(ကညွှတ်ကွင်းအိမ်ပြေး ၅၀)
ထိုသူက ယဉ်မောင်းနေရာ၏နောက်ကျောတည့်တည့်ကို ကျောခိုင်းကာ ကားပေါ်ပါသူများနှင့်မျက်နှာချင်းဆိုင် ရပ်လိုက်၏။ လက်ခုပ် သုံးလေးချက်တီးလိုက်ပြီး သူ့ကိုယ်သူမိတ်ဆက်သည်။ ထိုနောက် သူမှာ လုပ်ငန်းတခု၏ ကြော်ငြာသမားဖြစ်ကြောင်း၊ ယခု ကြော်ငြာပေးမည်မှာ ယိုးဒယားမှလာသည့် အစွန်းချွတ်ဆေးတမျိုးဖြစ်ကြောင်း၊ ဘယ်လို အစွမ်းထက်ကြောင်းတွေ၊ နှစ် ၂ ဆယ်က ဖားဥစွဲနေတာကိုပင် ချွတ်လို့ရကြောင်း၊ ဈေးလည်းဘယ်လို ချိုကြောင်း၊ သူလက်တွေပြမည်ဖြစ်ကြောင်းတွေကို ခတ်တိုတိုပြောသည်။ ထိုနောက် သူ့တွင် အသင့်ပါလာသည် ပိတ်စအဖြူတစအပေါ်သို့ မင်အိုးထဲကမင်တွေကို စုပ်ပြွန်လေးဖြင့်ညှစ်ယူပြီး ဖျစ်ချလိုက်ပါသည်။ ပိတ်စတွင် အပြာရောင်မင်ကွက်ကြီး စွန်းသွားပါသည်။ ထိုမင်ကွက်ကြီးစွန်းနေသည့်ပိတ်စကို အသင့်ပါလာသည် ရေဖန်ခွက်ထဲ နှစ်ချပြီး မွှေလိုက်ပါသည်။ ရေတွေ မင်ရောင် ပြောင်းသွားပါသည်။ ထို့နောက် ဆက်တိုက်မွှေပေးရာ ရေမှာ ပြန်ကြည်သွားပါသည်။ ထို့နောက်ပိတ်စကိုထုတ်၍ ရေညှစ်ချလိုက်ရာ မင်များတစက်မှမရှိတော့ပါ။ မျက်လှည့် ပြလိုက်သလား အောင့်မေ့ရပါသည်။
သူ့မှာ ကြော်ငြာပေးရုံသာဖြစ်သောကြောင့် အထုတ်သေးသေးလေးများသာပါကြောင်း၊ ဖောက်သည်ယူ၍ ပြန်လည်ရောင်းချလိုသူရှိပါက သူ ဖုန်းနံပတ်နှင့် လိပ်စာပေးမည်ဖြစ်ကြောင်းတွေပြောကာ ဆေးမှုန့်ဖြူဖြူလေးတွေထည့်ထားသည့် ပလပ်စတစ်အထုတ်သေးသေးလေးတွေကို ကာပေါ်ရှိ လူတိုင်းစေ့ လိုက်ဝေပါသည်။ ယူသူကယူပြီး မယူသူကမယူကြပါ။ ဆရာဝဏ္ဏယူသလို ငတင့်လည်း တထုတ်ယူပါသည်။ ဆရာဝဏ္ဏက ကျွန်တော့်ကိုကို ခေါင်းညိတ်ပြသဖြင့် ဘုမသိဘမသိဖြင့် ယူထားလိုက်ပါသည်။
ထို့နောက် ထိုလူကြီးက အထုတ်ကလေးတွေမှာ သေးပင်သေးငြားလည်း အဝ်ဘယ်နှထည်အထိလျှော်နိုင်ကြောင်း၊ သုံးလို့ပိုနေလျှင် လေလုံအောင်ပိတ်ထားစေလိုကြောင်း၊ တထုတ်ဆောင်ထားလျှင် တသက်သုံးရမှာဖြစ်ကြောင်းတွေ ပြောပါသည်။ လူတွေလည်း အူကြောင်ကြောင်နှင့် အထုတ်ကလေးတွေ လက်ထဲကိုင်ထားသူကကိုင်၊ ပါလာသည့် ဆွဲခြင်းတို့ တောင်းတို့ အိတ်တို့ထဲထည့်သူက ထည့်ကြပါသည်။ ထိုနောက် ထိုလူကြီးက ထိုအထုတ်လေးတွေမှာ ကြော်ငြာပေးရုံသက်သက်ဖြစ်သောကြောင့် တထုတ်မှ တကျပ်သာကျကြောင်း၊ ငွေတကျပ်မှာ ကွမ်းစား ဆေးသောက် ကျပျောက်သလောက်သာရှိသော်လည်း ယခုဆေးထုတ်လေးအတွက်သုံးလိုက်လျှင်တော့ ဘယ်တော့မှနောင်တရရမှာ မဟုတ်ကြောင်းပြောပါသည်။
ထိုအခါ ဆေးထုတ်လက်ထဲကိုင်ထားဆဲရှိသူတချို့က ပြန်ပေးရန် လက်ကမ်းကြပါသည်။ တချို့ကလည်း လက်တဖြင့်ကိုင်က အခြားလက်တဘက်ဖြင့် အိတ်ကပ်ထဲနှိုက်ကြပါသည်။ အဆိုးဆုံးမှာ ဆေးထုတ်လေးတွေကို အလကားရသည်ထင်ကာ ဆွဲခြင်းထဲ အိတ်ထဲ တောင်းထဲထည့်ထားမိသည့် အမျိုးသမီးတွေဖြစ်ပါသည်။ သူတို့ ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်းဖြစ်နေကြပါသည်။ ပြန်ပေးရကောင်းနိုးနိုး ဆက်ယူထားရ ကောင်းနိုးနိုးတွေ ဖြစ်နေကြပါသည်။ ဆေးထုတ်လေးတွေပြန်သိမ်းမည်ဖြစ်ကြောင်းပြောကာ ပြန်သိမ်းတော့ အစကတည်းက တကယ်ဝယ်လိုသူတွေက အားတက်သရော ငွေထုတ်ပေးပြီး အလကားရသည်မှတ်ကာ ယူထားမိသူများက အင်တင်တင်နှင့် ခတ်ရှက်ရှက်နှင့် ပိုက်ဆံထုတ်ပေးကြပါသည်။ ကျွန်တော့အတွက် ငတင့်က ၂ ထုတ်စာ ငွေနှစ်ကျပ်ကို အားတက်သရောနှင့် အရင်ဆုံးပေးလိုက်ပါသည်။ ထို့နောက် ထိုသူလည်းဆင်းသွားပါသည်။ ကားက မထွက်သေးပါ။
ငတင့်က ဈေးဗန်းကြီးလက်ပေါ်တင်ကာ စမူဆာ ဘယာကြော်ဟုအော်ရောင်းသည့် ကုလားကြီးထံမှ စမူဆာ တထုတ်ဝယ်ပြီး ကျွန်တော့်ကို တဝက်ကျွေးပါသည်။ ကျွန်တော်က ငတင့်ကို ဆေးထုတ်လေးကိုပြရင်း ဒါတွေက ဘာလုပ်ဖို့လဲကွ မင်းလိုလို့လားဟု မေးပါသည်။ ငတင့်က ဘာမှပြန်မပြောမီ ကြားသွားဟန်တူသည့် ဆရာဝဏ္ဏက ကျွန်တော့်ကို မျက်လုံးလှန်ကြည့်ပြီး မသိမသာခေါင်းယမ်းပြပါသည်။ သူ့အကြည့်နှင့် မျက်လုံးမှာ လန့်စရာကောင်းသည်ဟုထင်ပါသည်။ ကျွန်တော်လည်း ဆက်မမေးရဲတော့ပါ။ ငတင့်က သူ့ဆေးထုတ်လေးကို အိတ်ထောင်ထဲထည့်သဖြင့် ကျွန်တော်ကလည်း ကျွန်တော့်ဆေးထုတ်လေးကို ကျွန်တော့်အိတ်ထောင်ထဲ ထည့်လိုက်ပါသည်။ ထို့နောက် ကားဂိတ်တဲမှ ခရာမှုတ်သံကြားပြီး ကားကြီးလည်း ဘီးတလိမ့်လိမ့်နှင့် စထွက်လာပါတော့သည်။
(ဆက်ပါဦးမည်)
0 comments:
Post a Comment