(ကညွှတ်ကွင်းအိမ်ပြေး ၃၁)
နောက်တော့ အဖေ့ အပြင်ခဏထွက်မယ်နော်ဟုပြောကာ တဲအပြင်ထွက်လာပါသည်။ အပြင်မှာ လရောင်ကြယ်ရောင်မှတပါး ဘာအလင်းမှမရှိပါ။ တဲထဲက မီးရောင်လက်လက်က နံရံအပေါက်ကလေးမှ ထွက်နေပါသည်။ ဟိုးအဝေးကြီး ပေတရာဘက်မှ ကားသံတွေ မီးဝင်းဝင်းတွေမြင်ရပါသည်။ ကျွန်တော် ကောင်းကင်ကိုမော့ကြည့်ပြီး အသက်တဝရှူလိုက်ပါသည်။ ပြီးတော့ တဖြည်းဖြည်းချင်းပြန်မှုတ်ထုတ်တာ သုံးလေးကြိမ်လောက် လုပ်လိုက်တော့ လူကပေါ့ပါးလန်းဆန်းသွားပါသည်။ ပုရစ်အော်သံလေးတွေ ကြားရပါသည်။ အမေကတော့ အဲ့ဒါနှံကောင်လေးတွေဟုပြောဖူးပါသည်။ လေသင့်လျှင် ရွာထဲဘက်ဆီမှ လော်စပီကာဖွင့်သံ ခတ်သဲ့သဲ့လေး တချက်တချက် ကြားရပါသည်။ ကျွန်တော် လယ်ကွင်းစပ်အထိဆင်းချသွားပြီး ဟိုတနေ့က စပါးနှံတွေပဲ ကြည့်မိပါသည်။ စပါးနှံတွေကို သိတ်သဲသဲကွဲကွဲမမြင်ရတော့။ စပါးရိပ်ချိန်ရောက်တော့မလားဟု ထင်မိပါသည်။ ကျွန်တော် စပါးရိပ်ချိန်အထိ အမေတို့အဖေတို့နှင့်အတူနေချင်ပါသည်။ အိမ်ကို လွမ်းသလိုလို၊ သူငယ်ချင်းတွေကို၊ ညီအကိုမောင်နှမတွေကို လွမ်းသလိုလိုလည်းဖြစ်ပြီး ရင်ထဲဆို့တက်လာပါသည်။
အပြင်တွင် ဘာရယ်မဟုတ်ဘဲ နာရီဝက်ခန့်နေပြီးပြန်ဝင်လာတော့ အဖေနှင့်အမေစကားပြောနေကြပါသည်။ ကျွန်တော်ဝင်လာတာမြင်တော့ စကားစဖြတ်လိုက်ကြပြီး အမေက သား လာပါဦးဟု အပြုံးနှင့်ခေါ်ပါသည်။ သိတ်မကြာခင် စပါးပေါ်တော့မယ်။ စပါးရိတ်ချိန်ကျ သိတ်ပျော်ဖို့ကောင်းတာ အမေတို့မှာ လယ်ပိုင်မရှိတော့ သူများလယ် သွားရိပ်တန်သလောက်ရိတ်ကြတယ်။ သူများ စပါးလှေ့တဲ့အခါ တလင်းနယ်တဲ့အခါလည်း သွားကူကြတယ်။ လူလေးသာဆို သိတ်ပျော်မှာ၊ အမေ မနက်ဖြန်ကျ မုန့်ဆန်းထောင်းမလို့၊ ရွာထဲသွားရမယ်ဟုပြောပါသည်၊ မုန့်ဆန်းလေးရရင်သားအမိတူတူ စားကြမယ်လေ၊ အိမ်မှာ အုန်းသီးလည်းရှိတယ်ဟု ဆက်တိုက် ပြောပါသည်။ သားအဖေလည်း မနက်ဖြန်ည စနိုက်သွားအုပ်မှာ လူလေးလိုက်သွားပေါ့ဟုပါ ပြောပါသည်။ ကျွန်တော်က မုန့်ဆန်းကို သိတ်စိတ်မဝင်စားလှသော်လည်း စနိုက်အုပ်သည်ကိုမူ အလွန်သိချင်နေပါသည်။
ထိုညက ကျွန်တော် တော်တော်နှင့်အိပ်မပျော်ပါ။ သေးလည်း လဏခဏထထပေါက်ပါသည်။ အမေလည်း ကောင်းကောင်းမအိပ်ပါ။ တလူးလူး တလွန့်လွန့်နှင့်နေပါသည်။ ကျွန်တော်က ဖက်လိုက်လျှင် သူပြန်ဖက်သော်လည်း လက်တွေက အားမရှိသလိုဖြစ်နေပါသည်။ ခါတိုင်းလို တင်းတင်းကျပ်ကျပ်မရှိပါ။ သက်ပြင်းချတာလိုလို အသက်ရှူ မဝတာလိုလိုအသံလည်း ထွက်ပါသည်။ အဖေကတော့ အရက်မသောက်ရလို့ မျက်လုံးကြောင်နေသည်ဟုဆိုတာ သူထိုင်နေကျနေရာလေးတွေင်ထိုင်ရင်း ငရှဉ့်ပုံးတလုံးထိုးနေပါသည်။
အဖေက ချောင်းစပ်နှင့် လယ်ကြားကမြောင်းမှာ ငါးရှဉ့်ထောင်သည်ဟု ပြောပါသည်။ ကျပ်ခိုးစင်နားတွင် ခတ်မဲမဲငါးရှဉ့်ပုံး ဆယ့်လေးငါးပုံးခန့် တွဲလောင်းဆွဲထားတာလည်းတွေ့မိပါသည်။ ငါးရှဉ့်ကျပ်တိုက်က သိတ်ချိုတာလူလေးရ ၊ ဂွေးသီးနဲ့ အစိုလေးများချက်ရင် ထမင်းမြိန်သလို ဒူလာလည်းကောင်းတယ်ကွဟု ပြောဖူးပါသည်။ ဒူလာဘာမှန်း ကျွန်တော်မသိသော်လည်း ဗမာဆေးကြော်ငြာများတွင် တွေ့ဖူးပါသည်။ ခြောက်စပ်ကလေးများ ကြော်စားလည်း ဖားတို့ ကြွက်တို့ထက် အချိုလေးတယ်ကွဟုလည်း ပြောဖူးပါသည်။ ကျွန်တော်လည်း အဖေပြောသဖြင့် ငါးရှဉ့်ကို စမ်းစားကြည့်ချင်နေခဲ့ပါသည်။
ကျွန်တော် အိပ်မပျော်သဖြင့် အဖေ့နားလာပြီး ငါးရှဉ့်ပုံးထိုးနေတာကို အနီးကပ်ကြည့်ပါသည်။ အဖေက ကျွန်တော့် နဖူးဆံစပ်ကို သူ့လက်ကြမ်းကြီးဖြင့်ပွတ်သပ်ပေးရင်း လူလေး အိပ်မပျော်ဘူးလား၊ မုန့်ကြွပ်တွေကျန်သေးတယ် စားမလားဟုမေးပါသည်။ ကျွန်တော် မစားချင်ကြောင်းပြောပြီး အဖေ့နားခဏထိုင်နေပါသေးသည်။ နောက်တော့ အိပ်ချင်လာသဖြင့် အိပ်ယာထဲပြန်ဝင်ပါသည်။ အမေက ကျွန်တော့်ကို ခတ်ဖွဖွလေးဖက်ထားပြီး အိပ်ပျော်သွားပါသည်။ ကျွန်တော်လည်း အိပ်ပျော်သွားပါသည်။ အိပ်မက်ထဲမှာ ကျွန်တော်က မျက်လှည့်ဝိုင်းတဝိုင်းတွင် ဘင်ထုသည့် ကောင်လေးဖြစ်နေပါသည်။ အိပ်မက်ထဲတွင်အလွန်ပျော်ပြီး လန့်နိုးတော့ အတော်ဝမ်းနည်းသွားပါသည်။ ထို့နောက် မပျော်တချက်ပျော်တချက်နှင့် လင်းအားကြီးချိန်ပါသည်။ အမေထတော့ ကျွန်တော်နိုးနေတာဖြစ်သည်။ လေသံလေးဖြင့် သား..နိုးနေပြီလား။ အစောကြီးရှိသေးတယ်ပြန်အိပ်ဟုပြောပြီး သူ့စောင်ပါ ကျွန်တော့်ကိုယ်ပေါ် ထပ်ခြုံပေးပါသည်။ ကျွန်တော် မအိပ်ချင်တော့ဘူးဟုပြောကာ စောင်ပုံထဲကထွက်ပြီး အမေ့နောက်လိုက်ခဲ့ပါသည်။
အပြင်မှာ မြူတွေအတော်ကျနေသလို အေးလည်းအလွန်အေးပါသည်။ ကျွန်တော်က အဖေ့ပုဆိုးတထည်ယူပြီး ခြုံထားပါသည်။ သွားတိုက်မျက်နှာသစ်ပြီးနောက် အမေက သား..ချမ်းနေပြီလားဟုမေးရင်း မီးမွှေးပြီး ရေနွေးကြမ်းတအိုးအရင်တည်ပါသည်။ နောက်တော့ အိုးထဲ အေးနေသည့်နွားနို့လက်ကျန်ကို ထန်းလျှက်နှင့် ကျိုပါသည်။ နို့ကျိုနေတုန်း ထမင်းကြမ်းကို ဆားဆနွင်းဖြူးပြီး ခတ်ဖွဖွနယ်ပါသည်။ မိးဖိုပေါ်မှနို့တွေ ပွက်ပွက်ဆတော့ ဘေးချပြီး ဒယ်အိုးတင်ပါသည်။ ဒယ်အိုးထဲ ဆီ ပါလေကာမျှထည့်ပြီး ဆီကျက်တော့ ခုန နယ်ထားသည့် ထမင်းကြမ်းတွေ လောင်းထည့်ပြီးမွှေပါသည်။ ကျိုပြီးသား နို့ကို ခွက်ထဲထည့်ကာ ကျွန်တော့်ကိုလှမ်းပေးရင်း သား..ဖြည်းဖြည်းမှုတ်သောက်လိုက်ဟုပြောပါသည်။ အမေ ဇယ်ဆက်သလိုလုပ်နေတာကို ကျွန်တော်က မီးလှုံရင်း ပုဆိုးခြုံထဲမှကြည့်နေပါသည်။ နွားနို့ခွက်က လက်ထဲမှာနွေးနေပါသည်။ ထမင်းကြော်ကိုလှော်ပေးရင်း သား..အိပ်မပျော်ဘူးလားဟုမေးပါသည်။ ဟုတ်ကဲ့ဟု တလုံးဖြေပြီး ကျွန်တော့်မှာ စကားမရှိသလိုဖြစ်နေပါသည်။
အမေမနက် နို့သွားပို့ရင် သား လိုက်ဦးမလားတော့ ကျွန်တော်က ချက်ခြင်းပင် လိုက်မှာပေါ့အမေရဟု ဖြေလိုက်ပါသည်။ ကျွန်တော့်ကိုမကြည့်ပဲ သားပင်ပန်းတယ်။ အမေတယောက်တည်းလည်း ရပါတယ်ဟုပြောပြီး ရပ်သွားပါသည်။ ကျွန်တော်က မဖြစ်မနေလိုက်ချင်နေသည်။ ဟိုမျက်လှည့်ဝိုင်းကို ကြည့်ချင်နေသည်။ ဘင်ထုသည့် ကောင်လေးကိုတွေ့ပြီး စကားပြောချင်နေပါသည်။
ဆက်ပါဦးမည်။
0 comments:
Post a Comment