ကြံ့ဖွံ့ပါတီ၏ မကွေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ၂ဝ၁၅ ရွေးကောက်ပွဲတွင် သူတို့နိုင်မည်မှာသေချာပြီးသားဟု Hot News ဂျာနယ်တွင် ရေးသားပြောဆိုလိုက်သည်။ ဦးလှဆွေသည် သူ့ကိုယ်သူ ပွင့်ပွင့်လင်းလင်းပြောတတ်သူအဖြစ် ပုံဖော်တတ်သည်။ အများပြည်သူကတော့ သူ့ကို ပေါက်လွှတ်ပဲစားပြောတတ်သူဟု မှတ်ယူလေ့ရှိသည်။
ကချင်တွေကို ရွှေလက်နှင့်ခေါ်လို့ မရလျှင် ဘူးလက်လွှတ်လိုက်ပါဟု သူပြောခဲ့ဖူးသည်။ ယူနတီသတင်းထောက်တွေအနေနှင့် အနုမြူစက်ရုံ ဖြစ်နေလျှင်တောင်မှ ငံပြာရည်စက်ရုံဟုသာပြောသင့်သည်ဟုလည်း မကြာခင်က သူဆိုသည်။ သူ့ကို အရူးဟု တချို့ကထင်သည်။ သို့သော် သူအရူးမဟုတ်ပါ။ ဖြစ်ခြင်းဖြစ်လျှင် ရူးချင်ယောင်ဆောင်နေသူသာဖြစ်မည်။ သူသည် သမ္မတအကြံပေးဦးရဲထွတ်နှင့် ဗိုလ်သင်တန်း တပတ်စဉ်တည်းထွက်ဖြစ်ပြီး အလွန်ရင်းနှီးသည်။ သမ္မတနှင့်လည်း ရင်းနှီးကျွမ်းဝင်သူဖြစ်သည်။ သူ့ကိုယ်သူ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းလူဖြစ်ပြီး သမ္မတနှင့်မတည့်လေသယောင် တခါတလေ အသွင်သဏ္ဍန်ဆောင်ပြီး ပြောတတ်သည်။ သို့သော် သူပြောသမျှ အထက်ညွှန်ကြားချက်နှင့် သဘောတူညီချက်ရယူပြီးမှ ပြောနေခြင်းဖြစ်သည်။ သမ္မတလူနှင့်ဥက္ကဋ္ဌလူ အကွဲအပြဲဟူသောထိုးဇာတ်တွင် အလံရှူးလုပ်ပေးရသူများစွာအနက် ဦးလှဆွေသည် တယောက်ဖြစ်သည်။
Hot News ဂျာနယ်တွင် သူဆောင်းပါးရေးသားရာ၌ “ကြံ့ခိုင်ရေးပါတီအနေနှင့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် သေချာပေါက်အနိုင်ရမည်” ဟု ဆိုလိုက်ပြီး အဘယ့်ကြောင့်အနိုင်ရမည်ကို သက်သေပြသည့်အနေနှင့်ပြောကြားရာတွင် “ကြံ့ခိုင်ရေးပါတီသည် တပ်မတော်သား ၂၅ ရာခိုင်နှုန်း၏မဲကို ရထားပြီးဖြစ်သောကြောင့် နောက်ထပ် ၂၆ ရာခိုင်နှုန်းရလျှင်ပင် ကိုယ့်သမ္မတကို တင်နိုင်ပြီဖြစ်ကြောင်းပြောဆိုပြီး ထိုသို့ နှစ်ရပ်ပေါင်း ၅၁ ရာခိုင်နှုန်းအရေအတွက်ရှိမဲကိုရလျှင် ကြံ့ခိုင်ရေးအစိုးရကိုလည်း ဖွဲ့နိုင်ပြီဖြစ်သည်”ဟု အလွန်အင်မတန် ဗြောင်ကျလွန်းစွာပင် ထုတ်ဖော်ပြောဆိုသွားသည်။ ထိုမျှနှင့် အားမရသေး ၊ “ဒါတောင် မိမိတို့မဟာမိတ်ပါတီတွေ၏ မဲမပါသေး”ဟုပင် ဆိုလိုက်ပြန်ချေသေးသည်။
သူပြောသွားသောစကားသည် အမှန်စကားဖြစ်သည်။ သို့သော် အမှန်တရားမဟုတ်။ မှန်သာမှန်သည်၊ မတရား။ အလွန် ဗြောင်ကျလွန်းသော ပက်ပက်စက်စက် မတရားသောအမှန်ဖြစ်သည်။ ထိုမျှလောက် လွန်လွန်ကျူးကျူး မတရားသောအချက်ဖြစ်ပါလျှက်နှင့်ပင် အတိုက်အခံ ပါတီများက ပွင့်ပွင့်လင်းလင်းမကန့်ကွက်ရဲသောအမှန်စကားလည်း ဖြစ်လေသည်။ အတိုက်အခံပါတီဆိုသူအားလုံး၏အဖြစ်မှာ ရှက်စဖွယ်လိလိပါပေတည်း။ ယှဉ်ပြိုင်ရမည့်ရွေးကောက်ပွဲတခုအတွက် ပါတီတခုက ၂၅ ရညခိုင်နှုန်းတိတိ မဲအကျောယူထားပါလျှက်နှင့်ပင် ဒါကို မတရားဟု ရဲရဲမပြောရဲကြ။ (မရဲတရဲလည်း မပြောရဲကြပါပေ) တခါတရံတွင် အတိုက်အခံများ သည်လောက်အထိနှုတ်ဆွံ့နေသည်မှာ ဘာ့ကြောင့်ဟုပင် အမှန်းဆရခက်လောက်အောင် ထူးဆန်းလှပါသည်။ အရပ်ထဲကစကားနှင့်ပြောရလျှင် တို့ဆေးမိထားသလားဟုပင် ထင်ရသည်။ သို့မဟုတ် အတိုက်အခံများ နေ့စဉ်မှီဝဲနေကြသော “အစစအရာရာ အလျှော့ပေးလိုက်လျောရမည့် အမျိုးသားပြန်လည် သင့်မြတ်ရေး”ဟူသည့် ရန်သူ့အလိုတော်ရိများပေးသည့် ဆေးခါးကြီးကြောင့်ပေလော မဆိုတတ်ပါချေ။
စစ်အာဏာရှင်မင်းတြားကြီးများအတွက် ပဏ္ဍုကမ္ဗလာမြကျောက်ဖျာတင်းမည် စိုးလွန်းသောကြောင့် အတိုက်အခံများကပင် မသိယောင် ပြုထားသောထိုအမှန်စကားကို ဦးလှဆွေက ဘာ့ကြောင့်များထုတ်ပြောရပါသနည်း။ ဘာ့ကြောင့်များ ကိုယ့်အထုပ်ကိုယ် ဖြည်ပြနေပါသနည်း။ တကယ်ဆိုသူတို့ ရထားသောအခွင့်ထူးကြီးမှာလည်း ရှက်စရာကြီးပဲ မဟုတ်ပါလား။ ရှက်တတ်မည်ဆိုလျှင် ရှက်လောက်စရာအကြောင်း များစွာရှိသည်။ အခွင့်အရေးကို မတရားယူထားသည်မှာ ရှက်စရာမဟုတ်လျှင် ဘာဟုဆိုရဦးမည်နည်း။ ထို့အပြင် အထူးအခွင့်အရေးကို မတရားယူထားသည်မှာ ရိုးရိုးတန်းတူယှဉ်ပြိုင်လျှင် မနိုင်နိုင်ပါဟု ဝန်ခံရာကျသောကြောင့်လည်း ရှက်စရာဖြစ်ပြန်သည်။ ထိုမျှမကသေး။ မိမိတို့ကြံ့ဖွံ့ပါတီသည် အာဏာရမ္မက်ငန်းငန်းတက်နေပါသည်ဟု ဝန်ခံထုတ်ဖော်ရာကျနေသောကြောင့်လည်း ရှက်စရာကောင်းပြန်သေး တော့သည်။ အပြင်မိမိတို့သည် အာဏာရမည်ဆိုပါက မတရားမှုကျူးလွန်ရမည်ကို လုံးဝတွန့်ဆုတ် ဝန်လေးခြင်းမရှိဟူသောအချက်ကိုလည်း သက်သေပြရာရောက်သောကြောင့် ရှက်တတ်လျှင် ကိုယ့်မျက်နှာကိုယ်ပင် ဓားနှင့်လှီးပစ်ချင်စရာဖြစ်လိမ့်မည်။ သို့ဆိုလျှင် ထို၍ထိုမျှ ရှက်စရာကောင်းလှသောအထုပ်အထည်ကြီးကို ဦးလှဆွေက ဘာ့ကြောင့်များ သူခိုးရွှေရတပြပြလုပ်နေပါသနည်း။ အကြောင်းရှိပါလိမ့်မည်။
ထိုအကြောင်းကား အတိုက်အခံများအား စော်ကားဖိနှိပ်လိုသောအကြောင်းသာဖြစ်ပါလိမ့်မည်။ အတိုက်အခံများသည် စစ်အာဏာရှင်များက ငြိုငြင်မှာစိုးသောကြောင့် ထုတ်ဖော်မဝေဖန်ရဲသည့်အပြင် ထိုသို့ ထုတ်ဖော်မဝေဖန်ရဲသောအချက်ကို အများပြည်သူတို့ သတိမထားမိစေ လိုသောကြောင့် မသိလေသယောင်၊ မရှိလေသယောင်ပြုပြီး မပြောဘဲထားသောအကြောင်းအရာကို ဦးလှဆွေက ပြောင်ပြောင်တင်းတင်း ထုတ်ဖော်ချပြလိုက်သည်မှာ အတိုက်အခံတို့၏အစွမ်းမရှိသောအဖြစ်အား ရယ်သွမ်းသွေးလိုသောကြောင့် ဖြစ်ပါလိမ့်မည်။ အတိုက်အခံတို့ အစွမ်းမရှိသည်ကို အများပြည်သူသိစေလိုသောကြောင့်လည်း ဖြစ်ပါလိမ့်မည်။ ထိုမျှသာလော။ မကသေးဟု ကျွန်တော်ထင်ပါသည်။ ထို့ထက်လေးနက်သော အခြားအကြောင်းတရပ်ရှိသည်ဟု ကျွန်တော်ဆိုချင်ပါသည်။ ထိုအခြားအကြောင်းကား ကြံ့ဖွံ့တို့သည် စစ်အာဏာရှင်နည်းလမ်းများကို ပြန်လည်ကျင့်သုံးတော့မည်ဟူသောအချက်ကို အတိုက်အခံတို့သိစေလိုသောကြောင့် ဖြစ်သည်။ ဘာ့ကြောင့် သိစေလိုသနည်း။ အတိုက်အခံတို့ကို ကြောက်စေလို၊ စိုးရိမ်ထိတ်လန့် စေလိုသောကြောင့်ဖြစ်သည်။
ကြံ့ဖွံ့နှင့်စစ်အာဏာရှင်တို့က အတိုက်အခံတွေကိုကြောက်စေချင်သည်။ စိုးရိမ်ကြစေချင်သည်။ ဘယ်လိုကြောက်စေချင်သနည်း။ အာဏာရှင်တွေ နောက်ကြောင်းပြန်လှည့်မှာကြောက်သည်ဟူသော ကြောက်နည်းမျိုးဖြင့်ကြောက်စေချင်သည်။ ထို့ကြောင့် မင်းသားခေါင်းကို ချွတ်ပြပြီး ဘီလူးသွားကို ဖြဲပြနေခြင်းဖြစ်ပါသည်။ ယခုအဖြစ်အပျက်များမှာ မင်းသားခေါင်းကျွတ်ကျပြီး ဘီလူးခေါင်းပေါ်လာသောအဖြစ်မျိုး မဟုတ်၊ မင်းသားခေါင်းကိုချွတ်ပြပြီး ဘီလူးအစွယ်ကြီးကို တမင်ဖြီးပြနေခြင်းဖြစ်သည်။ လက်ပံတောင်းမှာ သံဃာတွေကိုမီးဆွမ်းကပ်သော လုပ်ရပ်သည် မင်းသားခေါင်းကျွတ်ကျသွားခဲ့ခြင်းဖြစ်သည်။ ယခုလတ်တလောအဖြစ်များမှာ ထိုကဲ့သို့ မင်းသားခေါင်းကျွတ်ကျခြင်းမျိုးမဟုတ်။ မင်းသားခေါင်းကိုတမင်ချွတ်ပြပြီး ခြောက်လှန့်နေခြင်းဖြစ်သည်။ သူတို့က ထိုသို့ချွတ်ပြချိန်နှင့် အချိန်ကိုက်အံကိုက်ပင် သူတို့အလိုတော်ရိ တတိယအုပ်စုပညာရှင်ဆိုသူတွေကလည်း ကြောက်စရာကြီးဗျဟု ဘေးတီးထိတ်လန့်ပြနေကြသည်။ ထိလွယ်၊ ရှလွယ်၊ အကဲဆတ်လွယ် လှသောအခြေအနေရောက်နေပါပြီဟုဆိုပြီး ထုံးစံအတိုင်း အတိုက်အခံတွေကို မြန်မြန်လျှော့ပါတော့ဟု ခိုင်းနေကြပေပြီ။ အာဏာလက်ရှိတို့ ကပြသောဇာတ်ဖြစ်သည့်အတိုင်း အမြဲတန်းလိုလို မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှသည်။ အလံရှူးလည်း ပါသည်။ ပုဏ္ဏားလည်းပါသည်။ ချွတ်နင်းလည်း ပါသည်။ ဗိန်းဗောင်းလည်းပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဟောပြောပွဲတွေ၊ လူထုဆန္ဒပြပွဲတွေလုပ်သည်။ အကယ်စင်စစ် ၄၃၆ သည် ကြံ့ဖွတ်နှင့် စစ်အာဏာရှင်ဟောင်းသစ်တို့အတွက် တကယ်ကြောက်ရွံ့ထိတ်လန့်စေလောက်သောအကြောင်း မဟုတ်လှ။ ၄၃၆ သည် ၂ဝဝ၈ အခြေခံဥပဒေကြီး တခုလုံးထဲ က ပုဒ်မတချက်မျှသာ ရှိသေးသည်။ သည်လောက်နှင့် အကြောင်းမဟုတ်သေး။ ပုဒ်မ ၄၃၆ တခုတည်းကို အမျိုးမျိုးလှည့်ပတ်ဆွေးနွေးနေလို့ရသည်။ ဒါတခုတည်းတွင် အမျိုးမျိုးလှည့်ပတ်ငြင်းခုန်ခိုင်းနေလို့ ရသေးသည်။ ၄၃၆ ပြင်လိုက်ရသည်ထားဦး။ ရသေးသည်။ တကယ်တန်း အခြားလက်တွေ့ပြင်ရမည့် အကြောင်းအရာတွေနှင့် အဝေးကြီးရှိသေးသည်။ သို့သော် ၄၃၆ က အကြောင်းမဟုတ်သော်လည်း လူထုဟောပြောပွဲကြီးကအကြောင်း ဖြစ်သည်။ လူထုပါလာမှာ သေမလောက် ကြောက်သည်။ ထို့ကြောင့်ပင် ကြံ့ဖွံ့တို့က ပြင်းပြင်းထန်ထန်ဆန့်ကျင်ပြသည်။ ဆန့်ကျင်ပြရုံသာမက ဖြဲခြောက်ပြသည်။ သူတို့အနေနှင့် နိုင်ငံတကာအကြိုက်ဆောင်ပြီး ပျော့ပျော့ကလေးနှင့် လေချိုသွေးနေတာတွေတော်လောက်ပြီ။ ဘီလူးမှန်းသိအောင် အစွယ်ထုတ်ပြဖို့ အချိန်တန်ပြီဟုယူဆသည်။ ဆက်ပြီး အပျော့ဆွဲဆွဲနေလျှင် ရောင့်တက်လာလိမ့်မည်။ ပြောရဲဆိုရဲ ဖြစ်လာလိမ့်မည်။ ပြောရဲဆိုရဲဖြစ်လာပြီး ပွင့်ပွင့်လင်းလင်းတွေ အကုန်ထုတ်ပြောကြလျှင် ရွေးကောက်ပွဲမှာပါ ကြံ့ဖွံ့အတွက် ဘယ်လိုမှကြံလို့ဖန်လို့မရဘဲ ဝက်ဝက်ကွဲရှုံးသွားနိုင်သည်။ ထို့ကြောင့် သူတို့ မဟာဗျူဟာကို တမျိုးပြင်လိုက်ကြသည်။ ထိုတမျိုးပြင်လိုက်သောမဟာဗျူဟာမှာ ရွေးကောက်ပွဲမရောက်မချင်း တရစ်ပြီးတရစ်ဆက်တင်းရေးမဟာဗျူဟာ ဖြစ်သည်။ ရွေးကောက်ပွဲပြီးနောက် သူတို့လက်ထဲအာဏာဆုပ်ဆုပ်ကိုင်ကိုင်ရပြီးမှ ဒီမိုကရေစီသူရဲကောင်းပြန်လုပ်ပြမည်။ မင်းသားခေါင်း ပြန်စွပ်ပြမည်။ ဘုရားဖြစ်မည့်အုတ်နီခဲကြီးပမာ သဘောတွေကောင်းပြလိုက်ဦးမည်။ အခုရွေးကောက်ပွဲမတိုင်ခင်မှာတော့ တစက်မှအလျှော့ပေးလို့မဖြစ်။ တစထက်တစ တင်းပြမည်။ တရစ်ထက်တရစ် ကျပ်ပြမည်။ အားလုံး ကြောက်လာရမည်။ စိုးရိမ်လာရမည်။ အလျှော့ပေးလာစေရမည်။ အတိုက်အခံတွေအလျှော့ပေးဖို့ အားလုံးကတိုက်တွန်းလာစေရမည်။ ယင်းကား ကြံ့ဖွံ့တို့၏ မဟာဗျူဟာပေတည်း။
ထို့ကြောင့်လည်း ၄၃၆ ဆန္ဒပြပွဲတွေအရှိန်ရလာချိန်တွင် မန္တလေး၌ ဘာသာရေးအဓိကရုဏ်းပေါ်ထွက်လာသည်။ ဓားတွေကျောမှာလွယ်ပြီး ဆိုင်ကယ်တွေတဝီဝီနှင့် မြို့ထဲတွင်လှည့်လည်သောင်းကျန်းကြသူတွေမှာ စည်းကမ်းရှိသောဒီမိုကရေစီကို အပြည့်အဝရကုန်ကြလေသည်။ ကူညီပါရစေအဖွဲ့များမှာမူကား မျက်စိမမြင်၊ နားမကြား၊ အသိဉာဏ်ချို့ယွင်းသူများချည်း ဖြစ်ကုန်ကြလေတော့သည်။ ကြမ်းချင်တိုင်းကြမ်း ရမ်းချင်တိုင်းရမ်းသူများကို သူတို့ ဘာမျှမတတ်နိုင်ကြချေ။ မိတ္ထိလာအဖြစ်နှင့် များစွာဆင်တူလှပေသည်။ သို့သော် ထူးခြားလှသည်မှာ မန္တလေးပြည်သူများဖြစ်သည်။ သူတို့ငြိမ်မခံကြ။ တရားမဲ့ရမ်းကားသောင်းကျန်းသူများကို ကိုယ်တိုင်ဝင်ဖမ်းသည်အထိပင် ပြည်သူတွေဘက် ကစွန့်စွန့်စားစား တက်ကြွလှုပ်ရှားကြသည်။ မတရားမှုကို ထိထိရောက်ရောက်ခုခံကာကွယ်ကြသည်။ ထို့ကြောင့် ဘာသာရေးအဓိကရုဏ်း ဖန်တီးသောစစ်အာဏာရှင်တို့၏အစီအစဉ်သည် လိုချင်သလိုဖြစ်မလာချေ။ ဦးသိန်းစိန်က မန္တလေးကိုချီးကျူးစကား ထွက်ပြောရသည်။ တကယ်တော့ မချိလို့ပေါ်တဲ့သွားကို ရယ်သလားလို့မေးကြတယ်ဟူသောအဖြစ်မျိုးပင်။ နာလိုခံခက်ရှိလှသည်။ တကယ်တော့ သူတို့ခံစားချက် အစစ်အမှန်မှာ မအောင်မြင်သောကြောင့်ရှက်သည်။ မျက်သည်။ ထိုအမျက်ကို တင့်ကားတန်းကြီးအဖြစ်မြင်ရသည်။ မန္တလေးနန်းတွင်းထ ကနေ တင့်ကားတွေတန်းစီထွက်ပြီး မန္တလေးမြို့ထဲကို အင်အားပြခြိမ်းခြောက်သည်။ သည်လုပ်ရပ်သည် သူတို့ပြုမြဲအလုပ်ဖြစ်သည်။ သူတို့ မကျေနပ်လျှင်၊ ခြိမ်းခြောက်ချင်လျှင် တင့်ကားတွေထွက်ပြ စစ်သီချင်းတွေဆိုပြလုပ်တတ်သည်မှာမြင်ရလွန်းလို့ ရိုးပင်ရိုးနေလေပြီ။ သူတို့က တင့်ကားတွေ စစ်ကားတွေကို နန်းတွင်းကနေ မျက်ပါးရပ်စစ်တပ်ဆီရွှေ့ပြောင်းတာပါဟု ဆင်ခြေပေးသည်။ သို့သော် ရွှေ့ပြောင်းလိုရင်း ရည်ရွယ်ချက်သက်သက်သာရှိသည်ဆိုလျှင် အဘယ်ကြောင့် ကျုံးကိုတပတ်ပတ်ပြဖို့လိုပါသနည်း။ ရှင်းလှပါသည်။
သည်မျှဖြင့် လုံလောက်ပြီဟု သူတို့မထင်။ အဓိကရုဏ်းပင်မစဲသေးသောအချိန်တွင် ဦးရွှေမန်း၊ ဦးအောင်သောင်း၊ ဦးဌေးဦးတို့ကူးတွဲပြီး သတင်းစာရှင်းလင်းပွဲ လုပ်ကြပြန်သည်။ ဦးအောင်သောင်းသည် ခါတိုင်းပါနေကျမဟုတ်။ အခုမှ ပွဲထုတ်ခြင်းဖြစ်သည်။ ဦးအောင်သောင်းမှာ သဘေားထားတင်းမာသူဟု သူတို့ အသံလွှင့်ထားသူဖြစ်သည်။ ဦးအောင်သောင်းမှာ ဘာသာရေးအဓိကရုဏ်းများ၏ နောက်ကွယ်ကလူဟု နာမည်ဆိုးဖြင့်ကျော်ကြားသူလည်းဖြစ်သည်။ ဦးရွှေမန်းတို့ သဘောထားပျော့ပြသောအချိန်တွင် ဦးအောင်သောင်းကို လူမမြင်စေရ။ အခုထုတ်ပြခြင်းမှာ “မာ”ပြချင်သောကြောင့်ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင်ပြောသောအခါတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၄၃၆ ပြင်ရေး လက်မှတ်ကောက်တာတွေသည် လွှတ်တော်ကော်မတီ၏ အခြေခံဥပဒေပြင်ဆင်ရေးအပေါ်တွင် သြဇာမသက်ရောက်နိုင်ဟု ပြောလိုက်သည်။ ပီအာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကန့်ကွက်သော်လည်း တိုင်းပြည်အတွက်အကျိုးရှိလျှင်လုပ်မည်ဟုလည်း ဆိုလိုက်သည်။ စကားတွေကို ခပ်မာမာထွက်ပြောလာခြင်းဖြစ်သည်။ နိုင်ငံရေးလေထုအခြေအနေသည် ကရင်ဒုံးယိမ်းသီချင်းဆိုပြီး ချိုမိုင်မိုင်ကကြသောလေထုအနေအထားနှင့် အကွာကြီးကွာလေပြီ။
ယူနတီသတင်းထောက်တွေကို ထောင်ဒဏ် ၁ဝ နှစ် ချမှတ်လိုက်သည်။ ဒါလည်း သတင်းစကားပေးပို့လိုက်ခြင်းသာဖြစ်သည်။ ဘီလူးမျက်ထောင့် နီပြခြင်းဖြစ်သည်။ ဘီလူးသွားကို ဖြဲပြခြင်းသာဖြစ်သည်။ ယူနတီသတင်းထောက်တွေလုပ်ရပ်သည် သူတို့အတွက် ဘာနစ်နာသနည်း။ ဘာမှမနစ်နာ။ သို့သော် သူတို့ကြောက်သည်။ ပေါက်မြို့က လက်နက်စက်ရုံထဲဝင်သလို သူတို့လုပ်ခဲ့သည်ဟု နိုင်ငံတကာကစွပ်စွဲခဲ့ဖူးသောအနုမြူစီမံကိန်းဟောင်းတွေကို ဝင်ရောက်စုံစမ်းကြလျှင်မခက်ပါလော။ သူတို့ဝမ်းနာ သူတို့သာသိသည်။ သူတို့တွင် လူသိမခံနိုင်သောကိစ္စတွေ အများကြီးရှိသည်။ သူတို့နှင့် မြောက်ကိုရီးယားဘယ်လို အဆက်အစပ်တွေရှိခဲ့သနည်း။ တိုင်းပြည်ဘဏ္ဍာတွေကို သူတို့အလွဲသုံးစားလုပ်ထားတာတွေ မည်မျှရှိသနည်း။ ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ်ပြောသော ခရစ္စတီးနားကျွန်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုလိုဖြစ်ရပ်မျိုးတွေ မည်မျှရှိသနည်း။ မည်သူမျှ မသိကြ။ သူတို့အဖို့မှာ နောင်လည်း မည်သူမျှ မသိစေချင်။ သို့သော် အတိုက်အခံဘက်က သမ္မတရွေးခွင့်ရသွားပြီး သူတို့မဟုတ်သောအစိုးရတက်လာလျှင် ဒါတွေအားလုံး ပွင့်ကျကုန်မည်ဖြစ်သည်။ သည်အဖြစ်မျိုးကို သူတို့ဘယ်သောအခါမျှ အရောက်မခံနိုင်ပါ။ သည်အခြေအနေသည် သူတို့၏ဘဝပေး အခြေအနေဖြစ်သည်။ သူတို့သည် အာဏာကို မည်သူ့ထံသို့မျှ မည်သည့်အခါတွင်မျှအရောက်မခံနိုင်။ ဖြစ်သည့်နည်းနှင့် ကာကွယ်လိမ့်မည်။ အကယ်၍များ ခြေချော်လက်ချော်ဖြစ်ပြီး တပါးသူတယောက်ယောက်သာသမ္မတဖြစ်ခဲ့ပါမူ အာဏာသိမ်းလိမ့်မည် ဖြစ်သည်။ ဒါသည်ပင် သူတို့၏ ဘဝပေးအခြေအနေဖြစ်သည်။ သူတို့တွင် အခြားရွေးချယ်စရာလမ်းမရှိချေ။ သို့သော် ထိုအခြေအနေမှတပါး ကျန် မည်သည့် အခြေအနေမျိုးပင် ကြုံစေကာမူ သူတို့အာဏာသိမ်းမည် မဟုတ်ပါ။ အဘယ်ကြောင့် မသိမ်းသနည်းဆိုသော် သိမ်းစရာမလိုသောကြောင့် ဖြစ်ပါသည်။
အာဏာကို လေစိမ်းပင်အတိုက်မခံနိုင်သောကြောင့် ယခုဆိုလျှင် အားလုံးဝိုင်းဝန်းကန့်ကွက်နေကြသည့်ကြားမှပင် ပီအာစနစ်ကို ဇွတ်တရွတ်ရှေ့တိုး အကောင်အထည်ဖော်နေပါလေပြီ။ ပီအာမလုပ်လျှင် ကြံ့ဖွံ့သည် ၁၉၉ဝ ခုနှစ်က တစည ကြုံရသောအခြေအနေထက်ပင် ပိုဆိုးနိုင်သည်။ သို့သော် ပီအာလုပ်လျှင် ရှုံးမဲတွေပြန်ပေါင်းခွင့်ရမည်။ ပီအာလုပ်လျှင် မဲကွာခြားမှုနည်းသွားမည်ဖြစ်သည်။ ဒါဆိုလျှင် အကျောရပြီးသား ၂၅ရာခိုင်နှုန်းနှင့်ပေါင်းလျှင် ကြံ့ဖွံ့သည် ဦးလှဆွေပြောသလို သေချာပေါက်နိုင်နေပါပြီ။ ဒါတွင်မကသေး။ ဦးလှဆွေပြောသလို သူတို့မဟာမိတ်ပါတီတွေရှိသေးသည်။ တစညသည် သူတို့မဟာမိတ်ပါတီဖြစ်သည်။ သူတို့နှင့်အလွန်နီးစပ်သော တိုင်းရင်းသားပါတီကြီးလည်းရှိသည်။ ဒါ့အပြင် လူကောင်းကောင်းမသိကြသေးသော ပါတီသေးသေးလေးတွေအများကြီးရှိသေးသည်။
ပါတီ ၆၅ ပါတီစာရင်းကိုကြည့်ပါ။ ဖွံ့ဖြိုးရေး၊ တိုးတက်ရေးနံမည်များပါသော ချောင်ကြိုချောင်ကြားကပါတီလေးတွေမှာ သူတို့ပါတီတွေချည်းသာဖြစ်ကြသည်။
သည်တော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်သည်မှာ သေချာနေပါပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ရွေးကောက်ပွဲတွင် နိုင်လျှက်နှင့်ရှုံးမည်မှာလည်း သေချာနေပါပြီ။
အတိုက်အခံများ ဘာဆက်လုပ်ကြမည်နည်း။ ၂ဝဝ၈ အခြေခံဥပဒေအောက်ဝင်ပြီး စမ်းကြည့်ချင်သည်ဟု ယခင်ကဆိုခဲ့ကြသည်။ အခု အဖြေပေါ်ပြီမဟုတ်ပါလော။ ရွေးကောက်ပွဲကြီးသည် မတရားမှန်းသိပါလျှက်နှင့် ရသလောက်အမြတ်ဟုသဘောထားကာ ဆက်လက် အနိုင်ကျင့်စော်ကားခံဦးမည်လော။ အတိုက်အခံဘဝမှ စုတေကာ စစ်အာဏာရှင်တွေလုပ်သမျှ ဖာပေးထေးပေးအကာအကွယ်ပေးရသော ဘဝသို့ရောက်ပြီးသကာလ ထိုဘဝတွင်သာ ရာသက်ပန်ပျော်မွေ့နေတော့မည်လော။ ဇာတ်ပေါင်းသည်ရှိသော် ပြန်ပေးဆွဲခံရသော မိန်းမပျိုလေးသည် ဓားပြဗိုလ်ကြီး၏မယားငယ်ဘဝတွင် ရာသက်ပန်ပျော်ရွှင်စွာပေါင်းသင်းသွားလေသတည်းဟု ပုံပြင်ကို အဆုံးသတ် ကြမည်လော။ ခင်ဗျားတို့တွင် ရွေးချယ်ခွင့်ရှိပါသည်။ ကိုယ့်သမိုင်းကိုယ်ရေးကြဖို့သာ ဖြစ်ပါသည်။
ကျော်ဇင်မင်း

0 comments:
Post a Comment