Sunday, August 24, 2014

စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်မယ့်တပ်ပေါင်းစုတရပ် လိုအပ်နေပြီ (မောင်မိုးဦး)

0 comments
စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်မယ့် တပ်ပေါင်းစုတရပ် လိုအပ်နေပြီ (မောင်မိုးဦး)သမ္မတ ဦး(ဗိုလ်)သိန်းစိန်က သူ့အစိုးရအဖွဲ့ဝင်ဝန်ကြီး၊ ဒုဝန်ကြီးတွေ ပါဝင်တက်ရောက်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ လုပ်ငန်းတွေ ပထမအဆင့်၊ ဒုတိယ အဆင့်တွေပြီးမြောက်လို့ တတိယအဆင့်ကို တက်လှမ်းရမယ်လို့ပြောပါတယ်။ သမ္မတက လှိုင်း(Wave)လို့ သုံးနှုန်း သွားပါတယ်။
သမ္မတဦး(ဗိုလ်)သိန်းစိန် သမ္မတသက်တမ်းမှာ ဘာတွေများ လုပ်ကိုင်ဖြေရှင်းခဲ့တာရှိသလဲ။ သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုကောင်းတဲ့အစိုးရဆိုပြီး အသံကောင်းဟစ်ကာ တက်လာတဲ့အစိုးရက ဘာပြဿနာတွေကို ဘယ်လိုဖြေရှင်းခဲ့သလဲ။
အလုပ်သမားတွေရဲ့ပြဿနာတွေကိုဖြေရှင်းဖို့  အခြေခံကလေးတောင် မချမှတ်နိုင်တာတွေ့ရတယ်။ အလုပ်သမားတွေမှာ တနေ့အလုပ်ချိန်(၈) နာရီထက်ကျော်ပြီး အလုပ်လုပ်နေရတယ်။ အဲ့ဒီအလုပ်လုပ်နေတာတောင် ရရှိတဲ့လုပ်ခဟာ အလုပ်သမားတယောက်အတွက် စားဖို့ဝတ်ဖို့နေဖို့အတွက် လုံလောက်မှုမရှိဘူး။ မိသားစုအတွက်ဆိုရင် ဝေလာဝေးပဲ။ ဒီလောက်နိမ့်ကျ ကျပ်တည်းနေတဲ့ အလုပ်သမားဘဝကို အဆင်ပြေအောင် သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရက ဘာများဖြေရှင်းပေးခဲ့သလဲ။၊

လယ်သမားတွေရဲ့ မြေယာပြဿနာ၊ စားဝတ်နေရေး ပြဿနာတွေကို သမ္မတဦး(ဗိုလ်)သိန်းစိန် ဘယ်လိုဖြေရှင်းခဲ့သလဲ၊ လယ်သမားတွေမှာ မြေမဲ့ယာမဲ့ဘဝတွေဖြစ်ပြီး ဆင်းရဲငတ်ပြတ်နေ၊ ကြွေးလည်း လည်ပင်းခိုက်နေ၊ လူစဉ်မမီဖြစ်နေတာကိုမျက်ကွယ်ပြုပြီး အကြွေးဆပ်နိုင်ဖို့ ထမင်းတနပ်လျှော့စားခိုင်းတဲ့နည်းနဲ့ လယ်သမားပြဿနာကိုဖြေရှင်းတဲ့အစိုးရမျိုး ဖြစ်နေတယ်။

ဆင်းရဲမွဲတေမှုပပျောက်ရေးကြွေးကြော်ပြီး ဆင်းရဲသားတွေဘဝကို ဘယ်လိုမြှင့်တင်ခဲ့သလဲ။ ဆင်းရဲသားတွေ ချောင်လည်လာအောင်နဲ့ လူလူသူသူနေနိုင်အောင် လုပ်ပေးတာတခုမှမရှိဘဲ ဆင်းရဲသားတွေ နေစရာထိုင်စရာပါမရှိတော့အောင်လုပ်ပြီး စားရမဲ့သောက်ရမဲ့ဖြစ်အောင် လုပ်တာပဲတွေ့နေရတယ်။  ဆင်းရဲမွဲတေမှု မပပျောက်ဘဲ ဆင်းရဲသားတွေအသက်ပျောက်ရမယ့်ကိန်းပဲ ဆိုက်နေတယ်။

လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှုနယ်ပယ်တွေမှာလည်း သပွတ်အူလည်နေတယ်။ အဲဒီနယ်ပယ်တွေမှာ သမ္မတ ဦး(ဗိုလ်)သိန်းစိန်အစိုးရက ဘာတခုလေးများ ပြေလည်အောင်ဖြေရှင်းပြီးပြီလဲ။ ပညာရေးမြှင့်တင်ဖို့လမ်းစလေးတောင် မဖော်နိုင်သေးဘူး။

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို ပြေလည်အောင်ဖြေရှင်းတာမလုပ်တဲ့အပြင် မီးလောင်ရာလေပင့်တာတွေတောင် လုပ်နေတယ်။ ဗိုလ်နေဝင်းရဲ့ပေါ်လစီဖြစ်တဲ့ ဘုန်းကြီးတွေကိုဘုန်းကြီးတွေနဲ့တိုက်ဆိုတဲ့ပေါ်လစီကို ဆက်ပြီးခန့်ခွဲနေတာပဲတွေ့နေရတယ်။

သမ္မတဦး(ဗိုလ်)သိန်းစိန်ရဲ့ အစိုးရသက်တမ်းတလျှောက်မှာ ထုတ်လုပ်ရေးတွေကျဆင်းနေတယ်။ ဒါပေမယ့် သယံဇာတပစ္စည်းတွေ ရောင်းချတာ၊ သစ်နဲ့သစ်တောထွက်ပစ္စည်းတွေ ရောင်းစားတာ၊ ရေကာတာတည်ဆောက်ပြီး မြေစာတွေ (ရွှေစရွှေနတွေပါတဲ့မြေစာ) ရောင်းစားတာအထိလုပ်ပြီး  GDP မြင့်တက်အောင်တော့ လုပ်ပြတယ်။

သမ္မတဦး(ဗိုလ်)သိန်းစိန်က သူ့သမ္မတသက်တမ်းမှာ ငြိမ်းချမ်းရေးရအောင် တည်ဆောက်မယ်လို့ပြောတယ်။ ဦး(ဗိုလ်)အောင်မင်းကို ပြေးလွှားလွန်းထိုးခိုင်းပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေက အပစ်အခတ်ရပ်စဲရေးကိုလက်ခံလာအောင် နားချဖြားယောင်းတာတွေလုပ်တယ်။ ဦး(ဗိုလ်)အောင်မင်းက လက်နက်ကိုင်အဖွဲ့အစည်းတွေကိုအယုံသွင်းရာမှာ နှုတ်လွန်သွားတဲ့အတွက် ဝန်ကြီး(ဗိုလ်) ဦးအောင်မင်းက ကာကွယ်ရေးဦးစီးချုပ်ဗိုလ်မင်းအောင်လှိုင်ကို ခယဝပ်တွား တောင်းပန်ရတဲ့အခြေဆိုက်သွားတယ်။ အဲဒီလို တောင်းပန်လိုက်တဲ့အခါမှာ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးတာတွေဟာ တကယ်တော့ လက်နက်ကိုင်အဖွဲ့အစည်းတွေကို လက်နက်ချဖို့ ဖြားယောင်းနေတာပဲဆိုတာ ဘူးပေါ်သလိုပေါ်သွားတယ်။ ဘာ့ကြောင့်လဲဆိုတော့ အပစ်အခတ်ရပ်စဲရေးအတွက် ဗိုလ်မင်းအောင်လှိုင် ချပေးတဲ့မူ(၆)ချက်ဟာ လက်နက်ချအညံ့ခံရေးပဲဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားလို့ပါပဲ။ သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရရဲ့ ရည်ရွယ်ချက်ကိုက လက်နက်ချပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုတဲ့သဘောပါ။ ဒါကြောင့် အခု အပစ်အခတ်ရပ်စဲရေးကိစ္စတွေမှာပဲ တစ်ဆို့ဖြစ်နေတာပါ။

ဗမာပြည် ပြည်တွင်းစစ်တလျှောက် ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဗြောင်ရော လျှို့ဝှက်ပါ) အကြိမ်အတော်များများ လုပ်ခဲ့ဖူးပါတယ်။ ဘယ်ဆွေးနွေးပွဲမှာမဆို အပစ်အခတ်ရပ်စဲရေးဆွေးနွေးတဲ့အဆင့်မှာပဲ အမြဲပျက်သွားပါတယ်။ အဲဒီ အပစ်အခတ်ရပ်စဲရေးအဆင့်မှာ လက်နက်ချသွားသူတွေကိုတော့ လက်နက်နဲ့ဒီမိုကရေစီလဲတယ်၊ လက်နက်နဲ့ ငြိမ်းချမ်းရေးလဲတယ်၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးလုပ်တယ်ဆိုပြီး အမျိုးမျိုးသုံးနှုန်းခဲ့တယ်။ လက်နက်မချသူတွေကိုတော့ သောင်းကျန်းသူအဖျက်သမားများဆိုပြီး၊ အမြစ်ပြတ်ချေမှုန်းရေးလုပ်ကြပါတယ်။ အခု သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရဟာ အုပ်စိုးသူအဆက်ဆက်ရဲ့အမွေခံပီပီ အဲဒီပေါ်လစီကိုခန့်ခွဲနေတာပါပဲ။ နဝတ၊ နအဖနဲ့ အခု ဦး(ဗိုလ်)သိန်းစိန်အစိုးရတို့မှာ တခုထူးလာတာကတော့ လက်နက်နဲ့ပါမစ်လဲတာပါပဲ။ ဒါနဲ့ပဲ ဗမာပြည်မှာ သစ်တောပြုန်းတာပါပဲ။  မြေပေါ်မြေအောက်သယံဇာတတွေ ဖောဖောသီသီကြီး ပြည်ပကိုထွက်ကုန်တာပဲ။ စစ်အစိုးရနဲ့ သူ့ရောင်ရင်း (ခရိုနီ)တွေ ချမ်းသာသည်ထက် ချမ်းသာသွားတာပဲ။ ဗိုလ်သန်းရွှေလက်ထက်ကစပြီး အခုသမ္မတ ဦး(ဗိုလ်) သိန်းစိန်လက်ထက်တို့မှာတော့ ဒီအချက်ဟာ ပိုသိသာထင်ရှား လာပါတယ်။

နိုင်ငံတကာဆက်ဆံရေးမှာ ဘက်မလိုက်ကြားနေရေးကိုအသုံးချပြီး နိုင်ငံကြီးတွေအကြား နှစ်ဖက်ခွစာရေးပေါ်လစီကိုကျင့်သုံးခဲ့လို့ အခုတော့ လှေနံနှစ်ဖက်နင်းထားတဲ့ဘဝ ရောက်နေပြီ။ တရုတ်ကို ကြောက်ရတယ်လို့ပြောသူကပြော၊ တရုတ်ဟာ ကျေးဇူးရှင်ဖြစ်တယ်လို့ ပြောသူက ပြော၊ အမေရိကန်၊ ဂျပန်နဲ့ အီးယူ ကူပါကယ်ပါဆိုပြီး ပြောသူကပြောနဲ့ သမ္မတဦး(ဗိုလ်) သိန်းစိန်အစိုးရမှာ ကသောင်းကနင်း ဖြစ်နေပါတယ်။

၂ဝဝ၈ အခြေခံဉပဒေကို ပြင်မယ်ပြောသူကပြော၊ မပြင်ဘူးပြောသူကပြော၊ ၂ဝဝ၈ အခြေခံဉပဒေကို ကာကွယ်မယ်ပြောသူကပြော၊ အခြေခံဉပဒေကိုမထိပါးနဲ့ ပြောသူကပြောနဲ့ သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရနဲ့ သူ့နိုင်ငံရေးပါတီဖြစ်တဲ့ကြံ့ဖွံ့မှာ ပွက်လောရိုက်နေတယ်။
ဒါတွေအားလုံးကို ခြုံငုံကြည့်ရင် သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရဟာ ပြည်သူလူထုကြီးလိုလားတဲ့ဒီမိုကရေစီစနစ်ကို လမ်းဖွင့်ပေးဖို့ ဘယ်တော့မှမလုပ်ဘူးဆိုတာကို ဖော်ပြနေတာဖြစ်တယ်။ ပြည်သူလူထုအတွက် အကျိုးရှိမယ့်အလုပ်မှန်သမျှကို ပိတ်ပင်တားဆီးမယ်ဆိုတာပဲ ဖြစ်နေတယ်။ စစ်အာဏာရှင်စနစ်တည်မြဲဖို့ ၂ဝဝ၈ အခြေခံဉပဒေခိုင်မာဖို့ကိုပဲ ဇောက်ချလုပ်မယ်ဆိုတာပါပဲ။

သမ္မတပြောတဲ့ တတိယလှိုင်း (Third Wave) ဆိုတာဟာ ဒါပါပဲ။ ၂ဝ၁၅ ခုနှစ်အထိ ဒီအတိုင်း ဆက်သယ်ဆောင်သွားမယ်ဆိုတာပါပဲ။
ဗမာပြည်အခြေအနေဟာ တကယ် ဒီမိုကရေစီအပြောင်းအလဲလုပ်ဖို့ လိုအပ်နေတယ်။ ဒါကို အုပ်စိုးသူစစ်အုပ်စုက သိပါတယ်။ ဒါပေမယ့် တကယ် ဒီမိုကရေစီအပြောင်းအလဲလုပ်ရင် သူတို့အာဏာနဲ့ဘဏ္ဍာကိုလက်ဝါးကြီးအုပ်ထားရတာကို လက်လွတ်သွားရမယ်ဆိုတာလည်း သိတယ်။ ဒါကြောင့် သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရအဖွဲ့ကို အယောင်ဆောင်အပြောင်းအလဲတွေ လုပ်ခိုင်းနေတာဖြစ်တယ်။

ပြည်သူလူထုကြီးရဲ့ဘဝကလည်း တကယ်ဒီမိုကရေစီအပြောင်းအလဲ မလုပ်ရင်မဖြစ်တော့တဲ့အခြေအနေဖြစ်နေတယ်။ ဒါကြောင့် သမ္မတဦး(ဗိုလ်)သိန်းစိန်အစိုးရရဲ့ အယောင်ဆောင်အပြောင်းအလဲလုပ်နေတာနဲ့ အမြဲထိပ်တိုက်တိုးနေတာပဲ။ ဒီလိုအခြေအနေမျိုးဟာ အုံကြွပေါက်ကွဲမှုဆီကို ဦးတည်စေပါတယ်။ လူ့အဖွဲ့အစည်းတခုမှာ ဒီလိုအခြေအနေမျိုးဖြစ်ရင် မတည်မငြိမ်ဖြစ်လေ့ရှိတာပဲ။
ပြည်သူလူထုရဲ့ တရားတဲ့အခွင့်အရေးတောင်းဆိုမှု၊ တရားမျှတတဲ့အခွင့်အရေးအတွက်လှုပ်ရှားမှုကို အုပ်စိုးသူတွေက  ဆူပူမှုလို့စွပ်စွဲ သတ်မှတ်လေ့ရှိတယ်။ ဗမာပြည်ဟာ လွတ်လပ်ရေးရပြီးကတည်းက ဒီလိုလှုပ်ရှားမှုဟာ ဆက်တိုက်လိုပဲဖြစ်တယ်။ ဒါကြောင့်လည်း ၁၉၄၈ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ကစပြီး ပြည်တွင်းစစ်ဖြစ်ရတဲ့အထိ ပေါက်ကွဲခဲ့တယ်။ ၁၉၆၂ ခုနှစ်မှာ ဇူလိုင် ၇ ရက် အရေးအခင်းဖြစ်တယ်။
၇၄-၇၅-၇၆ တို့တွေမှာ အလုပ်သမားအရေးအခင်း၊ ကျောင်းသားအရေးအခင်းကစပြီး ပြည်သူတွေပါ  ပါလာတဲ့ အရေးအခင်းတွေ ဖြစ်သွားတယ်။ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုအရေးအခင်းဟာ လူထုအုံကြွမှုအထိ ပေါက်ကွဲတယ်။၂ဝဝ၇ ခုနှစ် သံဃာ့အရေးအခင်းကြီးကလည်း လူထုတရပ်လုံးပါဝင်လာပြန်တာပါပဲ။ ဒီအရေးအခင်းအားလုံးမှာ အုပ်စိုးသူတွေက အကြမ်းဖက် နှိမ်နင်းတာချည်းပဲ။

အခုလည်း လူထုအုံကြွမှုတခုကို ဦးတည်နေပြီဖြစ်တယ်။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ တိုးတက်တဲ့အမြင်ရှိသူတွေ ပြည်သူ့ဘက်ကရပ်မလား၊ အုပ်စိုးသူဘက်ကရပ်မလား၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအင်အားစုတွေ တိုးတက်တဲ့အမြင်ရှိသူတွေဘာလုပ်ကြ မလဲ၊ ဘယ်လိုလုပ်မလဲ။

ပြည်သူလူထုဘက်က ပြတ်ပြတ်သားသားရပ်တည်တဲ့ နိုင်ငံရေးအင်အားစုအသီးသီးပါဝင်တဲ့တပ်ပေါင်းစုတခု အရေးတကြီးလိုအပ်နေပါကြောင်း။
အရေးတော်ပုံဂျာနယ် အတွဲ(၂)၊ အမှတ်(၂)က ဆောင်းပါးဖြစ်ပါတယ်။

0 comments:

Post a Comment