Thursday, February 23, 2023

ကညွှတ်ကွင်းအိမ်ပြေး ၄၃

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၄၃)

ပဲခူးဘူတာထဲတွင် ဟိုဟိုဒီဒီ မျက်လုံးကစားပြီး အသိတွေဘာတွေ တွေ့မလား အမေနဲ့များလာတိုးနေမလားဟု တွေးမိကာ ထိတ်ကနဲဖြစ်လိုက်ပါသည်။ အမေက အထည်ဆိုင်ဖွင့်ထားတာဆိုတော့ ပဲခူးတွင် လာလာပြီး မော်မြိုင်ဘက်က မှောင်ခိုသွင်းလာသည့်ပိတ်စတွေ ပါတိတ်တွေ ဝယ်တတ်သည်။ ရန်ကုန် စိန်ဂျွန်းဈေးတို့ လေဟာပြင်ဈေးတို့ထက် သက်သာသည်ဟုပြောသည်။ တခါတလေ အထည်တွေ အုပ်လိုက်အုပ်လိုက် ပါတိတ်တွေ အထပ်လိုက်အထပ်လိုက်ဝယ်ချလာပြီး အိမ်ရောက်လို့အထုတ်ဖြည်လျှင် ဆေးနံ့တွေလိုလို ပရုပ်လုံးနံ့တွေလိုလို ရပါသည်။

 

နောက်တချက်က ဒေါ်ဟလီမာ။ သူက ထောက်ကြန့် ဈေးထဲတွင် အချိုမှုန့်တမျိုးတည်းသီးသန့်ရောင်းသူ။ ကိုယ်တိုင်လည်းရောင်း ဖောက်သည်လည်းပေးသူ။ သူယောက်ျား ထောက်ကြန့်-လှည်းကူးကားဂိတ်မှူး ဦးရှမ်းဘုတ်သေသွားကတည်းက တယောက်တည်းနေပြီး အချိုမှုန့်ရောင်းတာတခုတည်းနှင့် ဘဝကိုနေနေသူ။ သားသမီးမရှိပါ။ ကျွန်တော့်ကို သားအရင်းလိုချစ်သည်။ 

 

ထိုအချိန်က နေ့စဉ် ကျောင်းကပြန်လာပြီဆိုလျှင် ညနေပိုင်းတွင် အာရဗီကျောင်း အချိန်ပိုင်းတက်ရပြီး နွေရာသီ ကျောင်းပိတ်လျှင် မနက်တကြိမ် ညနေတကြိမ်တက်ရပါသည်။ အာရဗီကျောင်းဆရာက မြောင်းတကာရွာက လာနေပြီးသင်တာဖြစ်သည်။ အရိုက်ကြမ်းသော်လည်း တပည့်တွေကို စေတနာတော်တော်ထားသည်။ ကျွန်တော်က ကျောင်းတွင် အာရဗီစာတော်သည့်အထဲပါသလို ဆရာ့အရိုက်လည်းခံရခဲပါသည်။ ကျွန်တော့်မှာ ကိုရ်အန်ကျမ်းစာကို ဂျောင်းဂျောင်းပြေးဖတ်တတ်နေပါပြီ။ အသံလည်းအောင်သဖြင့် တခါတလေ ဗလီမှာ ဇင်မို(ဝတ်ပြုရန်နိုးဆော်ရသူ) မရှိလျှင် အာဇန်(ဝတ်ပြုရန်ဖိတ်ခေါ်ခြင်း)ဝင်ဝင်ပေးရပါသည်။

 

ဒေါ်ဟလီမာက ဦးရှမ်းဘုတ်ကိုရည်မှန်းပြီး အိမ်တွင် ဖွာသေဟာ(အလှူ) ခဏခဏပေးသည်။ ကျွန်တော်တို့ အာရဗီကျောင်းသား/ကျောင်းသူတွေက သူ့အိမ်သွားပြီး ကိုရ်အန် တခသမ်ပြီး တခသမ်(တကျမ်းလုံးပြီးအောင် ရွတ်ဖတ်ခြင်း)ဖတ်ကြရသည်။  ဖတ်တိုင်းလည်း ထမင်းဟင်း သို့မဟုတ် ကြက်သားပရာတာတို့ အာလူးပူရီတို့ အဝကျွေးပါသည်။ သူလည်း ပဲခူးကို အချိုမှုန့်အတွက် ခဏခဏလာရသည်။ ကျွန်တော် ပျောက်နေကြောင်း အိမ်မှပြေးသွားကြောင်း သူ့လည်း အိမ်ကအသိပေးထားမည်ထင်ပါသည်။ နောက်လည်း ထောက်ကြန့်တို့မှော်ဘီတို့ ဘက်က အိမ်ကအသိတွေ ပဲခူးလာပြီး ဈေးဝယ်ကြတာတွေရှိသည်။ မတော် သူတို့နှင့်တိုးနေလျှင် ခက်မည်ဟု တွေးလိုက်သေးပါသည်။ ဘူတာထဲကထွက်လာသည်အထိ ဘယ်သူနှင့်မှမတိုးသဖြင့် တော်သေးသည်ဟုဆိုရမည်။ ညဘက်ဖြစ်နေတာလည်း ပါလိမ့်မည်ထင်ပါသည်။ 

 

နောက်တော့ ဆရာဝဏ္ဏက ပဲခူးတွင် နေ့ချင်းပြီး ၂ ပွဲပြမည်။ ပြီးလျှင် လှည်းကူးသို့ ကားဖြင့် ညနေဖက် ဆင်းမည်။ လှည်းကူးက သူ့အသိအိမ်တွင် တညအိပ်မည်။ လှည်းကူးတွင် မနက်တပွဲ နေ့လည်တပွဲပြပြီး ညနေကို ကျွန်းကလေးတွင်တပွဲပြပြီး အဲ့ညနေပဲ မှော်ဘီပြန်ကြမည်၊ ခုညတော့ ပဲခူးက သူ့အသိအိမ်တွင် ညအိပ်ကြမည် ဟုပြောပြီး ကျွန်တော်တို့ ဘူတာအနောက်ဖက်(ဟုထင်ပါသည်)သို့ လျှောက်လာခဲ့ကြပါသည်။ သူ့အသိအိမ်မှာ မီးမရှိပါ။ ခြံစည်းရိုးလည်းမရှိပါ။ တရပ်ကွက်လုံးလည်း မှောင်မဲနေပါသည်။ လမ်းမီးတိုင်ရှိနေ၍ တော်ပါသေးသည်။  အိမ်ရှေ့မှနေ၍ ကိုအောင်မြတ်ရေဟု အသံပြုလိုက်တော့ ဆရာနှင့်ရွယ်တူ သက်လတ်ပိုင်းအရွယ် လူတယောက် ထွက်လာပါသည်။ ဟာ..ဝဏ္ဏ ညကြီးမင်းကြီးကွာ၊ လာအထဲဝင်ဟုခေါ်သဖြင့် ကျွန်တော်တို့လည်း နောက်က ဝင်လိုက်လာခဲ့ကြပါသည် ကိုအောင်မြတ်မှာ ပဲဘူးကားဂိတ်တွင် ရှမ်းကျောက်ကင်းကောင်တို့၊ ခန္တီးအကြော အခြင်လိမ်းဆေးတို့ရောင်းသည်ဟုဆိုပါသည်။ တခါတလေ လင်းပိုင်ဆီရောင်းပြီး တခါတလေ သူများနှင့်တွဲကာ မျက်လှည့်လည်းပြပါသည်။ အိမ်မှာ ဝါးကပ်များအပြည့်ခင်းထားသည့် မြေစိုက်တဲဖြစ်ပြီး အထဲတွင် မီးခွက်တလုံး ထွန်းထားကာ တဲထောင့်တွင် အိပ်ယာခြင်ထောင်များရှိပါသည်။ ဖျာနှစ်ချပ်စာလောက်လွတ်နေသည့်နေရာတွင် ဖျာကြမ်းတချပ်ခင်းပေးကာ မင်းတို့အဲ့မှာအိပ်ကွာဟုပြောပီး လှည်းကျင်းပေးပါသည်။ ဘင်နှင့်မြွေသေတ္တာကို ခြေရင်းဘက်တွင်နေရာချပြီး ကျွန်တော်တို့ထိုင်ကြပါသည်။ ငတင့်ကတော့ ဖျာအစွန်းတွင်လှဲချလိုက်ပြီး မင်းကအလယ်ကအိပ်ဟုပြောပါသည်။ ဆရာနှင့်ကိုအောင်မြတ်တို့ စကားပြောနေကြတုန်း လှဲနေသည့် ငတင့်မှာ ခဏလေးနှင့် အိပ်ပျော်သွားပါသည်။ ငတင့်လိုနေဆိုသည်မှာ ဒါလည်းပါလိမ့်မည်ဟုထင်ပါသည်။ ကျွန်တော်က စောင်မပါခေါင်းအုံးမပါ ဝါးကပ်ပေါတွင် ဘယ်လိုအိပ်ရပါ့မလဲတွေးကာ စိတ်ပူနေပါသည်။ နောက်တော့ ဆရာတို့စကားဖြတ်ကာ ကျွန်တော်လည်း ဘေးတစောင်းခေါင်းချကာ လက်မောင်းကိုအုံးရင်း အိပ်ပျော်သွားပါသည်။ အိပ်ယာကနိုးတော့ တကိုယ်လုံးနာနေပါသည်။ နောက်ဖေးစဉ့်အိုးတွင် မျက်နှာသစ်ကြပြီးနောက် မြွေသေတ္တာတဘက် ဘင်ကြီးတဘက် အထုတ်တွေတို့လို့တန်းလန်းနှင့် ပဲခူးဈေးကြီးနားရောက်လာကြပါသည်။ 

 

ကျွန်တော်နှင့် ငတင့်အား လဘက်ရည်ဆိုင်မှ ပဲပြုပ်နံပြား တယောက်တချပ်ဝယ်ကျွေးပါသည်။ လဘက်ရည်တော့ မပါပါ။ ကျွန်တော်က စားရင်းနင်သလိုဖြစ်သော်လည်း ငတင့်မှာ အေးအေးဆေးဆေးစားနေပါသည်။ ဘာမှမဖြစ်ပါ။ ငတင့်လိုနေထဲမှာ ဒါလည်းပါမည်ထင်ပါသည်။ မျက်လှည့်ပြမည့်နေရာအနီးတွင် ဆိုက္ကားဂိတ်ရှိပြီး ဆိုက်ကားသမားတွေက ဆရာ့ကိုသိနေကြပါသည်။ ပြမည့်နေရာသတ်မှတ်ပြီးနောက် ဆရာက လဘက်ရည်ဆိုင်ထဲ ပြန်ဝင်သွားပါသည်။ ကျွန်တော်က ဘာမှမလုပ်တတ်သဖြင့် ယောင်နနဖြစ်နေရာ ငတင့်က ဒါကဒီလိုလုပ်၊ ဒါကဒီနေရာမှာထားဟု ပါးစပ်ကလည်းပြော လက်ကလည်းလုပ်ကာ အထားအသိုအခင်းအကျင်းများကိုပြပါသည်။ ကျွန်တော်ရှက်သလိုလိုလည်း ဖြစ်နေပါသည်။ ငတင့်ကတော့ လုပ်ရိုးလုပ်စဉ်အလုပ်တခုကို လုပ်နေတာထက်ဘာမှမပို။ မျက်နှာကလည်း ခတ်တည်တည်နှင့်။ ငတင့်လိုနေဆိုတာထဲမှာ ဒါလည်းပါပါလိမ့်မည်။ နောက်တော့ ဘင်ကြီးနောက်ဝင် ထိုင်ကာ တဒုန်းဒုန်း တချွမ်းချွမ်းတီးပါတော့သည်။

(ဆက်ပါဦးမည်)

0 comments:

Post a Comment