Wednesday, February 8, 2023

ကညွှတ်ကွင်းအိမ်ပြေး ၂၃

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၂၃)

အိမ်ပြန်ရောက်တော့ အဖေ နွားနို့ညှစ်ပြီးပါပြီ။ နှီးထိုင်ထိုးနေတာတွေ့ရပါသည်။ ဝါးလေးတွေကို ခြမ်းလိုက်စိတ်လိုက် လွှာလိုက်နှင့် အဖေနှီးထိုးနေပုံမှာ အလွန်ကြည့်ကောင်းသည်ထင်ပါသည်။ ဘာကြောင့်မှန်းတော့ မသိပါ၊ တင်ပုလင်ခွေ ထိုင်နေသည့်အဖေ့မှာ ပုဆိုးကို ဒူးတွေပေါင်တွေပေါ်သည်အထိ လိပ်တင်ထားပါသည်။ အဖေ့ပေါင်တွင် ကြောင်တက် ကြောင်ဆင်း နှစ်ကောင်ထိုးတာတွေ့ရပါသည်။ နောက်ပြီး စာတွေလည်းရေးထားပါသည်။ ကျွန်တော် မဖတ်တတ်ပါ။ 

 

အဖေ ငယ်ငယ်က သိုင်းသင်ခဲ့တာကွ။ လက်ထောက်ဆရာဖြစ်တဲ့အထိပဲ။ အဲ့ဒါတွေက အဲ့ဒီတုန်းက ပွဲပေးရင်း ထိုးရတာတွေလေဟုပြောပြီး လက်မောင်းတွေလည်း လိပ်တင်ပြပါသည်။ လက်မောင်းတွင်လည်း ဆေးမင်ကြောင်တွေ တွေ့ပါသည်။ ကျွန်တော်က အဖေ ခုရော သိုင်းတတ်သေးလားဟုမေးတော့ သိုင်းက တခါတတ်ထားရင် မေ့တော့ မမေ့တေ့ဘူးပေါ့ လူလေးရာ၊ ဒါပေမယ့် အမြဲလေ့ကျင့်နေရတာကွ၊ အဖေ မလေ့ကျင့်တော့တာ မင်းအမေနဲ့ အကြောင်းပါကတည်းကပဲဟု ဖြေပါသည်။ လာပြန်ပြီ ကျွန်တော်မသိသည့်စကားလုံး။ အကြောင်းပါသည်တဲ့။ မေးမလို့လုပ်နေရင်း ကျွန်တော် မမေးချင်တော့။ လှဲချင်လာသည်။ ကိုယ်တွေလက်တွေနာသည်။ ခေါင်းလည်း ကိုက်ချင်လာသည်။ ချမ်းလည်း ချမ်းလာသည်။ အဖေ ကျွန်တော် ခဏသွားအိပ်လိုက်ဦးမယ်ဆိုမှ အဖေက လူလေး မျက်နှာတွေလည်း ရဲတွတ်နေတာပဲ မိခ၊ ကလေး အအေးမိပြီထင်တယ်ဟု မီးဖိုချောင်ဘက် လှမ်းအော်ပါသည်။ ကျွန်တော်နဖူးကိုလည်း စမ်းသည်။ ပြီးတော့ သေချာတယ်ဟေ့ လူလေးဖျာတာဟုပြောပါသည်။

 

အမေလည်း အပြေးအလွှားရောက်လာကာ ကျုပ်ထင်သားပဲ ဈေးထဲမှာတည်းက ကလေးမျက်နှာတွေရဲနေတာဟု ပြောပြီး အဖေ့ကို မျက်စောင်းတချက်ခဲပါသည်။  လာသား မပူနဲ့၊ အမေ့မှာဆေးရှိတယ်၊ အမေဆေးတိုက်မယ်ဆိုကာ မီးဖိုချောင်ဘက် ပြန်ဝင်သွားပါသည်။ ကျွန်တော်လည်း အိပ်ယာထဲဝင်ကာ ခွေနေပါသည်။ အဖေက လူလေးရ ဒီအချိန်မှာ ရေနွေးပူပူလေး မှုတ်သောက်လိုက်ရင် ကောင်းတယ်ကွ၊ ချွေးထွက်တာပေါ့၊ သောက်မလားဟုမေးကာ တခွက်ယူလာပါသည်. ကျွန်တော် ရေနွေးမသောက်တတ်ပါ။ အိမ်တွင်လည်း မိဘများက သောက်လေ့မရှိသဖြင့် ဘယ်သားသမီးမှ ရေနွေးသောက်အလေ့မရှိကြပါ။ သို့သော် ကျွန်တော် ယခု သောက်ချင်နေပါသည်။ အဖေ့အသံကြောင့်လည်း ဖြစ်မည်ထင်ပါသည်။ 

 

ရေနွေးပူပူကိုကျွန်တော်ဖျားတာကိုလည်း ရှက်သလိုဖြစ်နေပါသည်။ မနေ့က သံပုယိုဆူးထိုးသည်။ ဒီနေ့တခါ ထပ်ဖျားသည်။ ကျွန်တော်သည် လူနုလူပျော့တယောက်ဖြစ်နေသည်။ အသက်ကြီးသည့်အဖေက ဘာမှမဖြစ်ရ ကျွန်တော်ကပဲ တခုပြီးတခုဖြစ်နေသည်။ အဖေတို့ကို အားလည်းနာမိသည်။

 

အိမ်မှာဆိုလျှင် အမေက ဘာ့စ်ပရိုတို့ အေပီစီတို့ တိုက်မည်။ ဆေးသောက်ဖို့ ကော်ဖီဖျော်ပေးမည်။ ချောင်းဆိုးလျှင် ကော်မက်သာဇင်တိုက်မည်။ ရေနွေးအိတ်ကလေး စောင်ခြုံထဲထိုးကာ နွေးနေအောင်ထားမည်။ နို့ဆန်ပြုတ် လုပ်တိုက်မည်။ ချွေးတွေသိတ်ထွက်လာလျှင် သဘက်ကြီးဖြင့်သုတ်ကာ ရေစိုအဝတ်လေးနှင့် ရေပတ်တိုက်ပေးမည်။ ကျောင်းဖွင့်ရက်တွေဆို ကျောင်းကိုခွင့်တိုင်ပြီး အိမ်မှာပဲနေစေမည်။ ခုတော့ အဲ့ဒါတွေဘာတခုမှမရှိဟုတွေးပြီး စိတ်ထဲတမျိုးကြီး ဖြစ်လာပါသည်။ အမေနှင့် အမကြီးကို အလွန်အောက်မေ့မိပါသည်။

 

ထိုအချိန်၌ လက်ထဲတွင် အငွေ့တထောင်းထောင်းထနေသည့် ပန်းကန်လုံးတလုံးနှင့်အတူ အမေခ အနားသို့ ရောက်လာပါသည်။ လူလေး ထထ၊ အမေ ကွမ်းရွက်လေးပြုပ်လာတယ်၊ ကွမ်းရွက်ပြုပ်ရည်လေးနဲ့ ဆရာမောင် ဆေးနီမှုန့်လေး သောက်လိုက်၊ သက်သာသွားမယ်ဟုပြောကာ လက်ထဲက ဆေးမှုန့်ထုတ်ကလေးကိုဖေါက်ပြီး ဇွန်းထဲ ထည့်ကာ ကျွန်တော့်ကိုပေးပါသည်။ ဆေးမှုန့်မှာ နီရဲရဲနှင့် သစ်မြစ်စော်နံပါသည်။ လက်ဖျားတံတွေးဆွတ်ပြီး တို့ကြည့်တော့လည်း အရသာက လျှက်ဆားလို မဟုတ်ပါ။ ပေါ့ရွှပ်ရွှပ်ကြီးဖြစ်ပါသည်။ အမေက ကွမ်းရွက် ပြုပ်ရည်တွေကို တဖူးဖူးမှုတ်ပေးနေပါသည်။ ကွမ်းရွက်ပြုတ်အနံ့မှာ အလွန်ဆိုးသည်ဟု ထင်ပါသည်။ 

 

ကျွန်တော် မသောက်ချင်ပါ။ သို့သော် သောက်ရပါမည်။ အမေတို့စိတ်ချမ်းသာအောင်ရော ကျွန်တော့်အဖျား ပျောက်ရန်ရောဖြစ်ပါသည်။ ဒါနှင့် နှာခေါင်းပိတ်ပြီး ဆေးမှုန့်တွေကို ပါးစပ်ထဲသွန်ချလိုက်ပါသည်။ နောက်တော့ နံနံစော်စော် ကွမ်းရွက်ပြုပ်ရည်တွေနှင့် မျှောချလိုက်ပါသည်။ ဆေးမှုန့်တွေလည်ချောင်းကပ်ကာ ကျွန်တော် တဟွတ်ဟွတ်သီးသွားပါသည်။ အမေက ကျွန်တော့်ရင်ဘတ်ကိုဖိကာ ကလူကလူ ကလူကလူဟုပြောပါသည်။ ဘာလို့ အဲ့သလိုလုပ်ပေးတာမှန်းကျွန်တော်မသိသော်လည်း သက်သာသလိုဖြစ်သောကြောင့် ကျွန်တော်ကြိုက်ပါသည်။ 

 

အဖေက လူလေး ခဏလှဲနေလိုက်ဟုပြောကာ သူ့စောင်ပါရော၍ စောင်နှစ်ထပ်ခြုံပေးပါသည်။ အမေက သား...အိပ်ယာထဲမှာပဲနေ။ တခုခုဖြစ်ရင် နင့်အဖေပြော၊ ဗိုက်ဆာလည်းပြော၊ အမေ နို့သွားပို့လိုက်ဦးမယ်ဆိုကာ ထွက်သွားပါသည်။ အဖေက လူလေး အဖေနှီးထိုးနေမယ်၊ တခုခုဖြစ်ရင်ပြောဆိုပြီး သူ့နေရာသူ သွားပါသည်။ ကျွန်တော်လည်း မှိန်းနေရာမှ မှေးကနဲအိပ်ပျော်သွားပါသည်။

0 comments:

Post a Comment