Tuesday, August 5, 2014

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ(ဝါ)မှိုင်းဗေဒ (ရေးသူ- ဒဂုန်တာရာ)

0 comments
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာ (ဝါ) မှိုင်းဗေဒ (ရေးသူ- ဒဂုန်တာရာ)

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ (ဝါ) မှိုင်းဗေဒကိုဖော်ပြရန်မှာ ကျမ်းကြီးကျမ်းခိုင်တဆူတဖွဲ့ ဖြစ်ရပါလိမ့်မည်။ ဆရာကြီး ရေးခဲ့သမျှသော ကဗျာ၊ စကားပြေများကို ပြည့်စုံ ခိုင်လုံကျယ်ပြန့်စွာ ကိုးကားညွှန်ပြရန်လိုပါလိမ့်မည်။ သို့သော် ယခု စာတမ်းငယ်တွင် ဆရာကြီး၏ စာပေအနုပညာသဘောကို နိဒါန်းပျိုးရုံလောက်၊ မိတ်ဆက်ပေးရုံလောက်၊ အဓိပ္ပါယ်ဖွင့်ဆိုရုံမျှလောက်သာလျှင် တတ်နိုင်မည်ဖြစ်၍ ခွင့်လွှတ်ရန်တောင်းပန်လိုပါသည်။

(၁)
ရှေးဦးစွာ 'သခင်ကိုယ်တော်မှိုင်း၏ စာပေအနုပညာ' ဟူသော ဝေါဟာရ၏အဓိပ္ပါယ်ကို ရှင်းပြရပေမည်။ အနုပညာဆိုသည်မှာ လူ့စိတ်ကူးဖြင့် လူတို့၏ဘဝကို ရသပေါ်အောင်ဖွဲ့နွဲ့သော အာရုံခံစားမှုပုံသဏ္ဍာန်ဖြစ်ပါသည်။ တနည်းပြောရရင် လူတို့၏ဘဝတွင်ထိတွေ့ခံစားရသော အာရုံခံစားမှုအတွေ့အကြုံ၊ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဘဝအတွေ့အကြုံ တို့ကို ပိရိသတ်အား မိမိကဲ့သို့ခံစားရလေအောင် ရသအမူအရာဖြင့် လှပစွာတင်ပြဖော်ကျူးသောအရာသည်အနုပညာဖြစ်သည်ဟု အဆိုရှိပေသည်။ အသံဖြင့် သီဆိုတီးမှုတ်ဖော်ပြသည်။ ကိုယ်လက်လှုပ်ရှားမှုကပြမှုတို့ဖြင့် ဖော်ပြသည်။ အရောင်အဆင်း၊ မျဉ်းကြောင်းတို့ဖြင့် ဆေးရေးဖော်ပြသည်။ အဝန်း အပြား အလုံး အကြွ တို့ဖြင့် သွန်းထုဖော်ပြသည်။ စကားလုံးတို့ဖြင့် သီကုံးဖော်ပြသည်။ ယင်းသို့သော ဂီတအနုပညာ၊ အကအနုပညာ၊ သဘင်အနုပညာ၊ ပန်းချီပန်းပုအနုပညာ စသဖြင့် အနုပညာများရှိသည့်အနက် စာပေအနုပညာသည်လည်း အနုပညာတရပ်အဖြစ်ပါဝင်ပေသည်။


စာပေ၌လည်း စကားပြေ၊ ကဗျာဟူသောစာပေပုံသဏ္ဍာန်များရှိလေရာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် စကားပြေရော ကဗျာပါ စာပေပုံသဏ္ဍာန်နှစ်မျိုးစလုံး အသုံးပြုသူဖြစ်ပေသည်။ စကားပြေ၌ ဝတ္ထု၊ ပြဇာတ်နှင့် ဋီကာ၊ ဂဏ္ဍိဟုခေါ်သော ဆောင်းပါးအမျိုးအစားများ ရေး၍ ကဗျာ၌ လေးချိုးကြီးကို အများဆုံးအထူးပြုရေးခဲ့ပေသည်။

ယင်းသို့ ဆရာကြီးသည် စာပေများကိုရေးသားရာတွင် ဆရာကြီး၏စာပေ၌ မည်သူနှင့်မျှ မတူအောင်ထူးခြားဆန်းသစ်သော၊ သမိုင်းခေတ်အဆက်ဆက် ပြည်သူများ နှစ်သက်စွဲလန်းနိုင်သော အာရုံခံစားနိုင်သောရသပညာရှိသည်။ ယင်းသို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်းတည်းဟူသောပုဂ္ဂိုလ်သာလျှင် ဖန်တီးနိုင်စွမ်းရှိသော၊ ထူးခြားခြင်းရှိသော၊ အနုပညာဝိသေသဂုဏ်ထူးကိုအစွဲပြုလျက် သခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာဟူသော စာဝေါဟာရသစ်ဖြင့် သုံးနှုန်းလိုက်ရခြင်းဖြစ်ပေသည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာသည် မည်သို့ထူးခြားလေသလဲ။ အခြားသောစာအနုပညာတို့နှင့် ကွာခြားပါသလား၊ မည်မျှထူးကဲပါသလဲ။

(၂)
ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏အနုပညာသည် မည်သည့်ခံစားမှုဝေဒနာမှ ဆင်းသက်လာပါသလဲ။ ဤအချက်မှာ ထင်လင်းလှပေသည်။
ဆရာကြီး၏စာပေအနုပညာသည် ဆရာကြီး၏ဘဝခံစားမှုဝေဒနာမှ ဆင်းသက်လာပေသည်။ တနည်းပြောရလျှင် ဆရာကြီး၏ဘဝသည် တကိုယ်တော်ဘဝ မဟုတ်။ အုပ်စိုးသောလူတန်းစားများနေထိုင်ရာ မှန်စီရွှေချစံအိမ်တော် မဟုတ်။ အဖိနှိပ်ခံ အအုပ်စိုးခံပြည်သူတို့၏ ဘဝအောက်ခြေ မြေဇာမြက်ပင်များ၏ဘဝနှင့် ဆက်စပ်နေသည်။ တနည်းပြောရလျှင် ဆရာကြီး၏အနုပညာသည် ဆရာကြီး ဖြတ်သန်း ကြီးပြင်းလာရသော မျက်မှောက်ခေတ်နှင့်ဆက်စပ်နေသည်။ တနည်းပြောရလျှင် ဆရာကြီး၏စာပေအနုပညာသည် ယနေ့မျက်မှောက် ခေတ်၏ အခြင်းအရာတရပ်ဖြစ်သော ပြည်သူတို့၏အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးမှ ဆင်းသက်လာခြင်းဖြစ်သည်။
အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုမှာ ကျယ်ပြန့်လှပေသည်။ လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဆိုရှယ်လစ်ရေး ဟူ၍ တိုက်ပွဲအခန်းခန်းရှိပေသည်။ ဆရာကြီးသည် ယင်း လွတ်လပ်ရေးလှုပ်ရှားမှု၊ ဒီမိုကရေစီရေးလှုပ်ရှားမှု၊ ညီညွတ်ရေးလှုပ်ရှားမှု၊ ငြိမ်းချမ်းရေးလှုပ်ရှားမှု၊ ဆိုရှယ်လစ်ရေး ဦးတည်လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ပြီး၊ ယင်းတိုက်ပွဲအခန်းခန်းတို့ကို စာပေ၌ထင်ဟပ်သော အနုပညာကား ဆရာကြီး၏အနုပညာဖြစ်ပေသည်။
ဆရာကြီးသည် မှန်ခန်းဆောင်၌ ငိုက်မှေးရီဝေနေသူ မဟုတ်။ စိန်ပန်းပြာရိပ်အောက်၌ ခိုနားနေသူမဟုတ်၊ အဖိနှိပ်ခံပြည်သူတို့၏ တိုက်ပွဲအဆက်ဆက်၌ အမြဲတမ်းပါဝင်သူဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ရှေးဝံသာနုခေတ်မှ ယနေ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုခေတ်အထိ အရွယ်အားဖြင့် အသက် ၈ဝ ကျော်မှ ဆယ်ကျော်သက်လူငယ်များအထိ အကြည်ညိုခံရဆုံး ပြည်သူ့ခေါင်းဆောင် စာပေပညာရှင်ကြီးအဖြစ် ရပ်တည်နေခြင်းဖြစ်၏။
ဆရာကြီးသည် တိုးတက်သောလူငယ်များနှင့် ခေတ်အဆက်ဆက်လက်တွဲခဲ့သည်။ မနေ့က တိုးတက်သောလူငယ်သည် ယနေ့ဖောက်ပြန်လာလျှင် ယင်းလူငယ်ဟောင်းနှင့်လက်တွဲဖြုတ်ခဲ့ကာ နောက်တခေတ် တိုးတက်သောလူငယ်အသစ်နှင့် လက်တွဲပြန်သည်။ သမိုင်းခေတ်အဆက်ဆက်တွင် အဖိနှိပ်ခံပြည်သူဘက်မှ အစဉ်ရပ်တည်ခဲ့သူဖြစ်သည်။ ယင်းသို့ တိုးတက်သော၊ တော်လှန်သော၊ အဖိနှိပ်ခံ ပြည်သူတို့ဘက်မှရပ်တည်သဖြင့်လည်း ယင်း ဆရာကြီး၏နိုင်ငံရေးခံစားမှုဝေဒနာကိုဖွဲ့နွဲ့သော စကားပြေနှင့်ကဗျာများသည် ပြည်သူတို့၏ ခံစားမှုအသံ (ဝါ) ပြည်သူ့အသံဖြစ်လာတော့သည်။ ယင်းသည်ကား ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏အနုပညာဖြစ်သည်။

(၃)
ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏အနုပညာဝါဒသည်ကား ဘာလဲ။ ဆရာကြီး၏ အနုပညာဝါဒသည်ကား ဘက်လိုက်ရေး (ဝါ) ပြည်သူ့ဘက်လိုက်ရေးဖြစ်သည်။
အောင်မြန်မာသတင်းစာ (၁၉၂၉)သို့ပေးသောဆောင်းပါးအမှာစာ၌ 'အမောင်တပည့်တို့၊ ယခုထုတ်ဝေလတ္တံ့သော အောင်မြန်မာသတင်းစာမှာ (မည်သည့်ဂိုဏ်း ဂဏ ဝါဒ တို့တွင်မှ ပါဝင်ခြင်းမရှိဘဲ)ဟူသောအချက်ကို စာမျက်နှာ ၂ တွင် တွေ့မြင်ရကြောင်း၊ ၎င်းကဲ့သို့ အချင်းအရာကို ဆရာဖြင့် မနှစ်မျို့နိုင်ပေ။ အကြောင်းကိုဆိုချေလျင် အကြင် လောကီသူလောကီသားတို့ကြီးပွားဖို့၊ လွတ်လပ်ဘို့ စသော ဂီဟိကမ္မလူတို့ကိစ္စဟူသမျှတို့မှာ မူလအားဖြင့် အများတည်းဟူသော အသင်းအပင်းဂိုဏ်ဂဏတို့နှင့် ဝိုင်းမှ ရုန်းဆောင်မှသာလျှင် အောင်မြင် ထမြောက်နိုင်ရာသည်' စသည်ဖြင့်ဖော်ပြပါရှိရာ ဆရာကြီး၏ဘက်လိုက်ရေးဝါဒမှာ ယနေ့ ကမ္ဘာ့ဆိုရှယ်လစ်နိုင်ငံရေးသဘောတရား သုခမိန်များ၏ဝါဒနှင့် တသားတည်းကိုက်ညီနေသည်ကို တွေ့ရပေသည်။
ဆရာကြီး၏ အခြားအနုပညာဝါဒမှာ ယနေ့ဝေါဟာရအားဖြင့်ခေါ်ဝေါ်နေကြသော သရုပ်ဖော်စာပေဝါဒပင်ဖြစ်သည်ကို ဆရာကြီး၏ဝတ္ထုနှင့် လေးချိုးကြီးများတွင် ထင်ရှားစွာတွေ့နိုင်ပေသည်။ တနည်းပြောရလျှင် ဆရာကြီးသည် ဆရာကြီးနှင့်ခေတ်ပြိုင်လှုပ်ရှားမှုကို အမြဲတမ်းဖွဲ့နွဲ့ သရုပ်ဖော်သော သရုပ်ဖော်ဝါဒကိုကိုင်စွဲသူ ဖြစ်ပေသည်။ ခေတ်ပြိုင်လှုပ်ရှားမှုကား အခြားမဟုတ်၊ အဖိနှိပ်ခံရသူက ဖိနှိပ်သူကို တော်လှန်ခုခံသောလှုပ်ရှားမှုဖြစ်သည်။ ထိုအခါ၌ ဆရာကြီးသည် အာဏာရသွားသောသူ (ဝါ) ဖိနှိပ်သူကိုကဲ့ရဲ့ရှုတ်ချပြီး အဖိနှိပ်ခံရသူ၏ တော်လှန်ခုခံရေးကိုချီးမွမ်းဂုဏ်ပြုသည်။ ယင်းသည်ကား ဆရာကြီး၏သရုပ်ဖော်စာပေ၌သုံးသော အနုပညာဝါဒတရပ်ပင်ဖြစ်ပေသည်။
ယင်းသဘောကို ဆရာကြီး၏လေးချိုးကြီးများ၌ အထင်အရှားတွေ့ရပေသည်။ ဆရာကြီး၏ဝတ္ထုများ၌ လူ့ဘဝ လူ့သဘာဝအဖွဲ့အနွဲ့တို့ကို တွေ့နိုင်ပေသည်။ ဆရာကြီး၏ ဋီကာ၊ ဂဏ္ဍိ စသော ဆောင်းပါးများတွင် ဆရာကြီးနှင့် ခေတ်ပြိုင်တော်လှန်ရေးလှုပ်ရှားမှုများ၏မှတ်တမ်းကို ရသဟန်ဖြင့်ဖွဲ့နွဲ့ဖော်ပြထားသည်ကို တွေ့နိုင်ပေသည်။
ဆရာကြီးသည် သူ၏အနုပညာပေါ်၌ ရိုးသားဖြောင့်မတ်သည်။ လုပ်သလိုပြော၍ ပြောသလိုလုပ်သည်။ အကျင့်တခြား အရေးတခြားမဟုတ်။ ထို့ကြောင့်ပင်လျှင် ပြည်သူတို့က သခင်ကိုယ်တော်မှိုင်းတည်းဟူသော အဖိနှိပ်ခံပြည်သူ့ဘက်တော်သားလူပုဂ္ဂိုလ်ကိုခင်သဖြင့် သူ၏ တရားကိုလည်း မင်ခြင်း ဖြစ်ပေသည်။ ယင်းဆရာကြီး၏ အနုပညာအပေါ်၊ ခေတ်အဆက်ဆက် ပြည်သူ့အပေါ်ရိုးဖြောင့်သော သဘောထားသည် ဆရာကြီး၏အနုပညာဟန် ဖြစ်လာသည်။ ဆရာကြီး၏လေးချိုးကြီးများသည် ရပ်ရွာထဲမှ ပြည်သူတို့၏အသံ၊ အမျိုးသားဟန်တို့ဖြင့်ထုံမွှမ်းသည်ဖြစ်၍ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏စာပေအနုပညာဟူ၍ ယနေ့ တော်လှန်သောပြည်သူ့စာပေသစ်၌ ကဏ္ဍကြီးတရပ်အဖြစ် ထူထောင်ကျော်ကြားရခြင်းဖြစ်ပေသည်။ ယင်း ဆရာကြီး၏အနုပညာစာပေအစဉ်အလာ၊ စာပေရေစီးကြောင်းကြီးသည် ယနေ့ခေတ်၌ စွမ်းသန်သောအင်အားအဟုန်ဖြင့်စီးဆင်းလျက် ရှိနေဆဲဖြစ်ပေသည်။

(၁၉၇၂ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ (၉၆) နှစ်မြောက်မွေးနေ့အခမ်းအနားမှာ ဒဂုန်တာရာ ဖတ်ကြားတဲ့စာတမ်း ဖြစ်ပါတယ်။ ဒဂုန်တာရာ ရဲ့ 'စာလုံး၊ ဆေးစက် စောင်းကြိုးနှင့် ကတ္တီပါကားလိပ်' ၁၉၇၄ ဧပြီလ၊ ပထမအကြိမ်မှ ကူးယူဖော်ပြပါတယ်။)

https://www.facebook.com/kyawnaing111?fref=photo


0 comments:

Post a Comment