(ကညွှတ်ကွင်းအိမ်ပြေး ၂၁)
သည်လိုနှင့် အိပ်ချိန်ရောက်လာပါသည်။ အဖေလည်း ရေချိန်ကိုက်နေပါပြီ။ မိခရေ ထမင်းခူးကွာဟု လျှာလေးအာလေး ကြီးဖြင့်ပြောသော်လည်း မနေ့ကလိုတော့ ခြေလွတ်လက်လွတ် မမူးပါ။ သူ့ကိုယ်သူ ဟန်နိုင်ပါသည်။ အမေ ခူးခပ်ကျွေးတာတွေကို အဖေက အားရပါးရစားသည်။ ကြွက်ကြော်တွေလည်း တကျွပ်ကျွပ်ဝါးသည်။ ထို့နောက် လက်ဆေးပြီးထကာ ရေနွေးကြမ်းတအိုးနှင့် ဆေးလိပ်ဖွာနေသည်။ ကျွန်တော်က အဖေတို့အကြောင်းများ ဆက်ပြောဦးမလားဟု စိတ်စောနေချိန်တွင် အဖေက လူလေးကို နောက်ကျမှအဖေတို့အကြောင်းတွေပြောပြမယ်ဟု ဆိုကာ စကားစဖြတ်ပစ်လိုက်ပါသည်။ အဖေ့ကြည့်ရသည်မှာ သိတ်ပြောချင်ဟန်မရှိဟုထင်ပါသည်။ အမေကတော့ ဘာတခွန်းမှ ဝင်မပြောပါ။
အိပ်ချိန်ရောက်တော့ ကျွန်တော်က သူတို့နှစ်ယောက်ကြားမှာ။ ထုံးစံအတိုင်း အဖေ့ပါးစပ်က အရက်နံ့ နံပါသည်။ ဒီလောက်နံတဲ့အရက်ကို အဖေ ဘာကြောင့်များ သောက်နေရသလဲဟုတွေးမိပါသည်။ ဒီညတော့ အမေ ကျွန်တော့်ကို မဖက်တော့ပါ။ ကျွန်တော် တော်တော်နှင့် အိပ်မရပါ။ ဟိုဘက်လူးလိုက် ဒီဘက်လူးလိုက်နှင့် အိမ်ကိုသတိရနေပါသည်။ ငါ မှားများမှားပြီလားဟုလည်း တွေးမိပါသည်။ အမေ ဒီအချိန်ဆို ဘာလုပ်နေမလဲဟုလည်း တွေးမိပါသည်။
ကျောင်းနေဘက်သူငယ်ချင်းတွေထဲမှာ ဌေးဝင်းကို ထူးထူးခြားခြား သွားသတိရနေသည်။ ဌေးဝင်းနှင့်ကျွန်တော်က ကျွန်တော်တို့အိမ်နောက်က ကိုထွေးမောင်နှင့်အတူ ကန်တွင်း(လှော်ကားကန်)ထဲ ငါးအတူမျှားနေကျဖြစ်သည်။ ကိုထွေးမောင်ကြီးက မှော်ဘီ-ရန်ကုန်ဘာ့စ်ကားမောင်းသည်။ သူ့မိန်းမ မမြဝင်းမှာ အလွန်သဘောကောင်းသော်လည်း စကားများသည်။ ကိုထွေးမောင်ကြီးက ကွမ်းအလွန်စားပြီး စကားပြောလျှင်လည်း ဟောင်ဖွာဟောင်ဖွာနှင့်နေသည်။ သူများအကြောင်းဆို အကောင်းပြောခဲသည်။ သို့သော် ငါးအတူသွားမျှားလျှင် ကျွန်တော်တို့ကို အမြဲညှာသည်။ ငါးဆွဲသည့်နေရာတွေ့လျှင် ဟေ့ကောင်တွေလာလာဟု ခေါ်တတ်သည်။ ငါးဖယ်မျှားချင်လျှင် ငါးဖယ်စာရွက်တွေ ခူးပေးသည်။ ရေ ရင်ခေါင်းလောက်တွင် ထိုင်မျှားရန် လေးတိုင်စင်ဆောက်ပေးသည်။ ဖွဲနုအပိုနှင့် ငါးစာအပိုတွေလည်း ဆောင်လာတတ်သည်။ ထမင်းထုတ်ကြီးလည်းပါပြီး ကျွန်တော်တို့ကို ခွဲကျွေးသည်။ ကျွန်တော့်ကိုလည်း ချစ်သည်။ နံမည်ရင်း ဘယ်တော့မှမခေါ်၊ ချစ်တူး ချစ်တူးဟုသာ ခေါ်သည်။ ခုလောက်ရှိ ကျွန်တော့်အကြောင်း ပြောနေလောက်ပြီ ထင်သည်။
ကျွန်တော်အတွေးတွေနှင့်အိပ်မပျော်သလို အမေလည်း အိပ်ပျော်ပုံမရပါ။ သား.. ဘာတွေတွေးနေလဲ၊ အိပ်တော့လေ မနက်ကျရင် နင့်အဖေနဲ့ ကြွက်လိုက်သွားရမှာမဟုတ်လားဟု ပြောပါသည်။ ဟုတ်ကဲ့ဟုပြောရင်း အဖေ့ဘက် စောင်းလိုက်တော့ နွားမီးဖိုက ထင်းတွေမီးလောင်ပြီး မီးပန်းဖွားလေးတွေတက်လာတာကို မြင်နေရသည်။ ပိုးစုန်းကြူးလေး သုံးလေးကောင်ကို လက်လက်လက်လက်နှင့်တွေ့ရသည်။ နောက်တော့ကျွန်တော်လည်း အိပ်ပျော် သွားပါသည်။
အဖေက လူလေးထထဟုနိုးမှ ကျွန်တော်နိုးလာပါသည်။ မိုးက ကောင်းကောင်းမလင်းသေးပါ။ တဲတံခါးကိုကြည့်တော့ မြူတွေပိတ်နေပါသည်။ နည်းနည်းလည်း အေးပါသည်။ အမေက မီးဖိုချောင်တွင် တကုပ်ကုပ်နှင့်အလုပ်ရှုပ် နေပါသည်။ အဖေက ထ လူလေး၊ မျက်နှာသစ်လိုက်၊ ပြီးရင် ကြွက်လိုက်သွားမယ်ဟုပြောသဖြင့် ပလုပ်ကျင်းကာ မျက်နှာသစ်လိုက်ပါသည်။ နောက်တော့ ကျွန်တော့်ကိုယ်ပေါ် အဖေ့ တိုက်ပုံအဟောင်းကြီးထပ်ပေးပါသည်။ တိုက်ပုံကြီးတွင် အနံ့တမျိုးရှိပါသည်။ မိခ ရေ တို့သွားမယ်ဟေ့ဟုဆိုပြီး နှစ်ယောက်သားအပြင်ထွက်လာကြပါသည်။ ရှေ့ ဆယ်ပေလောက်သာမြင်ရပြီး မြူခိုးတွေနှင့် ဝေဝေဝါးဝါးဖြစ်နေပါသည်။ နှစ်ယောက်သား တောစီးဘုကြီးတွေနှင့် ဖြစ်ပါသည်။
ပထမဆုံး အဖေမနေ့ညနေကထောင်ခဲ့သည့် နောက်ဆုံးလယ်ညှပ်ဆီ သွားကြပါသည်။ လယ်ညှပ်မောင်းလည်း မပြုတ်သလို ကြွက်လည်းမိမနေပါ။ အဖေက ဘာမှမပြောလဲ လယ်ညှပ်ကို အသာအယာမောင်းချကာ ကျွန်တော့်ကို ပေးပါသည်။ ဒုတိယလည်ညှပ်ကျတော့ ကြွက်အကြီးကြီးတကောင် မိနေပါသည်။ ကြွက်ကြီးမှာ တောင့်ပင် တောင့်နေပါပြီ။ အဖေက ဒီကောင် အထွက်မှာမိတာကွဟုပြောပြီး ကြွက်ကိုဖြုတ်ကာ လွယ်အိတ်ထဲထည့်ပြီး နောက်လည်ညှပ်ဆီ သွားကြပါသည်။ ဤသို့ဖြင့် လည်ညှပ်တွေ တချောင်းပြီးတချောင်းဖော်လာလိုက်ရာ နောက်ဆုံး တချောင်းလည်းဖြစ် တဲနှင့်အနီးဆုံးနေရာလည်းဖြစ်ဆီသို့ ပြန်ရောက်လာကြပါသည်။
ကျွန်တော့် တောဘုကြီးတခုလုံးလည်း နှင်းတွေစိုရွှဲနေပါသည်။ ကျွန်တော့်ခေါင်းလည်း မြူတွေထိပြီး အေးစက်စက် စိုတိုတိုဖြစ်နေပါသည်။ နှာတချက်ချေတော့ အဖေက အင်း...လူလေးတော့ အအေးမိတော့မှာပဲဟုပြောကာ ခေါင်းကို ပွတ်ပေးပါသည်။ တဲပြန်ရောက်သည်အထိ နှင်းမကွဲသေးပါ။ အမေကတော့ ထမင်းကြော်အိုးနှင့် ရေနွေးကြမ်းအိုးတို့ကို ခုံပေါ်တင်ထားပါသည်။ အဖေက ဒီနေ့တော့ အတော် ထိတယ်ဟ၊ ဆယ့်လေးကောင်လောက် ရခဲ့တယ်ဟုပြောပြီး လွယ်အိတ်လေးလေးပင်ပင်ကြီးကို ပစ်ချလိုက်ပါသည်။ အမေကလွယ်အိတ်ကြီးသွန်ချရင်း ဟုတ်ပါ့... အကောင်ကြီးတွေချည်းပဲဟု အားရဝမ်းသာဆိုပါသည်။
0 comments:
Post a Comment