Thursday, February 23, 2023

ကညွှတ်ကွင်းအိမ်ပြေး ၄၄

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၄၄)

ဘင်သံကြားသဖြင့် အနီးအပါးမ ကလေးတွေအရင်ရောက်လာသည်။ ထို့နောက် လူကြီးတွေ တယောက်စနှစ်ယောက်က မသိမသာအကဲခတ်သည်။ နောက်တော့ ကလေးတွေနောက်ကနေ မိုးတိုးမတ်တပ်။ တဖြည်းဖြည်းနှင့် ဘင်သံကပိုကျယ်လာသလားဟု ကျွန်တော့်စိတ်ထဲ ထင်လာပါသည်။ ဘင်ထုနေသည့် ငတင့်မှာလည်း မနေ့က မျက်လှည့်ဝိုင်းတုန်းက မျက်နှာပေးနှင့် ဟန်နှင့်ပန်နှင့်။ ကျွန်တော်ကတော့ မြွေသေတ္တာနားမှာ ယောင်ဝါးဝါး။ 

 

မျက်လှည့်ဝိုင်းကလည်း ဘာမှ ခမ်းခမ်းနားနားမရှိလှ။ ဝိုင်းအလည်ကောင်တွင် သံဖြူပြားကိုလိပ်ကာ ပိုက်လုံးပုံဏ္ဍန် လုပ်ထားသည့် သံဖြူပိုက်လုံး ရွယ်တူ  ၂ လုံးချထားသည်။ တလုံး၏အပေါ်တွင် လက်ကိုင်ပုဝါအဖြူလေးတထည် လွှမ်းထားသည်။ အခြားတလုံးပေါ်တွင် ဘာမှမရှိ။ ပိုက်လုံးအတွင်းထဲကို မြင်နေရသည်။ ပိုက်လုံးတွေအရွယ်က အမြင့် တပေခွဲခန့်ရှိပြီး အချင်း ၉ လက်မခန့်ရှိမည်။ နောက်တော့ လဘက်ရည်ဆိုင်က ခဏပြောပြီး ငှားလာသည့် ခါးလည်လောက်မြင့်သည့် စားပွဲတလုံး။ စားပွဲပေါ်တွင် အဝတ်နက်အုပ်ထားပြီး အတက်ချီကေ့စ်တလုံး။ စာအုပ်အဟောင်းအမြင်း သုံးလေးအုပ်။ အဝတ်အိတ် ကြီးကြီးတလုံး။ ရေတဂေါင်းတလုံး။ ဖန်ခွက်တလုံး။ လက်ကိုင်ပုဝါလို ပိတ်စများ ဒါပဲဖြစ်သည်။

 

လူတတန်းလောက် စုမိချိန်တွင် ဆရာဝဏ္ဏက ဝိုင်းထဲဝင်လာသည်။ လက်ခုပ် ဖြောင်းဖြောင်းနှင့် သုံးလေးချက်တီသည်။ ကောင်းကင်ပေါ်မော့ကြည့်ပြီး ၃ မိနစ်လောက် တခုခုရွတ်သည်။ နောက်တော့ ရေတဂေါင်းထဲကရေကို ဖန်ခွက်ထဲ ငှဲ့ထည့်ရင်း ပါးစပ်ကလည်း အဆက်မပြတ် တတွတ်တွတ်ရွတ်သည်။ နောက်တော့ ဖန်ခွက်ကို ပါးစပ်နားတေ့ပြီး ဥုံဥုံနှင့် လေးငါးခြောက်ကြိမ် မန်းမှုတ်သည်။ နောက်တော့ တုတ်ကလေးတချောင်းနှင့် စည်းဝိုင်းတဝိုင်းလုံး အပတ်ပြည့်အောင် လိုက်တားသည်။ နောက်တော့ ခုနက မန်းထားသည့်ရေခွက်ထဲကရေကို တစက်စက်ကျအောင် စည်းဝိုင်းတဝိုင်းလုံးပတ်မိသည်အထိ လိုက်အစက်ချသည်။ ထိုအချိန်တွင် ငတင့်လက်သံကပြောင်းသွားသည်။ ဘင်ကိုထုနေသည်နှင့်မတူဘဲ အသာအယာလေး ဆက်တိုက်ဆက်တိုက်ခေါက်ပေးသည်။ ယကွင်းသံလည်း ချွမ်းချွမ်း ချွမ်းချွမ်းမဟုတ်ဘဲ ဂျလိဂျလိနှင့်နေသည်။ ယကွင်းကို တုတ်နှင့်ပွတ်ဆွဲနေတာဖြစ်သည်။ ရေလည်းကုန် စည်းဝိုင်းလည်းပြည့်တော့မှ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ဗလပြသလို လက်မောင်းတခုလုံးတုန်လာအောင် ဆတ်ကနဲဆတ်ကနဲ သုံးကြိမ်လုပ်သည်။ အောင်ပြီ အောင်ပြီ အောင်ပြီဟူသည့် သဘောဟုထင်ရသည်။ ငတင့် ဘင်သံကလည်း ဒုန်းကနဲ ဒုန်းကနဲ ဒုန်းကနဲ။ ဆရာ့မျက်နှာကလည်း အောင်မြင်သူ့အပြုံးလို အပြုံးတွေ တဝေဝေနှင့်။

 

နောက်တော့ ဝိုင်းအလည်တည့်တည့်တွင် ခြေနှစ်ချောင်းစုကာရပ်လိုက်ပြီးမှ အရပ်လေးမျက်နှာက ပရိတ်သတ်ကို ခါးညွှတ်ဦးညွှတ်သည်။ ထိုအချိန်တွင် ငတင့် ဘင်သံက တခါထပ်ပြေင်းသွားပြန်သည်။ ပြီးတော့ ငတင့်ကို လက်ကာ ပြလိုက်သည်။ ငတင့် ဘင်သံတိတ်သွားသည်. အဟမ်းအဟမ်းနှင့် ချောင်းတချက်နှစ်ချက်ဟန့်လိုက်သည်။ နမောတဿအစချီသည့် ဘုရားစာတပုဒ်ကို တမိနစ်ခန့်ရွတ်လိုက်သည်။ ဆရာ့အသံသည် အောင်သည်ဟုမဆိုသာ သော်လည်း ခတ်ဩဩနှင့်မို့ ဩဇာသံအမိန့်ပေးသံပါသည်ဟုထင်ရသည်။ ဆရာဝဏ္ဏက သူ့ကိုယ်သူမိတ်ဆက်သည်။ သူ့ ဆရာ့ဆရာကြီးတွေနံမည်ကို တောက်လျှောက်ရွတ်ပြကာ လက်အုပ်လေးချီသည်။

 

ထို့နောက်မှ ဒီမျက်လှည့်ဝိုင်းလာကြည့်သူများထဲတွင် ပညာနှင့်အနှောင့်အယှက်ပေးမည့်ပုဂ္ဂိုလ်များ အကဲစမ်းမည့် ပုဂ္ဂိုလ်များကို အနှောင့်အယှက်မပေးရန် အကဲမစမ်းရန် မန်ပါပါနှင့်သတိပေးသည်။ သူပြောသည့်ပုဂ္ဂိုလ်များထဲတွင် ဇော်ဂနီဇော်ဂနက်တွေလည်းပါသည်။ အထက်ကြိုးအောက်ကြိုး ဆယ့်နှစ်ကြိုးတွေလည်းပါသည်။ စုန်းတစ္ဆေကဝေ တွေလည်းပါသည်။ ကျွန်တော်နားလည်မလည် ကြားလည်းမကြားဖူးသည်များဖြစ်ပါသည်။ သူစကား တချက် တိကနဲဖြတ်လိုက်လျှင် ငတငင့်ကလည်း ဂျိကနဲ့ တချက်အုပ်ထည့်လိုက်ရင်းနှင့် ဟန်ချက်မိနေပါသည်။

 

ဟိုတနေ့က ကညွှတ်ကွင်း၌ ပြသည့်ပွဲ့တွင် ပုဂ္ဂိုလ်တယောက်ဝင်နှောက်သဖြင့် ပွဲပျက်မလိုလိုဖြစ်ခဲ့ကြောင်း၊ သို့သော် အထက်က ဆရာသမားများဂုဏ်နှင့်အစွမ်းကြောင့် ပွဲမပျက်ခဲ့ကြောင်း၊ မေတ္တာနှင့် အနိုင်ရလိုက်ကြောင်း ထိုပုဂ္ဂိုလ်လည်း ပွဲပြီးသွားတော့ တိုးတိုးတိတ်တိတ် လာတောင်းပန်သောကြောင့် သူ ခွင့်လွှတ်လိုက်ကြောင်းတွေလည်း ပါသည်။ ကညွှတ်ကွင်းပွဲ ဘာဖြစ်ခဲ့သလဲ ကျွန်တော်မသိပါ။ ပွဲအစမှာတင် အမေခ လာခေါ်သွားခြင်းဖြစ်ပါသည်။ 

 

ဆရာက ဆက်ပြီး ခုလည်း အနှောက်အယှက်မပေးစေလိုကြောင်း မေတ္တာရှေ့ထားပြီး တောင်းပန်ကြောင်းပြောပါသည်။ ကျွန်တော် ဆရာ့ကြည့်ပြီး စိတ်ထဲတမျိုးဖြစ်လာပါသည်။ လန့်တာလိုလို ဘာလိုလိုဖြစ်ပါသည်။ ငတင့်ကတော့ ဘင်တီးတာရပ်ပြီး လူတွေကို လိုက်ကြည့်နေသည်။ မျက်နှာကတော့ ခတ်တင်းတင်း ခတ်တည်တည်။ ကျွန်တော့်လည်း ငတင့်လို မျက်နှာ နည်းနည်းပြင်လိုက်သည်။ ကျနော် ငတင့်လိုနေရမည်မဟုတ်လား။

 

ကျွန်တော် အခု အဆင့်မြင့်ပညာစွမ်းနဲ့ပြတဲ့ပြကွက်တွေ မပြခင် ပျော်စရာရွှင်စရာ မျက်လှည့် လက်လှည့်လေးများ ပြပါမယ်။ ဒါပြရတာကလည်း ကျွန်တော် စားဖို့သောက်ဖို့အတွက်မဟုတ်ပါဘူး၊ ကျွန်တော့်မှာ ဟိုးပဲရိုးမတောနက်ထဲက မကြာသေးခင်ကမှဖမ်းမိလာတဲ့ စပါးကြီးမြွေကြီးတကောင်ပါပါတယ်၊ အဲ့ဒီမြွေကြီးအတွက် မြွေစာဖိုးလေး ရလိုရငြား ဖျော်ဖြေတင်ဆက်တာဖြစ်ပါတယ်၊ အဲ့ဒီမြွေကြီးက ကျွန်တော့်ကို စောင့်ရှောက်နေတယ်လို့လည်း ခံစားရပါတယ်၊ အဲ့ဒီမြွေကြီးရောက်လာကတည်းက ကျွန်တော့်မှာ အသက်ဘေးတွေကနေ တကြိမ်ထက်မက လွတ်ခဲ့ပါတယ်၊ အိမ်ကိုလည်း ဘာမြွေဆိုးမှမလာတောကြောင့် ကျွန်တော်ကတော့ နတ်မြွေကြီးလို့ထင်ပါတယ် ဘာညာစသဖြင့် မြွေကြီးအကြောင်း ဝေဝေဆာဆာ ပြောပါသည်။

 

ကျွန်တော်က ထိုမြွေကြီးသည် ငှားလာသည့်မြွေဖြစ်ပြီး ဆရာ့ဝဏ္ဏလို တခြားမျက်လှည့်သမားတွေကိုလည်း ဆရာကြီး အောင်ကျော်မိုးက ငှားစားကြောင်း ငတင့် ပြောခဲ့တာကို သတိရနေပါသည်။

(ဆက်ပါဦးမည်)

0 comments:

Post a Comment