါ်လာသည်။ အပြင်လူများ အတွင်းဝင်သွားခြင်းနှင့် အတွင်းလူများ အပြင်ထွက်လာခြင်းက ပထမအကြောင်း။
“ခင်ဗျားတို့လို အဝေးကအပြင်လူတွေမပြောနဲ့ ကျုပ်တို့လို အတွင်းကအနီးကပ် လုပ်နေသူတွေတောင် ဒီကောင်တွေလုပ်တဲ့အချိုးကြောင့် တခါတခါမျက်စေ့လည်တယ်”ဆိုသည့်အပြောက ဒုတိယအကြောင်းဖြစ်သည်။
ပြောမည့်အကြောင်းက အပြင်လူအတွင်းလူမို့ အပြင်လူအတွင်းလူဟုပဲ သုံးသွားပါမည်။

နိုင်ငံရေးတွင် မည်သည့်နည်းနှင့်ဝင်ပါပါ ပါနေသရွေ့နိုင်ငံရေးလူဖြစ်ပါသည်။
အပြင်လူအတွင်းလူ မရှိပါ။ ကြားလူ မရှိပါ။
ရန်သူ၊ မိတ်ဆွေနှင့် ကြားထားရမည့်လူသာ ရှိပါသည်။
ကြားထားရမည့်သူဆိုသည်မှာ တိုက်စရာမလို၊ စည်းချဆက်ဆံ၊ သိမ်းသွင်းရမည့်သူဟုနားလည်လျှင် လုံလောက်မည်ထင်ပါသည်။

၂ဝ၁ဝ ရွေးကောက်ပွဲအပြီးတွင် မိမိလူတို့ဆီမှ“အပြင်လူအတွင်းလူ”ဝေါဟာရ ကျယ်ကျယ်လောင်လောင်ထွက်လာ၏။ ထို့မတိုင်မီက မိမိတို့ကြားတွင်“ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများ”သာ ရှိပါသည်။ ထိုအင်အားစုများမှာ စစ်အုပ်စုပြောသည့် ”ပြည်တွင်းပြည်ပ အဖျက်သမား”များလည်းဖြစ်ပါသည်။ ဦးတည်ရန်သူသတ်မှတ်ချက်ထားပြီး အပြတ်ချေမှုန်းခံရမည့်သူများဟု အနက်ထွက်ပါသည်။ ခု ပြောပြောနေသည့် အတွင်းလူအပြင်လူ၏အဓိပ္ပါယ်မှာ သူဝင်မချေမှုန်း၊ မိမိတို့အချင်းချင်း ဥသျှစ်သီးဆိုင်ရိုက်သလိုရိုက်ကြရန် ရည်ရွယ်ခြင်းဖြစ်၏။ အိမ်ကြက်တို့အကြားက အိုးမဲဖြစ်၏။ ကိုယ့်တပ် ကိုယ်ပြန်နင်းခိုင်းခြင်းဖြစ်၏။

စစ်တပ်ကစနစ်တကျနောက်ဆုတ်နေပြီ အတွင်းပြန်ဝင်ကြ အထဲကနေလာလုပ်ကြဆိုကာ အပြင်ထွက်လာသည့် ထင်ရှားသည့်အတွင်းလူမှာ ဦးသုဝေ။ ဒီ့မတိုင်ခင်ကတည်းက စစ်အုပ်စုနှင့်နိုင်ငံရေးခြေပုန်းခုတ်၊  ပယောပယီလုပ် ဝင်လိုက်ထွက်လိုက်လုပ်နေသည့်အပြင်လူတွေ မနည်းလှ။ နောက်တော့ အတွင်းလူတွေ တာကျိုးသလိုသလိုသွန်ထွက်လာကြပြီး အပြင်လူတွေလည်း အုံနှင့်ကျင်းနှင့်ဒလဟော ဝင်ချသွားကြ၏။ ဒိုနာတွေကန်ထည့်လို့ မဝင့်ချင်ဝင်ချင်ဝင်ရသည့် နောက်ဆံတငင်ငင်တွေလည်း ရောကောသောကောပါသွား၏။ မျက်နှာပျားရည်လိမ်းပြီးအပြင်ထွက်ကာ အလှူရှင်ရှာသူတို့လည်း ခြေကျင်းတလိမ်လိမ်။ ပိုက်ဆံမရှိရင် ဘာမှလုပ်မရနိုင်ငံရေးသည် ကိုယ့်စားရိတ်နဲ့ကိုယ်ထောင်ကျခံနိုင်ငံရေးနှင့် ကိုယ့်ထမင်းကိုယ်စားနိုင်ငံရေးအား မိန့်မိန့်ကြီးသိမ်းပိုက်လိုက်၏။ ငွေနိုင်ငံရေးဖြစ်လာတော့ ငွေရှိသူတို့ရှေ့တန်းရောက်လာ၏။ ငွေနှင့်အခြားကိစ္စများအတွက် အပြင်ထွက်အတွင်းဝင်တွေပျားပန်းခတ်သဖြင့် ဒီမိုကရေစီအင်အားစုများရှေ့ကနာမဝိသေသနဖြစ်သည့်“ပြည်တွင်းပြည်ပ”သဘော ပျောက်သွားပြီလားဟု ထင်စရာပေါ်လာ၏။ လက်တွေ့အရ ပျောက်မသွား ပြောင်းသွား၏။ အတွင်းလူ အပြင်လူဖြစ်သွား၏။ စည်းခြားပြီး စည်းလည်းထူသွား၏။

၈၈ နောက်ပိုင်း လူအမြောက်အများ ရည်ရွယ်ချက်ကိုယ်စီဖြင့် လူမျိုးစုဒေသများ၊ နယ်စပ်ဒုတိယနိုင်ငံနှင့် တတိယနိုင်ငံများသို့ထွက်ချလာပြီး အနှံ့အပြားပြန့်ကြဲသွားကြ၏။ ရရာအလုပ်လုပ်၊ ရောက်ရာတိုင်းပြည်အခြေချကာ ကိုယ့်ထမင်းကိုယ်စားနိုင်ငံရေးလုပ်သူလုပ်ကြ၏။ အချို့က နယ်စပ်ဒေသများတွင် တုံးပေကပ်သတ်နေရင်း ပါတီ၊ အဖွဲ့အစည်းနှင့်အင်န်ဂျီအိုစုံတည်ထောင်ကာ နိုင်ငံရေးနှင့်နိုင်ငံရေးတပိုင်းလူမှုရေးများ လုပ်ကြ၏။ ထိုလူများအားလုံးသည် “တချိန်က ပြည်ပဒီမိုကရေစီအင်အားစုများ”ဖြစ်ခဲ့ပြီး“ယနေ့ခေတ်အပြင်လူများ”ဟုဆိုရမည်ဖြစ်၏။ ၈၈ နောက်ပိုင်း ဘယ်အခြေအနေမှာမှ ဘယ်အပြင်ကိုမှ မထွက်၊ နိုင်ငံရေးအရအကြမ်းမဖက်သည့်နည်းဖြင့်အာခံအန်တုရင်း ကိုယ့်စရိတ်နှင့်ကိုယ် ထောင်တန်းအကျခံလုပ်နေသူများလည်း တပုံတပင်။ ထိုသူများအား “တချိန်က ပြည်တွင်းဒီမိုကရေစီအင်အားစုများ”ဖြစ်ခဲ့ပြီး“ယနေ့ခေတ် အတွင်းလူများ”ဟု ဆိုရမည်ဖြစ်၏။ ယခုအတွင်းလူအပြင်လူဟု ကွဲထွက်သွား၏။ စည်းခြားသွား၏၊ ထို အတွင်းလူ အပြင်လူအချင်းချင်း ထိုးနှက်ချက်သည် ဝမ်းနည်းစရာကောင်းသလောက် မထိတ်သာမလန့်သာလည်းဖြစ်လာ၏။ ပြည်တွင်းပြည်ပ ဒီမိုကရေစီအင်အားစုများကြား ရှိခဲ့ဖူးသည့်ညီညွတ်ရေး အစည်းပြေသွားပြီလားဟု တွေးစရာဖြစ်လာ၏။ တချိန်က ပြည်တွင်းပြည်ပပေါင်းကာ စစ်အာဏာရှင်ဆန့်ကျင်တိုက် ဖျက်ရေးအတွက်တွဲခဲ့ကြသည့်လက်များ ပြည်မထွက် ပြုတ်ထွက်မသွားသေးသော်လည်း ဆုတ်ဆုတ်ကိုင်ကိုင် သိတ်မရှိချင်တော့။

အထဲဝင်သွားသည့်အပြင်လူနှင့် အပြင်ထွက်လာသည့်အတွင်းလူတို့ကြားတွင် ကွဲလွဲချက်တွေရှိလာ၏။ အတွင်းလူတချို့သယ်ထုတ်လာသည့် မက်ဆေ့ဂ်ျနှင့် အပြင်လူတချို့မယူသွားသည့်စိတ်ကူးများ တိုးမိတိုက်မိတွေဖြစ်ကုန်၏။ စစ်အုပ်စုက ထိုအဟ ပိုကျယ်သွားစေရန် သဏ္ဍန်စုံဖြင့် သပ်လျှိုပေးနေတာတွေလည်း မြင်ရ၏။ ဤတွင် ဝင်သွားသူနှင့်ထွက်လာသူများ အစေးပိုမကပ်ချင်တော့။ ဆန်ကွဲကြဲလာကြ၏။

နောက်တချက်ဖြစ်သည့် မျက်စေ့လည်ခြင်း/မလည်ခြင်းသည် ဝေးခြင်းနီးခြင်း၊ အတွင်းအပြင်ဖြစ်ခြင်း/မဖြစ်ခြင်းနှင့်မဆိုင်လှ။ နိုင်ငံရေးအရ၊ အတွေးအခေါ်အရ စစ်အုပ်စုအပေါ်မည်သို့သဘောထားသလဲ၊ မည်သို့အကဲဖြတ်သလဲနှင့်တိုက်ရိုက်ဆိုင်၏။ မတရားမှုကိုမုန်းတီးခြင်းနှင့် ဆန့်ကျင်ခြင်းမှာကောင်း၏။ မရှိမဖြစ်လိုအပ်ချက်လည်းဖြစ်၏။ သို့သော် နိုင်ငံရေးလုပ်မည့်သူအဖို့ ထိုမျှနှင့်မလုံလောက်သေး။ အာဏာနှင့် ဓနမှန်သမျှ လက်ဝါးကြီးအုပ်ထားသည့်စစ်အရင်းရှင်စနစ်ကို နိုင်ငံရေးအရသဘောတရားရေးအရ သေချာဃသိမြင်မှဖြစ်၏။ ထိုသို့မဟုတ်လျှင် အပြင်/အတွင်း၊ အဝေး/အနီး ကြိုက်သည့်နေရာနေ နိုင်ငံရေးမျက်စေ့လည်မှာ မြေကြီးလက်ခတ်မလွဲ။ တချို့ တကယ့်ကို ရိုးရိုးသားသား မျက်စေ့လည်တာဖြစ်နေ၏။ တချို့က ဖိုးသူတော်မျက်စေ့လည်ပြခြင်းဖြစ်နေ၏။ တချို့က ရုံဝင်ခပေးဝင်ကြည့်ပြီးမျက်စေ့အလည်ပြခြင်း ဖြစ်နေ၏။

မည်သူက မည်သို့ အတွင်းလူအပြင်လူခွဲခွဲ/မခွဲခွဲ၊ မည်သူတွေ မည်သို့မျက်စေ့လှည့်လှည်/မလှည့်လှည့် ကျနော်တို့ မကွဲဖို့ မလည်ဖို့လို၏။ ကျနော်တို့ လူလုံးကွဲဖို့လို၏။ ကျနော်တို့အချင်းချင်း ထောက်ပြဝေဘန်တာတွေ ရဲရဲတင်းတင်းလုပ်ဖို့လို၏။ ပွင့်ပွင့်လင်းလင်းပြောဖို့လို၏။ တပြိုင်တည်းမှာ လက်ဝါးကြီးအုပ်စစ်အရင်းရှင်စနစ်အား နိုင်ငံရေးအရသဘောတရားရေးအရသိမြင်ပြီး ဆုံးဖြတ်ချက်ရှိရှိဆန့်ကျင်ရင်း အပြီးတိုင်ဖျက်သိမ်းရန်ဖြစ်၏။

“အတွင်းလူအပြင်လူ”နေရာတွင် “ပြည်တွင်းပြည်ဒီမိုကရေစီအင်အားစုများ”ကို စကားလုံးအရရော အနှစ်သာရအရပါ ပြန်တည်ဆောက်နိုင်မှ ဒီမိုကရေစီအရေခြုံစစ်အာဏာရှင်များအား အတွင်းအပြင်နှစ်ဘက်နည်းဖြင့် အပြီးသတ်ရည်မှန်းချက်ဆီ ခရီးတွင်တွင်သွားနိုင်ကြမည်ဖြစ်၏။
မျိုးမြင့်ချို (ဂျူလိုင်၊ ၂ဝ၁၄)


0 comments:

Post a Comment