Sunday, February 19, 2023

ကညွှတ်ကွင်းအိမ်ပြေး ၃၄

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၃၄)

အိမ်ပြန်ရောက်တော့ မီးခွက်ကြီးထွန်းပြီး ဂျလှောင်ထဲကငှက်တွေကိုကြည့်ရင်း ကွန်တော် ပျော်သည်။ လက်နှင့်တို့လိုက်လျှင် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး ထပျံသည့်အကောင်ကပျံပါသည်။ သို့သောင် ဂျလှောင်အဖုံးကို တိုက်မိပြီးပြန်ကျပါသည်။ အမေက မလုပ်နဲ့သား နာကုန်လိမ့်မယ်ဟုပြောပါသည်။ အပျော်စိတ်ဖြင့်ကြည့်နေရင်းက ဂျလှောင်ထဲက ငှက်ကလေးတွေကို တဖြည်းဖြည်း သနားလာသည်။ ဝမ်းနည်းသလိုကြီးလည်း ဖြစ်လာသည်။ ခုနေ သူတို့ကို လွှတ်ပေးလိုက်ရင် အကုန်ပျံပြေးကြမှာပဲဟုတွေးကာ ဂျလှောင်အဖုံးကိုဖွင့်မလို့ ကြံစည်လိုက်သေးသည်။ မလုပ်ဖြစ်ပါ။ လုပ်လိုက်လျှင် အဖေစိတ်ဆိုးမည်ထင်ပါသည်။ 

 

မနက်လင်းတော့ အားလုံး နိစ္စဓူဝလုပ်နေကျပုံမှန်အတိုင်းပင်။ ပိုတာတခုက အမေ့ စနိုက်ဂျလှောင်ကြီးပင်။ သားက ဂျလှောင်ကိုလွယ်ဟုပြောသဖြင့် ကျွန်တော် ဂျလှောင်ကို မနိုင့်တနိုင်လွယ်ကာ အမေ့နောက်နေ ဈေးနားအထိ လိုက်ခဲ့ပါသည်။ ဒီနေ့တော့ ဈေးကိုအရင်သွားပါသည်။ ဈေးအဝတွင် ဂျလှောင်ကိုချကာ တုတ်တချောင်းနှင့်ထိုင်၍ ကျွန်တော်က စနိုက်အရှင်တွေရောင်းပါသည်။ တကောင်ကို ၃ မတ်နှင့်ရောင်းပါသည်။ ခဏလေးနှင့်ကုန်သွားပါသည်။ ဝယ်သူအချို့က သတ်ပေးပါဟုပြောတော့ အမေက စနိုက်အရှင်တွေကို ဂျွပ်ကနဲဂျွပ်ကနဲလည်ပင်းလိမ်ချိုးကာ သတ်ပေးပါသည်။ ကျွန်တော့်နားထဲ ထို ဂျွပ်ကနဲဂျွပ်ကနဲ အသံမှာ အကျယ်ကြီးဖြစ်ပြီး စိတ်လည်းမချမ်းသာပါ။ အမေရာ သူတို့ဟာသူတို့သတ်ပေ့စေပေါ့ဟုပြောတော့ သား..ကိုယ်ကရောင်းသူလေဟု ပြန်ပြောပါသည်။ ကျွန်တော့်စိတ်တွေ မွန်းကျပ်နေသလိုလို၊ ကျွန်တော့်လည်ပင်း တယောက်ယောက်က လာလိမ်ချိုးနေသလိုလို လည်ပင်းတွေယားကျိကျိနေပါသည်။

 

ကုန်စိမ်းဒိုင်နားရောက်တော့ မျက်လှည့်ဝိုင်းရှိလိမ့်နိုးနှင့် လှမ်းကြည့်သေးသည်။ ဒီနေ့လည်းမရှိပါ။ ဒါနှင့် အမေ အသီးအရွက်တွေ သည်းကြီးမဲကြီးရွေးနေတုန်း အသာလေး မယောင်မလည်ဖြင့် မျက်လှည့်ကွင်းပြင်သို့ ထွက်ခဲ့ပါသည်။ ထိုအနားတွင် နွားလှည်းတချို့ လက်တွန်းလှည်းတချို့တွေ့ပါသည်။ လူကြီးတယောက်တွေ့တော့ ဦးလေး ဒီနေ့ မျက်လှည့်မပြဘူးလားဗျဟုမေးတော့ မပြဘူးနဲ့တူတယ်ကွ၊ ပြတယ်ဆို ဒီ့ထက်နည်းနည်းလေး စောစောကတည်းက ပြနေကြတာပဲကွဟုပြန်ဖြေပါသည်။ ဘယ်နေ့လောက် လာပြဦးမလဲဗျဟုမေးတော့ မပြောတတ်ပေါင်ဟုပြောပြီး ထွက်သွားပါသည်။ 

 

ကျွန်တော်လည်း ထိုနေရာနားတွင်ပဲရပ်နေပါသည်။ ခဏနေတော့ အမေထွက်လာတာတွေ့သဖြင့် အမေ့ဆီ လျှောက်လာရာ အမေက ဟိုမိန်းမကြီးကို ကြောက်လို့လားဟု ကုန်စိမ်းဒိုင် မိန်းမကြီးကို မေးငေါ့ပြပါသည်။ ကြောက်တော့မကြောက်ဘူး အမေ။ ကြိုက်တာတော့ လုံးဝမကြိုက်ဘူးဟု မခံချင်စိတ်ဖြင့်ပြောမိပါသည်။ အမေလည်း အဲ့လိုပဲ သားရဲ့၊ သားအကြောင်းသိသွားရင် သူက လူတွေကို လျှောက်ပြောမှာလေ၊ တော်ကြာနေ တယောက်စကား တယောက်နားနဲ့ သားအိမ်အထိသတင်းပြန်ရောက်သွားရင် .........ဟုတွင်ရပ်သွားပါသည်။ အမေတခုခုကို တွေးမိလိုက်ဟန်တူပါသည်။ ဆက်မပြောတာ့ပါ။

 

သို့သော် ကျွန်တော်သိပါသည်။ ကျွန်တော့်အိမ်ကသိသွား ပြန်လာခေါ်မှာကို အမေကြောက်နေတာဖြစ်သည်။ ကျွန်တော်လည်း အဲ့ဒါကိုကြောက်နေတာဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက် အကြောက်တူကြသည်။ ကျွန်တော်က အိမ်ပြန်ရောက်သွားမှာကြောက်ပြီး အမေက အိမ်ကလာခေါ်သွားမှာကို ကြောက်နေတာဖြစ်သည်။ ဤသို့ တကယ် ဖြစ်လာခဲ့ရင်ဆိုပြီး ကျွန်တော်  တွေးတွေးပြီး ပိုကြောက်လာပါသည်။ ဒီမိန်းမကြီးနှင့်ဝေးရာ ကညွှတ်ကွင်းနှင့်ဝေးရာ တနေရာရာ၊ နေရာအသစ်တခုကို ကျွန်တော် ထွက်ပြေးချင်စိတ်များ တဖွားဖွား ပေါ်လာပါသည်။ လက်က အိတ်ထောင်ထဲစမ်းမိသည်။ စနိုက်ရောင်းရငွေထဲက မုန့်ဖိုးဆိုပြီး အမေထပ်ပေးထားတာနှင့်ဆို ကျွန်တော့်ဆီ တဆယ်လောက်တော့ရနေပြီ။ ပြေးမယ်ဆိုပြေးလို့ရနေပြီ။ ကျန်တာတော့ နောက်ဖြစ် ရောက်လျားပေါ့ဟု ကျွန်တော်တွေးမိသည်။

 

ခုနေ ဘူတာရုံနားလည်းဖြစ်လို့ ရထားလည်းဆိုက်နေတာလို့ဆိုလျင် ကျွန်တော် အမေ့လက်ကပြေးပြီး ရထားပေါ် တက်ပုန်းနေရုံပဲဖြစ်သည်။ ရထားထွက်တော့ အမေလည်းလိုက်မရှာနိုင်တော့။ ပြီးတော့ လက်မှတ်စစ် မလာခင် ဘူတာတခုခုမှာဆင်းနေလိုက်မည်။ ထိုဘူတာမှာ အမေ့လိုမိန်းမကြီးနောက်တဦးဦးနှင့်တွေ့ပြီး ကျွန်တော့်ကို ခေါ်သွားမည် စသဖြင့် တောင်စဉ်ရေမရတွေတွေးနေမိသည်။ ခြေလှမ်းနှေးသွားသဖြင့် အမေနှင့်ပြတ်ကျန်ခဲ့ပါသည်။ အမေကရပ်စောင့်နေရင်း ကျွန်တော့်မျက်နှာကြည့်ကာ သား..ဘာဖြစ်နေတာလဲ၊ လမ်းလည်း ကောင်းကောင်း မလျှောက်ဘူးဟုပြောပါသည်။

 

ဘာမှမဖြစ်ပါဘူးအမေ သူငယ်ချင်းတွေကိုသတိရလို့ပါဟု  အမှတ်တမဲ့ပြောဖြစ်လိုက်ပါသည်။ သတိမရနဲ့သား၊ သူတို့လည်း မင်းကို သတိရမှာမဟုတ်ဘူး၊ သူတို့ တခြားသူငယ်ချင်းတွေနဲ့ ပျော်နေမှာဟုပြောပါသည်။ အမေပြောတာ ဖြစ်နိုင်ပါသည်။ သူတို့မှာ အခြားသူငယ်ချင်းတွေရှိကြပါသည်။ သူတို့ ထိုသူတွေနှင့် ပျော်နေကြပါလိမ့်မည်။

(ဆက်ပါဦးမည်)

0 comments:

Post a Comment