Sunday, February 12, 2023

ကညွှတ်ကွင်းအိမ်ပြေး ၂၇

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၂၇)

ထိုဆရာကြီးကို ဘာ့ကြောင့် အနူနှင့်တထေရာတည်းဟု ကျွန်တော်ပြောနိုင်သလဲဆိုလျှင် ကျွန်တော်တို့ထောက်ကြန့်တွင် လူတိုင်းက အနူရုံဟုခေါ်သည့် အနာကြီးရောဂါကုဆေးရုံရှိပါသည်။ အင်္ဂလိပ်ခေတ်က ဆောက်ခဲ့တာဟုဆိုပါသည်။ ထိုအချိန်က ထောက်ကြန့်မှာ မြို့နားမနီးသည် တောခေါင်ခေါင် လမ်းဆုံလမ်းခွ ရွာလေးတရွာမျှဖြစ်မည်ထင်ပါသည်။ တတိုင်းပြည်လုံးနေရာအနှံ့မှ တောင်းရမ်းစားသောက်နေသော အနာကြီးရောဂါသည်များကို အတင်းအဓမ္မဖမ်းဆီးပြီး ထိုဆေးရုံတွင်ထားကာ ဆေးကုသပေးပြီး ရောဂါပျောက်မှ သူတို့သွားချင်ရာသွားခွင့်ပေးသည်ဟု ဆိုကြပါသည်။

 

အနူရုံမှာ ဆင်တရပ်ခန့်အမြင့် လေးဘက်လေးတန် အုတ်ရိုးကာထားပြီး အထဲတွင် ဆေးရုံဆောင်တွေနှင့် လူနေအိမ် သေးသေးလေးတွေရှိပါသည်။ အုတ်ရိုးအပြင်ဘက် ဝန်ထမ်းများအိမ်ယာရှိပြီး ထိုအိမ်ယာများထဲက အိမ်တလုံးတွင် ဆရာဝန်စာရေးဆရာ ဆရာဝန်တင်ရွှေနေပါသည်။ သူသည်အနာကြီးရောဂါဆေးရုံအုပ်ကြီးဖြစ်သလို ထောက်ကြန့် ကြက်ခြေနီတပ်ဖွဲ့တွင်လည်း ခေါင်းဆောင်ဖြစ်ပါသည်။ သူ့အား အနာကြီးရောဂါသည်များက ဘုရားတဆူလိုကြည်ညို ကြပါသည်။ သူကလည်း အနာကြီးရောဂါသည်များ၏ဘဝကို၊ ခံစားချက်ကို တခြားလူတွေနားလည်အောင်၊ အနာကြီး ရောဂါအကြောင်း လူတွေသိရှိသတိထားမိစေရန် ဟောပြောပွဲတွေ တွေ့ဆုံပွဲတွေလုပ်ပါသည်။ အနာကြီးရောဂါသည် များနှင့် အခြားလူများအဆင်ပြေရေးလည်း လုပ်ပေးပါသည်။ 

 

အနူရုံနောက်တွင် အနူရွာကြီးရှိပါသည်။ တကယ်တော့ ထိုရွာကြီးသည် နဂိုကတည်းရှိနေခဲ့သည်မဟုတ်ပါ။ နူနာပျောက်သွားပြီး ဆေးရုံမှဆင်းကာ ပြန်စရာအိမ်မရှိသူတယောက်စနှစ်ယောက်စက တဲကလေးတွေထိုးကာနေရင်း တစတစနှင့်ရွာကြီးတခုလိုဖြစ်လာပါသည်။ ထိုအနူရွာကြီးထဲတွင် လောင်းကစားဝိုင်းများ တောအရက်ချက်ရုံများ အောထနေပါသည်။ သူတို့က မြို့နယ်ရဲမှူးအထိ လိုင်းဝင်ထားတာဖြစ်သောကြောင့် တိုင်းရဲနှင့်ကောင်စီမှ ဝင်ဖမ်းသည့် အခါလောက်ကလွဲ၍ အဖမ်းအဆီး အတားအဆီးမရှိ၊ ဒုစရိုက်ရွာကြီးတရွာလိုဖြစ်နေပါသည်။ ထိုအနူရုံရှေ့မှ လမ်းလျှောက်သွားတာမပြောနှင့် ကားနှင့်ဖြတ်သွားလျှင်ပင် တောအရက်နံ့တွေ ချဉ်စုတ်စုတ်အနံ့တွေရပါသည်။ တော်ရုံလူကောင်းများ ထိုရွာသို့မသွားကြ မဝင်ကြမထွက်ကြပါ။

 

ထိုရွာကြီးထဲတွင် ကျွန်တော့ ကျောင်းနေဘက် သူငယ်ချင်းများရှိပါသည်။ မိဘများမှာ နူနာပျောက်သွားသော်လည်း ရုပ်ပျက်ဆင်းပျက်နှင့်နေပါသည်။ စကားပြောလျှင်လည်း နှာခေါင်းသံပါပါသည်။ သို့သော် ကျွန်တော်သူငယ်ချင်းမှာ မနူပါ။ လူကောင်းတွေဖြစ်ပါသည်။ တချိန်ချိန်တွင် မျိုးရိုးလိုက်ပြီး ပြန်နူ မနူကျွန်တော် မပြောတတ်ပါ။ ကျွန်တော်သူတို့ကို ခင်ပါသည်။ အနူ့သမီးဟု တခါမှ မခေါ်ဖူးပါ။  

 

ကျွန်တော်ကို သူတို့အိမ်ခေါ်ပြီး အစားအသောက်တွေကျွေးလျှင်လည်း တဝတပြဲစားပါသည်။ ကျွန်တော် မရွံသလို ဆရာဝန်တင်ရွှေ့ကျေးဇူးကြောင့် ဘယ်လိုနေမှကူးတတ်သည်ကိုသိထားပြီးဖြစ်သဖြင့် ကူးမှာလည်း မကြောက်ပါ။ သူတို့အိမ်ကိုလည်း သူတို့ကျွေးတာကိုလည်း မရွံမရှာစားသည့်ကျွန်တော့်အား သူတို့က ခင်ကြပါသည်။ သူတို့ရသည့် ကျောင်းမုန့်ဖိုးမှာ ကျွန်တော့်ထက်များပါသည်။ မုန့်စားလွှတ်ချိန်တွင် သူတို့ဝယ်ဝယ်ကျွေးသည့် ကျောင်းမုန့်ဈေးတန်း လေးမှ မုန့်များကိုလည်း ကျွန်တော်စားပါသည်။

 

တကယ်တော့ အနာကြီးရောဂါဆိုသည်မှာ လူမှုရေးရောဂါမဟုတ်လား။ အနေမတတ်လျှင် ကူးစက်တတ်သည် မဟုတ်လား။ လူတွေ ကြောက်မည် ရွံမည်ဆိုလည်း ရွံလောက်ကြောက်လောက်သည့်ရောဂါ မဟုတ်လား။ လူတောမတိုးဝံ့သည့် ရောဂါမဟုတ်လား။ ဆရာဝန်တင်ရွှေ့ကျေးဇူးဖြင့် ကျွန်တော်သည် အနာကြီးရောဂါကို မကြောက်သော်လည်း၊ ပြည်တစိုစို ယင်တလောင်းလောင်းနှင့် အနားကပ်မိလျှင် ညှီစို့စို့နံသည့် နူနေသေးသူများကိုတော့ ရွံပါသည်။ အနားမကပ်ပါ။ သို့သော်ကျွန်တော်က ရောဂါပျောက်ပြီးသူလား ရောဂါလက်ရှိလားကို ခွဲတတ်ပါသည်။ 

 

ထောက်ကြန့်ရန်ကုန် အမှတ် ၉ ကားလိုင်းမှာ လူအလွန်ကျပ်ပါသည်။ ထိုင်ခုံရဖို့မလွယ်ပါ။ ထို ၉ ကားပေါ်သို့ အနူတွေတက်လာလျှင် လူတွေ ရှဲပေးကြပါသည်။ သူတို့နှင့် အထိမခံပါ။ သူတို့ထဲက တချို့ကလည်း တမင်ကို လူကောင်းတွေကိုအရွဲ့တိုက်တာမျိုး လုပ်တတ်ပါသည်။ ထိုင်ခုံရထားသူအနီးသို့ကပ်ကာ နောက်မှီခုံတန်းပေါ် လက်တင်ပြီး ထိုလူ့ ပခုံးတွေ လည်ပင်းတွေနှင့် သူတို့လက်မထိထိအောင် တမင်လုပ်ပါသည်။ ထိုအခါထိုင်နေသူက မသတီတော့ဘဲ ထိုင်ခုံမှထပေးလျှင် သူတို့ ခတ်တည်တည်ဝင်ထိုင်ပါသည်။ ဘေးမှထိုင်နေသူမှာလည်း သူတို့နှင့် မထိမိအောင် ကိုယ်ကိုကျုံ့ထားရပါသည်။ တကယ်တော့ အပြင်ထွက်ပြီး အခြားလူတွေနှင့်အတူတူ လိုင်းကား တိုးစီးကြသည်မှာ နူနာပျောက်ပြီးသူများသာ ဖြစ်ပါသည်။ သို့သော် ရောဂါဒဏ်ကြောင့်ဖြစ်ရသော အနူလက္ခဏာများမှာ အတိုင်းသားရှိနေပါသည်။ ထို့ကြောင့် နူနာပျောက်ပြီးသူလား လက်ရှိအနူလားခွဲရခက်ပါသည်။ 

 

ကျွန်တော်ကတော့ ခွဲတတ်ပါသည်။ ထို့ကြောင့် ယခုမျက်လှည့်ဆရာကြီးမှာ နူနာပျောက်ပြီးသူမှန်း တန်းသိပါသည်။ သူ့ ဝိုင်းနှင့်ပတ်သက်သည့် စည်းနှင့်ပတ်သက်သည့် လုပ်စရာရှိသည်များကို လုပ်ပြီးမှ မိုက်ကရိုဖုန်းကို ဟန်ပါပါကိုင်ကာ ရွှေပွဲလာ ပရိတ်သတ်များခင်ဗျားပဲလုပ်ရသေး ကျွန်တော့်နောက့်မှ ကုပ်ပိုးကိုဆွဲသဖြင့် လှည့်ကြည့်လိုက်ရာ အမေဖြစ်နေပါသည်။ လာ သား သွားကြစို့ဟုခေါ်ပါသည်။ ကျွန်တော် မကျေနပ်ပါ၊ ကျွန်တော်မလိုက်ချင်ပါ။ သို့သော် လိုက်ရပါမည်။ ခတ်လှမ်းလှမ်းရောက်တော့ နောက်တခါကျ အစအဆုံး အမေလိုက်ပြမယ်။ ပွဲရှိတဲ့အခါ ရုံသွင်း ပြတာလည်းရှိတယ်၊ အဲ့ဒီတော့ အမေတို့ သွားကြည့်ကြတာပေါ့ဟုလည်း ပြောပါသည်။

0 comments:

Post a Comment