Sunday, August 24, 2014

မုနိ ဆင်ဖြူနှင့် သွေးအန်စေသူ(မျိုးမြင့်ချို)

0 comments
ရခိုင်အမျိုးသားထဲက ကျနော့်မိတ်ဆွေ(နိုင်ငံရေးနဲ့မဝေးသူ)တယောက်က ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်က ရခိုင်ကို ဗိုလ်ကျသိမ်းပိုက်ပြီးနောက် ၁၇၈၄ ခုနှစ်မှာ လုယက်ယူငင်လာတဲ့ မဟာမြတ်မုနိဆင်းတုတော်ကြီးကို ပြန်ပေးပြန်ပေးဆိုပြီး ကလေးဆိုးကြီးလို တစာစာပြောတတ်သလို၊ တခါတခါကြတော့လည်း ပြန်တိုက်ယူရမယ်ဘာညာနဲ့ ကြုံးဝါးချင်ကြုံးဝါးနေတတ်ပါတယ်

တခါ ဗိုလ်သန်းရွှေ ဗြောင်ကျကျဓါးထက်နေချိန် ဗိုလ်ခင်ညွန့်တို့ ဗြဟ္မာ့ပြည်မီးတဝင်းဝင်းဖြစ်နေချိန်က ရခိုင်ရိုးမက ဆင်ဖြူတော်တွေသွားဖမ်း ရန်ကုန်ကိုသယ်လာ၊ နံ့သာလောင်းလိုက်၊ ရွှေရည်ငွေရည်တွေဖျန်းလိုက်၊ လူတွေကိုဖူးခိုင်းလိုက်လုပ်နေတုန်းကလည်း သူ အတော်လေး မခံချည့်မခံသာနဲ့ တို့ဆင်ဖြူတော်တွေ တို့ဆင်ဖြူတော်တွေ ပြန်ပေးပြန်ပေးဆိုပြီး ရင်ထုမနာပြောဖူးရှာတယ်။

နောက်တခါ ဟိုးတမြန်နှစ်လောက်တုန်းက ရခိုင်ဘက်ကပဲ ရွှေသားအစစ်နဲ့သွန်းတဲ့ ဆင်းတုတော်တွေတွေ့ပြီး ရန်ကုန်ကိုယူသွားမယ်ဆိုတုန်းကများဆို သူ အကြီးအကျယ်ကိုပေါက်ကွဲခဲ့တာပါ။ အဲ့ဒီတုန်းက သူ မကျေမချမ်းဖြစ်တဲ့သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါ ပါနေတယ်။ သူတို့ဘက်က
ဝင်မပြောရကောင်းလားဆိုပြီးတော့။ နတ်မောက်က ဗိုလ်ချုပ်အောင်ဆန်း
လက်ရေးစာအုပ်ကို နတ်မောက်ကကျောင်းမှာ ဒါမှမဟုတ် ရန်ကုန်ယူပြတိုက်မှာထားမယ် မထားဘူးဆိုတုန်းကတောင် ဒေါ်စုက ဝင်ပြောသေးပြီး ခုကြ ဘာလို့ပါးစပ်ပိတ်နေရသလဲ ဘာညာတွေလည်းပါပါတယ် သူမကျေနပ်တဲ့အထဲမှာ။

ပြန်တွေးကြည့်တော့ ဟုတ်ပါတယ် သူ ခံပြင်းချင် ပြင်းစရာ၊ မကျေချမ်းချင် ချမ်းစရာ၊ နာကျည်းချင် ကျည်းစရာတွေပါပဲ။ လူမျိုးစုတစုစုရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြယုဂ်၊ သမိုင်းဆိုင်ရာ အမွေအနှစ်၊ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အထွဋ်၊ အနုပညာဆိုင်ရာ မြတ်နိုးတနာ၊ ဇာတိပုညဂုဏ်မာနဆိုင်ရာ ဝံ့စားဖွယ်နဲ့ ပြသဂုဏ်ယူချင်စရာ ရှားပါးတောရိုင်းတိရိစ္ဆန် စတာတွေကို အခြားလူတစုစု၊ လူတမျိုးမျိုး၊ တိုင်းတပြည်ပြည်ကလာပြီး ဗိုလ်ကျလုယက်သွားရင် ဘယ်သူခံနိုင်ပါ့မလဲ၊ ခံချင်ပါ့မလဲ။ ကျနော်တို့ဗမာတွေတောင် ကိုယ့်အပေါ်နှိပ်ကွပ်ခဲ့တဲ့ ပဒေသရာဇ်တွေရဲ့ အဆောင်အယောင်နဲ့အထွဋ်အမြတ်ဖြစ်တဲ့ပလ္လင်ကြီးပြန်တောင်းယူတာ၊ ငမောက်ပတ္တမြားပြန်ပေးလို့လုပ်တာတွေရှိတာပဲ။ လုပ်လည်းလုပ် ရှိလည်းရှိရမှာပါပဲ။ ဒါဟာ တရားနည်းလမ်းရော သဘာဝရောကျပါတယ်။ ကျနော့်မိတ်ဆွေရဲ့ ခံစားချက်ကို ကျနော် အသေအချာ့ကိုနားလည် စာနာပါတယ်။

တနေ့တော့ ကျနော့်စိတ်ထဲ အတွေးတခုဝင်တယ်။ ဒါနဲ့သူ့ကို ကျကျနနမေးကြည့်ဖြစ်တယ်။ “ခင်ဗျား အဲ့ဒီ မဟာမုနိရုပ်ပွားတော်တို့၊ ဆင်ဖြူတော်တို့၊ ရွှေဘုရားတွေတို့ကိစ္စတွေကိုပြောနေတာရဲ့ အဓိကရည်ရွယ်ချက်ကို ချုံ့ပြီးပြောပြပါလား”ဆိုတော့ “ဒါတွေက ယဉ်ကျေးမှုနဲ့ သမိုင်းနဲ့ဆိုင်တာတွေလေဗျာ”တဲ့။ “ဒါဆို ဆင်ဖြူကြတော့ရော”ဆိုတော့ “ဆင်ဖြူတော်ကတော့ ရှားပါးတိရိစ္ဆာန်ဗျာ၊ ပြီးတော့ ရတနာ ၇ ပါးထဲက ၁ ပါးဗျာ၊ ပြီးတော့ သဘာဝသယံဇာတလို့လည်းပြောလို့ရတယ်လေ”တဲ့။ “ဟုတ်ပါတယ် ခင်ဗျားပြောတာ..ဒါဆို ကျနော် တခုမေးချင်တယ်ဗျာ မေးလို့ရမလား”ဆိုတော့ “မေး”တဲ့။ “ခု ခင်ဗျားတို့ ရခိုင်ပြည်နယ်ကထွက်တဲ့ သဘာဝဓာတ်ငွေ့၊ ရေနံ စတာတွေကလည်း သဘာဝသယံဇာတတွေပဲလေ။ စစ်အုပ်စုလက်ဝါးကြီးအုပ်ပြီး ရသမျှအကုန် သူတို့အိပ်ထဲထည့်နေတာပဲ။ ရခိုင်ပြည်နယ်လည်းမရ တတိုင်းပြည်လုံးမခံစားရပဲ သူတို့ချည်းပဲစားနေဝါးနေတာကြ ဘာလို့ ခင်ဗျားမပြောသလဲ။ နောက်ပြီး အဲ့သလို လုပ်နေတာ ခုမှလည်းမဟုတ်ဘူး၊ အစဉ်အဆက်က လုပ်နေတာလေ”ဆိုတော့

“ခင်ဗျား အဲ့ဒါအတွက်ကတော့ မပူနဲ့၊ ဒီကောင်တွေ ကိုယ်ပြုတဲ့ကံ ကိုယ်သာခံရမယ် စိတ်ချ၊ ဒီကောင်တွေက လောဘ ဒေါသ မောဟဖုံးနေတဲ့ကောင်တွေဗျ၊ အမိုက်တိုက်တွေဗျ၊ သူတို့ ရခိုင့်မြေကနေ မတရားသဖြင့်ဝါးမြိုထားတာတွေအကုန် သွေးအဖြစ်နဲ့ပြန်အန်ကျလိမ့်မယ်။ သွေးအံသေမယ့်ကောင်တွေဗျ၊ ဘာလို့ ကျနော် အဲ့လိုပြောနိုင်လည်းဆိုတော့ မဟာမုနိက ဆင်းတုတော်ဆိုပေမယ့် တကယ်က ရုပ်ပွားတော်ဗျ၊ သက်တော်ရှိတယ်။ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင် ရင်ငွေ့တော် ၇ ကြိမ်လှုံပေးခဲ့တာ။
ဘုရား၊ တရား၊ သံဃာကိုပစ်မှားစော်ကားရင် ဘာဖြစ်တတ်တယ်ဆိုတာ ခင်ဗျားလည်းသိပါတယ်။ ကြည့်နေ ဒီကောင်တွေ မကြာဘူးထိတော့မှာ။ မဟာမုနိက ဘုရားရှင်လေ၊ သက်တော်ရှိတဲ့ ဘုရားပဲလေ။ ဘုရားကို ခိုးသွားလုသွားတဲ့ကောင်တွေ သွေးတင်အန်မှာမဟုတ်ဘူး မြေပါမြိုဦးမှာ”လို့
ယုံကြည်ချက်ဖိတ်ဖိတ်လက်နေတဲ့ မျက်လုံးတွေ၊
အားမန်အပြည့်ပါတဲ့ စကားလုံးတွေ၊
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့လက်သီးတွေ၊
မးကြောကြီးတွေထောင်တဲ့အထိ ပြောနေပုံကိုကြည့်ပြီး ကျနော်သက်ပြင်းချမိတာပါပဲ။

အင်း..ဒါ့ကြောင့်လည်း ဗိုလ်မောင်မောင်အုန်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ခန့်မယ်ဆိုတော့ သံပုံးတီးမယ်ပြောကြတာကိုး။ တောဆိုတာ အမဲလိုက်တဲ့အခါ သားကောင်လှန့်ဖို့အတွက်လောက်တော့ ချောက်ပေးရပါတယ်။

0 comments:

Post a Comment