Friday, February 3, 2023

ကညွှတ်ကွင်း အိမ်ပြေး ၁၂

0 comments

(ကညွှတ်ကွင်း အိမ်ပြေး ၁၂)

အဖေ နွားစာကျွေးရင်း နွားစာပါစဉ်းလိုက်ဦးမယ် လူလေးပျင်းရင် အိပ်နေဟုပြောပါသည်။ ကျွန်တော်လည်း နွားစာစဉ်းတာကြည့်ချင်တယ်အဖေ့ဟုပြောပြီး အဖေ့နောက်ကလိုက်ကာ တဲအပြင်ထွက်ခဲ့ပါသည်။ တဲအစွန်နှင့် ဆယ့်ငါးကိုက်လောက်တွင် လူကြီး ၂ ရပ်စာလောက် ကောက်ရိုးပုံကြီးရှိပါသည်။ နွားလံသည့် လံစင် ၃ ခုလည်း ကြိုးတန်းလန်းတွေနှင့် တွေ့ရပါသည်။ နွားလံစင်ဆိုသည်မှာ အဖေပြောပြ၍သိရပါသည်။  အနားတွင် ရေအပြည့် တိုင်ကီပိုင်းပြတ်တခုနှင့် အင်တုံကြီးတလုံးလည်း တွေ့ပါသည်။ ထိုနေရာတွင် မြေကစိုစိစိနေပါသည်။ အဖေက ကောက်ရိုးတွေကို အပုံခြေမှဆွဲဆွဲနှုတ်ပြီး ပုံထားပါသည်။ ထိုနောက် အုန်းနှဲပင်လေးအောက်သွားကာ ဓားစက်နှင့် စဉ်းပါသည်။ 

 

ဓားစက်မှာ တရုတ်ဓားလို ဓါးအကြီးကြီးတချောင်းကို သစ်သားခုံတခုပေါ်တွင် ဘေးနှစ်ဘက်မှညှပ်ကာ အပေါ်က ဝါးတန်းဖြင့်ဆိုင်း၍ ဓားအရိုးကို ဆိုင်းကြိုးနှင့်တွဲထားပါသည်။ ထိုဓါးကြီး၏ အဖျားစွန်းတွင် အပေါက်ပါပြီး ထိုအပေါက်မှ နောက်ကြိုးတချောင်းဖြင့် အောက်ကဝါးလုံးတန်းကို ချည်ထားပါသည်။ ထိုဝါးလုံးတန်းကို ခြေဖြင့် စည်းချက်ကျကျနင်း၊ ဓားအရိုးကိုလက်ဖြင့်ထိန်းဖိ၊ ကောက်ရိုးများမြက်များကို ဘေးမှထိုးထိုးထည့်ပြီး အောက်မှခြေဖြင့်နင်းကာ တဂျွိဂျွိဖြင့် စဉ်းရပါသည်။ စက်လည်းမပါဘဲ ဓားစက်ဟုခေါ်သဖြင့် ကျွန်တော် အံ့ဩရပါသည်။ အဖေကောက်ရိုးစဉ်းတာကိုကြည့်ရသည်မှာ စည်းချက်ကျကျ ကနေသည်နှင့်တူပြီး စမတ်လည်း အလွန်ကျသည်ဟု ကျွန်တော်ထင်ပါသည်။ အဖေ့ ကျွန်တော်လည်း လုပ်ကြည့်ချင်တယ်ဟုပြောတော့ မလုပ်နဲ့လူလေး ဓားက မြိနေတာ မတော်လက်ပြတ်သွားမယ်ဟုပြောပြီး လုပ်ခွင့်မပေးပါ။ ဒါနှင့်ကျွန်တော်လည်း အဖေစဉ်းပြီး ကျလာသည့် ကောက်ရိုးအပိုင်းပြတ်များကို ဘေးကခြင်းကြားကြီးထဲ ဖိ၍ထိုးထည့်ပါသည်။ အဖေက ပြုံးပြုံးကြီးကြည့်ရင်း လူလေးက အားကိုးရသားပဲကွဟုလည်း ပြောပါသည်။

 

ထို့နောက်အဖေက စဉ်းပြီးသား ကောက်ရိုးများကို စည်ပိုင်းပြတ်ထဲကရေနှင့်ဖျန်းပြီး ခြင်းကြားကြီးထဲ ပြန်ထည့်ပါသည်။ နောက်တော့ ခြင်းကြားကြီးကို ကျွန်တော့်အားလှမ်းပေးရင်း လူလေး နိုင်လားကွဟုမေးပါသည်။ ရေစက်လက်နှင့်ခြင်းကြားကြီးအား မကြည့်ရာ အတော်လေးသော်လည်း ကျွန်တော်နိုင်ပါသည်။ အဖေက အင်တုံကြီးကို ယူပါသည်။ ထို့နောက် ကျွန်တော်တို့ နွားစားခွက်ရှိရာသို့လာကြပါသည်။ စားခွက်ထဲတွင် ဘာမှမရှိပါ။ နွားတွေက ကျွန်တော်တို့ကို မြင်တော့ ဘဲဘဲနှင့်အော်ပါသည်။ သူတို့က ကျွန်တော်တို့အားနှုတ်ဆက်သည်ထင်ပြီး အလွန် သဘောကျသွားပါသည်။ သည်တော့မှ တင်းကုပ်ထဲမှာ နွားပေါက်စလေး ၂ ကောင်ရှိမှန်း သိလိုက်ရပါသည်။ နွားလေးတွေမှာ ရွယ်တူလေးတွေဖြစ်ပြီး သေးသေးလေးတွေဖြစ်ပါသည်။ ပဲပဲ ပဲပဲနှင့် အော်လိုက် ခုန်လိုက်ပေါက်လိုက် လုပ်နေတာတွေ့ရသဖြင့် ကျွန်တော်ပို၍ပျော်သွားပါသည်။ 

 

ထိုအချိန်တွင် ကောက်ရိုးတွေမှာလည်း ရေစက်လက်မနေတော့ပါ။ အဖေက ကောက်ရိုးတွေကို နွားစားခွက်ထဲအကုန် လောင်းချပြီး လက်ဖြင့် လိုက်ညှိနေပါသည်။ ထို့နောက် အင်တုံကြီးထဲမှ ခတ်ပျစ်ပျစ်အရာတွေကို ကောက်ရိုးတွေ အပေါ် လိုက်လောင်းပါသည်။ အဖေ့ အဲ့ဒါ ဘာတွေလဲဟုမေးတော့ နဗတ်ဟုပြောပါသည်။ ကျွန်တော်က နဗတ်ဆိုတာ ဘာလဲအဖေဟုထပ်မေးတော့ ပြုံးပြီး နှမ်းဖတ်ကိုခေါ်တာ လူလေးရ၊ အဲ့ဒီနဗတ်ကို ညကတည်းက ရေစိမ်ထားရတယ်၊ မနက်ကျရင် သူကနူးပြီး ပျော့သွားတာ၊ အဲ့ဒါကို ကောက်ရိုးနဲ့နယ်ပြီး နွားကျွေးရတယ်၊ ဒါဆို နွားတွေ အားရှိပြီး နို့ထွက်ကောင်းတာပေါ့ဟု ရှည်ရှည်လျားလျားရှင်းပြပါသည်။ 

 

နဗတ်နံ့မှာ မွှေးသလိုလိုရှိပါသည်။ အဲ့ဒီ နဗတ်ကို ခုလိုရေစိမ်ပြီး အချဉ်ဖောက်လိုက်ရင် နဗတ်ချဉ်ရတယ်ကွ၊ နဗတ်ချဉ်ကို ဆီစိမ်းလေး၊ ကြက်သွန်စိမ်းလေး၊ ငရုပ်စိမ်းလေး၊ အချိုမှုန့်လေးထည့် ရှမ်းနံနံလေးအုပ်ပြီး သုတ်လိုက်ရင် တယ်စားကောင်းတာ လူကလေးရဟုလည်း တဆက်တည်းပြောပါသည်။ ကျွန်တော် ထိုအချိန်ထိ နဗတ်ချဉ်ကို မြင်လည်းမမြင်ဖူး စားလည်းမစားဖူးပါ။ သို့သော် နွားစားသဖြင့် မသတီသလိုတော့ ဖြစ်မိပါသည်။ 

 

စားခွက်ထဲကအစာကို နွားတွေက သူ့ထက်ငါအလုအယက်စားနေကြတာကြည့်ပြီး ကျနော့် အထက်က အကိုနှစ်ယောက်နှင့် အောက်က ညီ ညီမတွေကို သတိရမိ၏။ ကျွန်တော်တို့ နေ့လည်စာ အဆာပြေ မုန့်စားကြသည့်အခါ အမေက ဝေပုံကျစနစ်ဖြင့်ပေးသော်လည်း သူ့ဟာကိုယ့်ဟာ အရင်ကုန်အောင်မြန်မြန်စားပြီး အမေ့ဝေစုထဲမှ နည်းနည်းထပ်ရရန်မျှော်ကြပါသည်။ အမေကလည်း သူ့ဝေစုထဲမှ နည်းနည်းနည်းစီ ခွဲခွဲ ပေးတတ်ပါသည်။ သို့သော် ထိုသတိရမှုသည် ခဏသာခံပြီး မေ့သွားပါသည်။ ကျွန်တော်ပျော်နေပါသည်။

 

နွားနို့အုံကြီးတွေမှာ ပြောင်တင်းနေပါသည်။ သူများတွေက အစာမကျွေးခင် နွားနို့ညှစ်ကြပေမယ့် အဖေကတော့ နွားတွေအစာဝမှ ညှစ်တာကွ၊ နွားတွေလည်း အစာဝနေတော့ နို့ညှစ်ခံရတာ စိတ်ချမ်းသာတာပေါ့ဟုပြောပါသည်။ နွားတွေစိတ်ချမ်းသာမသာကို ကျွန်တော်မသိသော်လည်း အဖေသိသည်မှာ အံ့ဩဖို့ကောင်းပါသည်။ ထိုနောက် သစ်သားတုံးကြီးကိုထွင်းထားသည့် နွားသောက်ရေခွက်ထဲလည်း ရေဖြည့်ပါသည်။ 

 

အဖေသည် သူ့နွားတွေကို တော်တော်ချစ်ဟန်တူပါသည်။ နွားတွေအစာစားနေခိုက် ကျွတ်ကျွတ်ကျွတ်ကျွတ်နှင့် စုပ်သပ်ရင်း ပွတ်သပ်ပေးလိုက် ဘာမှန်းမသိသည့်အရာလေးတွေကို ကိုယ်ပေါ်မှနှုတ်ပေးလိုက်နှင့်နေပါသည်။ အဖေခဏနေရင် နွားနို့ညှစ်မယ် လူလေးကြည့်မလားဟု မေးပါသည်။ 

0 comments:

Post a Comment