(ကညွှတ်ကွင်းအိမ်ပြေး ၄၁)
ဘူတာရုံရောက်တော့ ရထားမဝင်သေးပါ။ ရန်ကုန်ဘက်သွားမည့်သူတွေ အထုတ်အပိုးတွေနှင့် ဘူတာထဲမှာရော စင်္ကြန်ပေါ်မှာပါတွေ့ရပါသည်။ စင်္ကြန်ဆိုသော်လည်း ဘာမှမရှိပါ။ ဈေးသည်လေးတွေက လူတွေကြားတိုးကာ ရောင်းနေပါသည်။ ရေအိုးရွက်ထားသည့်ရေသည်လေးများလည်း တွေ့ရပါသည်။ ကျွန်တော် မုန့်လုံးကြီးကြော် နှစ်လုံးဝယ်ပြီး ငတင့်နှင့်တယောက်တလုံး စားကြပါသည်။
လူတွေကြားထဲ အဖေတို့အမေတို့ကို မသိမသာရှာမိသည်။ လိုက်လာပြီးပြန်ခေါ်လျှင် ဘယ်လိုလုပ်ရပါ့မလဲဟု တွေးနေမိပါသည်။ မလိုက်လာလောက်ဘူးဟုလည်း တွေးမိပါသည်။ ဘူတာနားက ဆံပင်ညှပ်ဆိုင်လေးကို ခတ်ရေးရေးတွေ့နေရပါသည်။ ထိုနေ့က အမေခ စိတ်တွေပူပြီး ကျွန်တော့်ကိုလိုက်ရှာတော့ ဘူတာရုံထဲက ခုံတခုတွင်တွေ့ပြီး စိုးရိမ်နေတာကို ပြန်အမှတ်ရပါသည်။ ယခုထိုခုံလေးတွင် လူကြီးတယောက်ထိုင်နေပါသည်။ ဘယ်သူမှ မမြင်ရန်လည်း ကျွန်တော် ဆရာဝဏ္ဏနောက်၌ ကွယ်ကာထိုင်နေပါသည်။ ဘင်ကြီးကိုလည်း ဘေးကနေကွယ်ထားပါသည်။ထိုအချိန်တွင် ထောက်ကြန့်က အသိတွေ တွေ့သွားမှာစိုးတာထက် အမေခတို့ တွေ့သွားမှာကို ပိုစိုးရိမ်နေပါသည်။
ဘူတာလေးသည် လှုပ်လှုပ်ရှားရှား စည်စည်ကားကား။ အလာတုန်းကလည်း ဘာရယ်မဟုတ်ဘဲ ဒီဘူတာမှာပဲ ကျွန်တော် ဆင်းခဲ့တာဖြစ်သည်။ သည်တုန်းက ဗိုက် မတရားဆာနေခဲ့တာကို ပြန်အမှတ်ရမိသည်။ သည်တုန်းက အိတ်ထဲ ပိုက်ဆံငါးမူးပဲရှိသည်။ ခုတော့ နှစ်ဆယ်ကျော် အိတ်ထဲရှိနေသည်။ အားငယ်စရာသိတ်မရှိ။ ဒါ့အပြင် ငတင့်တို့ဆရာဝဏ္ဏတို့လည်း ရှိသည်။ စိတ်လုံခြုံပြီး ဘာမှပူစရာမရှိဟု ခံစားရပါသည်။ အမေခနှင့် ဈေးနားမှာတွေ့ပြီး ဘဲဥချဉ်ရည်ဟင်းနှင့် ထမင်းအဝစားခဲ့တာကို ပြန်သတိရသည်။ အဖေ့ကို အဖေဟုခေါ်ခိုင်းတာလည်း မှတ်မိသည်။
ခုတော့ ကျွန်တော့်သည် ဘဝသစ်တခု အတွေ့အကြုံသစ်များစွာ အသစ်အဆန်း အထူးအဆန်းများစွာကို ကြုံရတော့မည့်အခြေအနေသို့ ရောက်နေပြီ။ ကျွန်တော် အပျော်တဝက် အမောတဝက်နှင့်ဖြစ်နေသည်။ ရထား မြန်မြန်လာပါစေဟု ဆုတောင်းမိပါသည်။ ကြာလိုက်တာဟုလည်း ခံစားရပါသည်။ ရထားလာလို့ ရထားပေါ်တက်ပြီးချိန်တွင် အမေတို့တွေ့သွားလည်း ပြန်ဆွဲချလို့မရတော့ပါ။ ခုတော့ တွေ့လျှင် ပြန်လက်ဆွဲခေါ်လို့ ရသေးသည်မဟုတ်လား။ ကျွန်တော် ရထားမြန်မြန်လာရန်စိတ်စောပြီး မန္တလေးဘက်ကို သဲကြီးမဲကြီးကြည့်နေမိသည်။
ထိုအချိန်တွင် ဘူတာရုံလေး ပိုလှုပ်လှုပ်ရှားရှားဖြစ်သွားပါပြီ။ ရထားကိုမမြင်ရသေး။ သို့သော် ဘူတာထဲကလူတွေ အကုန် စင်္ကြန်ပေါ်ရောက်ကုန်ကြပြီ။ ကျွန်တော်တို့လည်း စင်္ကြန်ပေါ်ရောက်လာကြပြီး ရထားလာမည့်ဘက် မျှော်ကြည့်ကြသည်။ ကျွန်တော် ရင်တွေ တဒိန်းဒိန်းခုန်လာပါသည်။ ခုချိန် အမေတို့ရောက်မလာပါစေနှင့်ဟု ဆုတောင်းနေမိသည်။ စိတ်တွေလည်း ပူလှပြီ။ ဘူတာရုံထဲမှာကမှ အကွယ်အကာတွေရှိသည်။ ဆရာဝဏ္ဏနောက် ပုန်းနေလို့ရသေးပါသည်။ ခုက ဟာလာဟင်းလင်းကြီးထဲ။ နောက်ပြီး ဆရာဝဏ္ဏကလည်း အငြိမ်မနေသဖြင့် သူ့ကို ကွယ်လို့မရ။ ငတင့်ကြည့်ရတာတော့ အေးအေးဆေးဆေး၊ သွားနေကြလာနေကြလူလိုဖြစ်နေပါသည်။ ကျွန်တော် ဘင်ကြီးကိုမပြီး မျက်နှာကိုကွယ်ပြီး ကျီးကြည့်ကြောင်ကြည့်တွေဖြစ်နေတော့ ဆရာဝဏ္ဏရိပ်မိသွားပြီး လာ ငါ့နောက်ရပ်နေ။ အဲ့ဒါကြီးချထားလိုက်ဟု ပြောပါသည်။ ဒါနှင့် သူ့နောက်ဝင်ကာ အသာပုရင်း သူလှည့်လျှင်လှည့်သလို၊ သူလှုပ်ရှားလျှင် လှုပ်ရှားသလို လိုက်လုပ်နေရပါသည်။
ရထားဝင်လာပါပြီ။ ဥဩသံကို အဝေးကြီးကတည်းက ကြားရပါသည်။ လူတွေပို ရုတ်ရုတ်သဲသဲဖြစ်သွားကြပါသည်။ လူတွေဟုသာ ပြောရသော်လည်း တကယ်က အစိတ်သုံးဆယ်ခန့်သာရှိပါသည်။ ရှေ့မီးမောင်းကြီး တဝင်းဝင်းနှင့် ရထားကြီး အရှိန်လျှော့ကာ ဖြည်းဖြည်းဝင်လာပါသည်။ ကျွန်တော်လည်း စင်္ကြန်ပေါ်ရပ်ပြီး ဆရာ့ကိုကွယ်နေရာမှ ဘူတာရုံဘေးဘက် ကြည့်မိပါသည်။ ဘယ်သူမှ ထပ်ဝင်လာတာမတွေ့ပါ။ ယခုရှိသည့် လူအုပ်ထဲတွင်လည်း အမေခတို့ မပါပါ။ ထို့ကြောင့်စိတ်အေးသွားပြီး အပြင်ထွက်လိုက်ကာ ရထားပေါ်တက်ရန် အဆင်သင့်ပြင်လိုက်ပါသည်။ ငတင့်ကဘောင်းဘီတိုနှင့် ကျွန်တော်က ပုဆိုးတိုတိုနှင့်။ ဆရာဝဏ္ဏက အဖြူဝတ်စုံနှင့် ရှူးနှင့်။
ငါ့နောက်ကနေ ငါတက်တဲ့အတွဲထဲကိုသာ လိုက်တက်ကြ၊ ဘင်ကြီး ငါ့ကိုပေးဟု ဆရာဝဏ္ဏက လှမ်းယူလိုက်ချိန်တွင် ရထားက ကျွန်တော်တို့ရှေ့တည့်တည့်ရောက်နေပါပြီ။ တွဲတတွဲထဲသို့ ဘင်ကြီး ဘေးတိုက်လုပ်ကာ ဆရာဝဏ္ဏတိုးဝင် သွားတော့ ကျွန်တော်တို့လည်း နောက်နေ တိုးတက်ကြပါသည်။ တွဲထဲမှာ လူတွေပြည့်နေသည်။ ခြေချစရာ မရှိအောင်တော့ မဟုတ်ပါ။ အပေါက်ဝနားတွင်သာ နည်းနည်းကျပ်သော်လည်း တွဲအလယ်တွင်ချောင်သဖြင့် ကျွန်တော်တို့တွဲအလယ်ထိ တိုးသွားကြပါသည်။ ထိုင်ခုံမရပါ။ လမ်းလည်ကောင်နှင့် ခုံတွေကြား မိုးတိုးမတ်တပ် ရပ်ရသည်။ ရထားက မထွက်သေး။
ထိုအချိန်တွင် ဘူတာရုံလေးထဲသို့ ခမောက်ဆောင်းထားသည့် လူကြီးတဦး ခတ်သုတ်သုတ်ဝင်ချလာပါသည်။ ဘူတာထဲ ဟိုဟိုဒီဒီကြည့်ပြီး ဘာမှမတွေ့တော့ ရပ်ထားသည့်ရထားနား လျှောက်လာပါသည်။ ဘူတာရုံ အပြင်ဘက်က မီးရောင်ကလည်းမှိန်၊ လူကြီးကလည်း ခမောက်ခတ်ငိုက်ငိုက်ဆောင်းထား၊ အချိန်ကလည်း ၇ နာရီ ထိုးကာနီးဆိုတော့ မျက်နှာမသဲကွဲပါ။ ရုပ်ဖမ်းလို့မရပါ။ လူက ခတ်ပုပုဂင်တိုတိုဆိုတော့ အဖေ့ကိုယ်လုံးကိုယ်ပေါက်နှင့် တူနေသည်။ လူကြီးက ဘူတာရုံစင်္ကြန်တလျှောက်တွဲတွေထဲလိုက်ကြည့်ရင်း ကျွန်တော်တို့တွဲဆီရောက်လာသည်။ ခမောက်ကို လှန်ထားပြီး မျက်နှာလည်းမော့ထားသည်။ တယောက်ယောက်ကို လိုက်ရှာနေမှန်းသိသာပါသည်။
ကျွန်တော်နှင့် ငတင့်က ရထားထဲကမီးရောင်ကို နောက်ခိုင်းပြီး ကြမ်းပြင်ပေါ် မတ်တပ်ရပ်နေကြတာဖြစ်တော့ ကျွန်တော်တို့မျက်နှာတွေ မှောင်နေကြသည်။ ရထားတွဲထဲကမီးရောင်က ပြူတင်းပေါက်မှ အပြင်သို့ ထိုးကျနေသည်။ လူကြီး ကျွန်တော်တို့ ပြူတင်းပေါက်သို့ရောက်လာသည်။ မီးရောင်ကိုလက်ခုံနှင့်ကွယ်ကာ အထဲသို့စူးစူးစိုက်စိုက်ကြည့်သည်။ ကျွန်တော်က လူကြီးကိုကြည့်ရင်း ကိုယ်ကိုအသာပုကာ ထိုင်ချလိုက်သည်။ ငတင့်က ဘာမှန်းမသိဘဲ ဟေ့ကောင် မင်းမြို့ပတ်ရထားစီးဖူးလားဟု မေးသည်။ ကျွန်တော် မဖြေ။
ငတင့်ခြေထောက်တွေနှင့် ကျွန်တော့်မျက်နှာကိုကွယ်ရင်း လူကြီးကိုအသာခိုးကြည့်သည်။ ခမောက်ပဲမြင်ရသည်။ မျက်နှာက ရထားပြူတင်းဘောင်နှင့် ကွယ်နေသည်။ ထိုအချိန်တွင် လူကြီးက ရထားပြူတင်းဘောင်ကို လက်နှင့်အားယူဆွဲကာ အထဲသို့ခေါင်းပြူပြီး လူလေး လူလေးဟုခေါ်သည်။ ဟာ..အဖေဟု ပါးစပ်မှထွက်သွားသည်။ သို့သော် ကျွန်တော်ပြန်မထူးပါ။ ငတင့်က ရိပ်မိသွားပြီး ကျွန်တော့်ကို ကွယ်ပေးသည့်အနေနှင့် သူပါထိုင်ချလိုက်သည်။ ကျွန်တော် နှလုံးခုန်သံတွေ ပြန်ကြားနေရသည်။အဖေ့ကိုကို ခိုးကြည့်မိပြန်သည်။ မျက်လုံးလွှဲလိုက် ပြန်ကြည့်လိုက်ဖြစ်နေသည်။ မျက်လုံးချင်း ဆုံမိမှာကို ကြောက်နေသည်။ လန့်လည်း လန့်နေသည်။ ထိုအချိန်တွင် ရထားဥဩစဆွဲသည်။ မြန်မြန်ထွက်ပါတော့ဟု စိတ်ကပြောမိသည်။ ရထားထွက်ပါပြီ။ အဖေက လက်ကို ပြူတင်းဘောင်မှ ဖြုတ်ချလိုက်သည်။ ပါးစပ်ကတော့ လူလေး လူလေးဟုခေါ်နေပါသည်။ ရထားဘီးလှိမ့်သံ တဂျိမ်းဂျိမ်း တဂျုပ်ဂျုပ်ကို ကြားရပါပြီ။ အဖေလည်း ကျန်ခဲ့ပါပြီ။ ထိုအခါမှ စိတ်ချလက်ချဖြင့် ကျွန်တော် ပြူတင်းပေါက်မှ ခေါင်းပြူကြည့်လိုက်တော့ ကျွန်တော်တို့တွဲကာ ငေးရင်း မတ်တပ်ရပ်လျက်သား ကျန်နေခဲ့သည့် အဖေ့ကိုတွေ့ပါသည်။ ဆေးမိထားသူလို ကြောင်တောင်တောင်ကြီး ရပ်နေတာဖြစ်သည်။
ကျွန်တော် ဝမ်းနည်းလာသည်။ ငတင့်က မငိုနဲ့မငိုနဲ့ပြောသည့်ကြားမှ ကျွန်တော်ထိုင်လျက်ကနေ ချုံးပွဲချ ငိုချလိုက်ပါသည်။
(ဆက်ပါဦးမည်)
0 comments:
Post a Comment