Saturday, August 23, 2014

အသံထွက်မှား၊ အသုံးမှားများဖြင့် မှားပြီးရင်းမှားနေကြသောသတင်းကြေညာသူများနှင့် … (မောင်ခင်မင်-ဓနုဖြူ)

0 comments
“ကျီးသံလည်းမဟုတ်၊ ကြက်သံလည်းမဟုတ်”သည့် ကပြားဟန်များကို သတင်းကြေညာသံများကို ညတိုင်းလိုလိုကြားနေရသည်မှာ တော်တော်ကြာပါပြီ။ ကျင့်သုံးသောပုံစံမှာ အပြောစကားဖြင့် စကားပြောသလိုကြေညာခြင်းဖြစ်ပါလျက် ပုံမှန်စကားပြောရာတွင် ဘယ်သူမှထည့်မပြောသော “သည်၊ အား၊ မှ၊ လည်းကောင်း”စသည့် စာသုံးစကားများကို အဆီအငေါ်မတည့်စွာ ထည့်ထည့်ပြောနေတာကို နားထောင်နေရသည်မှာ အသည်းယားစရာကောင်းလှသည်။ အပြောစကားဖြင့်ကြေညာသူက စစချင်းပြောလိုက်ပုံမှာ “နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်”တဲ့။ အပြောစကားမဟုတ်သော “သည်”ကြီးကို ဦးဦးဖျားဖျား …..” 

အလေးအနက်မေတ္တာရပ်ခံမှ ဖြစ်တော့မည်။ ထို့ကြောင့် ဤစာကိုရေးရပါသည်။ မေတ္တာရပ်ခံရသည့် အကြောင်းမှာ သတင်းများအသံလွှင့်ကြေညာရာမှာရော၊ စာဖြင့်ရေးရာမှာရော အသံထွက်မှား၊ အသုံးမှား များဖြင့် မှားပြီးရင်းမှားရင်းမှားနေကြသည်ကို နေ့စဉ်လိုလို ကြားနေဖတ်နေရသောကြောင့်ဖြစ်ပါသည်။
ကျွန်တော်သည် ၁၉၅၀ ကျော်ကာလ လူငယ်ဘ၀ကတည်းက မြန်မာ့အသံရေဒီယိုသတင်းကြေညာသံ များကို ဂရုတစိုက်နားထောင်သူဖြစ်ပါသည်။ မှတ်မိသမျှပြောရလျှင် သတင်းကြေညာသည့် အမျိုးသားများတွင် မြန်မာ့အသံဦးကျော်ငြိမ်းကစ၍ ဦးအောင်မြင့်၊ ဦးလှဝင်း၊ ဦးသာဦး၊ ဦးကျော်ဦး၊ ဦးကျော်မင်း၊ ဦးသိန်းဟန် စသူတို့ သတင်းကြေညာသည့်လေယူလေသိမ်းများကို နားစွဲနေသကဲ့သို့ အမျိုးသမီးများတွင် ဒေါ်ခင်ကြည်၊ ဒေါ်သန်းနှစ်၊ ဒေါ်မြနှစ်၊ ဒေါ်စံမေ၊ ဒေါ်ယဉ်ကြည် စသူတို့ သတင်းကြေညာသည့်လေယူလေသိမ်းများကိုလည်း စွဲနေပါသည်။ သတင်းများကို “စာစကား”ဖြင့်ဖတ်၍ ဌာန်ကရိုဏ်းကျစွာ ကြေညာသွားကြသည်ချည်း ဖြစ်ပါသည်။
 
ရုပ်မြင်သံကြားပေါ်လာတော့လည်း သတင်ကြေညာသံများကို ဆက်ပြီးနားထောင်ခဲ့ ပါသည်။ မြန်မာ့ရုပ်မြင်သံကြားစပေါ်ကတည်းက သတင်းများကို “အပြောစကား”ဖြင့် စကားပြောသလိုကြေညာသည်ကို သတိပြုမိပါသည်။ စကားပြောသလိုကြေညာသည့်အတွက်
ပေါ့ပါးသွက်လက်လာပြီး အသက်ဝင်ပါသည်။ သတိပြုမိသမျှ သတင်းကြေညာသူများတွင် ဒေါ်ခင်အေးလွင်ကစ၍ ဒေါ်ခင်မလေး၊ ဒေါ်မေသူ၊ ဦးခင်မောင်ငြိမ်း၊ ဦးဝင်းတင် စသူတို့၏ ပြောပုံဆိုပုံများကိုနားစွဲနေပါသည်။ ဦးသိန်းလှမော်တို့၊ ဦးကျော်စိုးဦးတို့ဆိုလျှင် ရုပ်မြင်သံကြားနယ်ပယ်မှကျော်လွန်ပြီး မင်္ဂလာဘိသိက်ဆရာများအဖြစ် အောင်မြင်ကျော်ကြားနေ ပါပြီ။ နောက်ပိုင်းမှာ အသံလွှင့်မီဒီယာတွေအများကြီးပေါ်လာသည်။ ရေဒီယိုမှာရော ရုပ်မြင်သံကြားမှာရော သတင်းကြေညာသည့်အစီအစဉ်တွေ ပါမြဲဖြစ်သည်။ အချို့က စာစကားဖြင့်ဖတ်၍ ကြေညာသည့်ပုံစံကို ကျင့်သုံးသည်။ အချို့က အပြောစကားဖြင့် စကားပြောသလိုကြေညာသည့်ပုံစံကို ကျင့်သုံးသည်။ ဘယ်ပုံစံကိုကျင့်သုံးသည်ဖြစ်စေ စာစကားဆိုလျှင်လည်း စာစကားပီပီသသ၊ အပြောစကားဆိုလျှင်လည်း အပြောစကားပီပီသသဖြစ်လျှင် အထူးသဖြင့် နားထောင်သူလူငယ်များ မှတ်သားစရာ၊ နမူနာယူစရာဖြစ်ပါလိ့မ်မည်။ 

သို့သော် …. ။ ဤ “သို့သော်” ကြောင့် ယခု ဤစာကိုရေးရခြင်းဖြစ်ပါသည်။ သတင်းကြေညာရာတွင် အပြောစကားလည်း မပီသ၊ စာစကားလည်း မပီသ၊ စာစကားနှင့် အပြောစကားတွေရောထွေးပြီး တောင်မရောက်မြောက်မကျ၊ “အောက်ကလိအာ၊ အာကလိအောက်” ဆိုသကဲ့သို့ “ ကျီးသံလည်းမဟုတ်၊ ကြက်သံလည်းမဟုတ်”သည့် ကပြားဟန်များကို သတင်းကြေညာသံများကို ညတိုင်းလိုလိုကြားနေရသည်မှာ တော်တော်ကြာပါပြီ။ ကျင့်သုံးသောပုံစံမှာ အပြောစကားဖြင့် စကားပြောသလိုကြေညာခြင်းဖြစ်ပါလျက် ပုံမှန်စကားပြောရာတွင် ဘယ်သူမှထည့်မပြောသော “ သည်၊ အား၊ မှ၊ လည်းကောင်း” စသည့် စာသုံးစကားများကို အဆီအငေါ်မတည့်စွာထည့်ထည့်ပြောနေတာကို နားထောင်နေရသည်မှာ အသည်းယားစရာကောင်းလှသည်။ အပြောစကားဖြင့်ကြေညာသူက စစချင်းပြောလိုက်ပုံမှာ “နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်”တဲ့။ အပြောစကားမဟုတ်သော “သည်”ကြီးကို ဦးဦးဖျားဖျား ထည့်လိုက်သည်။ နားထောင်ရင်း "သြော် သူက စာဟန်နဲ့ကြေညာမလို့ထင်ပါရဲ့”ဟုတွေးနေတုန်း သူဆက်ပြောပုံက “တရုတ်ယဉ်ကျေးမှုအဖွဲ့အား လက်ခံတွေ့ဆုံပါတယ်”တဲ့။ ကဲ ဘယ်လောက် ခွကျလိုက်ပါသနည်း။ “သည်” နှင့် “အား” က စာစကား “တယ်” က အပြောစကာရောထွေးနေသည်။ အပြောစကားဖြင့် ကြေညာမည်ဆိုလျှင် .. “နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ” ဟုပြောမှ အပြောစကား ပီသပါမည်။ “တရုတ်ယဉ်ကျေးမှုအဖွဲ့ကို” ဟုပြောမှ အပြောစကားပီသပါမည်။ စာစကားဖြင့်ကြေညာမည်ဆိုလျှင်လည်း “လက်ခံတွေ့ဆုံပါ တယ်” ဟု ပြော၍မဖြစ်ပါ။ “လက်ခံတွေ့ဆုံပါသည်” ဟု ပြောရပါမည်။ စဉ်းစားကြည့်ပါ။ သဘာဝအတိုင်းပုံမှန်စကားပြောလျှင် “သည်” ၊ “မှ” ၊ “အား” ဆိုသော အသုံးစကားများကို ဘယ်သူထည့်ပြောပါသနည်း။ “ကျွန်တော့်အင်္ကျီသည် ဟောင်းနေလို့လျှော်ဖို့ ညီမလေးအား ပေးလိုက်တော့ ညီမလေးမှ လျှော်ပေးမယ်လို့ပြောပါတယ်”ဟု ပြောပါသလား။

“ကျွန်တော့်အင်္ကျီကဟောင်းနေလို့ လျှော်ဖို့ ညီမလေးကိုပေးလိုက်တော့ ညီမလေးက လျှော်ပေးမယ်လို့ပြောပါတယ်”ဟုပြောမှ သဘာဝကျပါလိမ့်မည်။ စိုးရိမ်စရာကောင်းသည်မှာ ရုပ်မြင်သံကြားသတင်းကြေညာပုံစံကို စံနမူနာအဖြစ်သတ်မှတ်လေ့ရှိသည့်အစဉ်အလာအရ 
ထိုကြေညာပုံကိုစံနမူနာထားပြီး လူငယ်များလိုက်ပြောကြမည့်အရေးပင်ဖြစ်သည်။ လူငယ်တွေ လိုက်ပြောမပြော အသေအချာမသိသော်လည်း လွှတ်တော်ထဲမှာတော့ ထိုပြောပုံမျိုးပြောနေကြပါပြီ။ မေးခွန်းတခုကို ပြန်ဖြေသူက “ကိုယ်စားလှယ်ကြီး ဦးဘယ်သူမေးမြန်းသည့်မေးခွန်းအား ကျွန်တော် ဦးဘယ်သူမှ ဖြေကြားပါမယ်”ဟု စကားထဲမှာ တကယ်မပြောသော “အား” တွေ “မှ” တွေထည့်ပြီးဖြေသည်ကိုကြားလိုက်ရ၍ စိုးရိမ်မိခြင်းဖြစ်ပါသည်။
အချို့သော အသံလွှင့်မီဒီယာများက သတင်းများကို အသံလွှင့်ကြေညာရာတွင် တယောက်ချင်းစကားပြောနေသည့်ဟန်ဖြင့် ကြေညာပုံမျိုးလည်းကြားရသည်။ နှစ်ယောက်အပြန်အလှန် အချီအချ ပြောဆိုဆွေးနွေးဟန် ကြေညာပုံမျိုးလည်းကြားရပါသည်။ အခမ်းအနားကျင်းပသည့်နေရာသို့ ကိုယ်တိုင်သွားကြည့်ပြီး ပြောပြနေဟန်လည်း ကြေညာပါသည်။ အပြောဟန်ပီပီသသ လေယူလေသိမ်းကောင်းကောင်းဖြင့် ပေါ့ပေါ့ပါးပါးကြေညာသွားပုံများမှာ အသက်ဝင်ပါသည်။ စကားမကျ စာမကျ ကြေညာနေသူများအတွက် နမူနာယူစရာများဖြစ်ပါသည်။
“ ဒီနေ့ရတဲ့သတင်းတွေကို ကြေညာပါတော့မယ်”ဟု အပြောဟန် ပီပီသသပြောခြင်းမှာ ခေါက်ရိုးကျိုးနေပြီဖြစ်သော “ သတင်းများကို ကြေညာပါတော့မယ်”ဟုပြောခြင်းထက် ပို၍ သဘာဝကျပါသည်။ “များ” သည်လည်း အပြောစကားမဟုတ်ပါ။ ပြောစကားပုံစံထဲမှာ 
“လည်းကောင်း လည်းကောင်း”ဆိုသောစာသုံးစကားကြီး ထည့်ထည့်ပြောခြင်းကိုလည်း ကြားရတတ်ပါသည်။ နားထဲမှာ အလွန်ထောင့်ပါသည်။ “လည်းကောင်း”မပါဘဲ ပြော၍ရပါသည်။

အသံထွက်မှားများလည်း မကြာခဏ ကြားရပါသည်။ “ဆ”သံမပီ ဘဲ “စ” လည်း “စ”၊ “ဆ”လည်း “စ” ဖြစ်နေခြင်းက အများမှားနေသော “ထိပ်တန်းအမှား”ဖြစ်သည်။ အသံမှားတော့ အရေးပါမှားကုန်သည်။ မကြာမီက “စောလျင်စွာ”ဆိုသော စာလုံးမှားတလုံးကို တွေ့လိုက်ရသည်။ အသုံးအမှန်မှာ “ဆောလျင်စွာ”ဖြစ်သည်။ “အဆောတလျင်”ဟုလည်း သုံးသည်။ “ဆောလျင်”ကို မသိသည့်အတွက် စောစောဟူသောအဓိပ္ဗာယ်ရှိသည်ထင်ပြီး “စောလျင်”ဟု ရေးလိုက်ခြင်းမှာ “ဆ”သံ မပီသည့်သက်သေလည်း ဖြစ်သည်။ “ဆုတ်ဖြဲ” ၊ “ဆောက်လုပ်” တို့ကို “စုတ်ပြဲ”၊ “စောက်လုပ်”ဟု မတော်မတည့်အသံထွက်ပြီးရေးတော့လည်း ထိုအတိုင်းပင်ရေးသည့်အတွက် အမှားပေါ်အမှားထပ်သည့်အကြောင်း ရေးကြပြောကြလွန်း၍ ရိုးနေပါပြီ။

နားအာရုံကို ခဏနားပြီး မျက်စိအာရုံဘက်ပြောင်းကာ ရုပ်မြင်သံကြားမှာ အောက်နားက ထိုးလေ့ရှိသော စာတန်းကလေးတွေဖတ်ကြည့်တော့ ဆရာတော်ကြီးများကို နေ့လည် ၂ နာရီပူဇော်မည့်အကြောင်း၊ ဘယ်အစီအစဉ်အား ဘယ်ကုမ္ဗဏီမှတာဝန်ယူဆောင်ရွက်မည်ဆိုသည့်အကြောင်း ဖတ်ရပြန်ပါသည်။ “နေ့လည်”မဟုတ်ပါ။ “နေ့၏အလယ်ဖြစ်၍ နေ့လယ်ဟုရေးမှမှန်ပါသည်ဟု ရေးကြပေါင်းများပါပြီ။ 
အားနှင့်မှ အသုံးများပုံများကိုလည်း ရေးကြပြောကြသည်မှာထပ်နေပါပြီ။ အားနှင့်မှ သည် ယနေ့ အပြောစကားထဲမှာ မရှိတော့ပါ။ စကားပြောလျှင် ဘယ်သူမှ အားတွေ မှတွေမထည့်တော့ပါ။ 
ကိုနှင့် ကကို အပြောမှာရော အရေးမှာရောသုံးနေပါပြီ။ ထို့ကြောင့် အားနှင့် မှကို မှားသုံးမည့်အစား လုံးဝမသုံးတော့ဘဲနေ၍ရပါသည်။ ကိုနှင့်ကကို အားနှင့်မှ အစားသုံးနိုင်ပါသည်ဟုလည်း အကြိမ်ကြိမ်ရေးပြီးကြပါပြီ။ သတိမပြုမိ၍လား၊ အမှားမှန်းမသိ၍လား မသိပါ။ မှားနေကြဆဲ ဖြစ်ပါသည်။
သတင်းကြေညာသူများအလေ့အလာနည်း၍ မှားသုံးသောအသုံးများလည်း ကြားရပါသည်။ 

အမျိုးသားစာပေဆုသတင်းကိုကြေညာသူက ဗိုလ်လက်ျာနှင့်ခင်လက်ျာကို “ဗိုလင်ကျာ” “ခင်လင်ကျာ”ဟူ၍ ကြေညာသွားသည့်အတွက် ကြားရသူတို့စိတ်မသက်မသာဖြစ်ရသည်။
ကျောင်းသားငယ်များပင်မမှားသောထိုစာလုံးများကို မှားဖတ်သည့်သတင်းကြေညာသူ၏မျက်နှာ ရုပ်မြင်သံကြားမှာပေါ်လာပြီဆိုလျှင် “ဗိုလ်လင်ကျာကြီးလာပြီဟေ့”ဟု ကလေးများက ဟာသလုပ်ကြကြောင်း ကြားရပါသည်။ ထိုမျှမကသေးပါ။ “ဓနသဟာယနိုင်ငံ”ကို “ဓနသဟာရနိုင်ငံ”ဟူ၍ ရကောက် လျှာလိပ်သံဖြင့် မှားဖတ်ခြင်းမျိုး၊ ဘုရားရုပ်ပွားတော်၏လက်ဟန်တခုဖြစ်သော “ဘူမိဖဿမုဒြာ”ကို “ဘူမိဖုဿမုဒြာ”ဟု မှားဖတ်ခြင်းမျိုးများကိုလည်း ကြားရပါသည်။
 
အင်္ဂလိပ်စကားလုံးတွေကို အသံထွက်ပြီးဖတ်တော့လည်း အမှားအယွင်းတွေပါသည်။ အဖြတ်အတောက်တွေမှားသည်။ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံဘုရင်၏နာမည်ကို နာမည်အရှည်ကြီးကိုဖတ်လျှင် ပိုဆိုးတော့သည်။ ဗိသုကာဘွဲ့(B.Arch)ကို ဘီအာ့ခ်ဟုထွက်ရမည့်အစား “ဘီအာ့ခ်ျ”ဟု ထွက်ခြင်း၊ စက်မှုဘွဲ့(B.Tech)ကို “ဘီတက်ခ်”ဟုထွက်ရမည့်အစား “ဘီတက်ခ်ျ”ဟု ထွက်ခြင်းမျိုးတွေ အလွဲလွဲအမှားမှားကြားနေရပါသည်။ နမူနာအချို့ကိုဖော်ပြခြင်းဖြစ်ပါသည်။
ရေဒီယိုတို့၊ တီဗီတို့က ထုတ်လွှင့်သောစကားကို စံစကားအဖြစ်သတ်မှတ်ပြီး အသံထွက်၊ အသုံးအနှုန်းတို့ကိုစံပြုသည့်အစဉ်အလာရှိပါသည်။ ဘီဘီစီကထုတ်လွှင့်သောအင်္ဂလိပ်စကားကို စံအဖြစ်သတ်မှတ်ပုံမျိုးဖြစ်ပါသည်။ ကျွန်တော်တို့၏ရေဒီယိုများ၊ တီဗီများကထုတ်လွှင့်ကြေညာသောမြန်မာစကားသည်လည်း အသံထွက်ကအစ၊ အသုံးအနှုန်းကအစ စံနမူနာယူစရာဖြစ်ဖို့လိုပါသည်။

သည်တော့ တာဝန်ရှိသူများက လက်ပိုက်ကြည့်မနေဘဲ သတင်းကြေညာသူတွေကအစ အသံလွှင့်ကြေညာသူတွေကို ကြပ်ကြပ်မတ်မတ်လမ်းညွှန်ခြင်း၊ ဆွေးနွေးခြင်း၊ သင်တန်းပေးခြင်းများဖြင့် မှားပြီးရင်းမှားရင်းမဖြစ်ရအောင် ကြပ်မတ်ဖို့လိုနေပါပြီ။ ကာယကံရှင်များကိုယ်တိုင်ကလည်း 
အပြောအဆို အရေးအသားအတိမ်းအချော်မရှိအောင် အထူးဂရုစိုက်ဖို့လိုနေပါပြီ။

ထိုလိုအပ်ချက်များကို ဖြည့်ဆည်းအကောင်အထည်ဖော်ဖို့ 
အလေးအနက်မေတ္တာရပ်ခံမှဖြစ်တော့မည်ဟုတွေးမိသည့်အတွက် ဤစာကို ရေးရပါသည်။ မောင်ခင်မင်(ဓနုဖြူ)

0 comments:

Post a Comment