(ကညွှတ်ကွင်း အိမ်ပြေး ၉)
ကျွန်တော် အိပ်ယာထဲပြန်ရောက်တော့ တော်တော်နှင့်အိပ်မပျော်။ အိမ်ကိုသတိရနေသည်။ အထူးသဖြင့် အမေနှင့် အမကြီးကို သတိရနေသည်။ အိမ်ကိုလွမ်းနေသည်ဟုဆိုရမည်လား မပြောတတ်ပါ။ သို့သော် အိမ်ပြန်ချင်လား ဆိုတော့လည်း မပြန်ချင်။ ပြန်လျှင် အရိုက်ခံရမှာကိုလည်း ကြောက်နေသည်။ အကိုကြီးကိုလည်း လန့်သည်။ ကျောင်းလည်း ပြန်မတက်ချင်တော့။ ခု ချိန်ဆို အမေ ဒေါင်းတောက်အောင် ရှာနေမလားဟုလည်း တွေးမိသည်။ နောက်တော့ ပြန်အိပ်ပျော်သွားသည်။ ဘာအိပ်မက်မှလည်း မမက်။
နောက်တကြိမ်နိုးတော့ မိုးလင်းနေပြီ။ ကျွန်တော့်အနားတွင် အဖေရော အမေပါ မရှိကြတော့။ မီးဖိုဘက်က အသံကြား၍ ခေါင်းထူပြီးလှမ်းကြည့်တော့ လူလေးနိုးပြီလားဟု အမေ့မေးသံကြားရသည်။ ဟုတ်ကဲ့အမေဟု ပြန်ပြောပြီး ထရန်ပြင်တော့ ကိုယ်က အလေးဖိထားသလိုဖြစ်နေသည်။ ကြည့်လိုက်တော့ ကျွန်တော့်အပေါ် စောင်များထပ်ခြုံထားတာကို တွေ့လိုက်ရသည်။
ကျွန်တော်နိုးတော့ မိုးစင်စင်လင်းနေပါပြီ။ တမိုးကားသောက်ခဲ့လေပြီ။ ဘာမှ သွေးမတော်သားမစပ်သည့်မိဘများနှင့် တနေ့နှင့် တညတာကုန်လွန်ခဲ့ပြီဟု တွေးမိလိုက်သည်။ မျက်နှာသစ်သွားတိုက်လုပ်မည်ဆိုတော့ အမေက ဆားနည်းနည်း လက်ဖဝါးထဲထည့်ပေးပြီး အပြင်ရေစည်မှာ သွားမျက်နှာသစ်ချေဟု ပြောပါသည်။ ဆားဖြင့်သွားတိုက် ပလုပ်ကျင်းပြီး မျက်နှာသစ်ပါသည်။ ဆပ်ပြာမရှိပါ။ ရေနှင့် သုံးလေးကြိမ်မျက်နှာကို ပွတ်ချလိုက်ပြီး ပုဆိုးခါးပုံစနှင့်ပဲ သုတ်လိုက်ပါသည်။
ထိုအချိန်တွင် ကွင်းထဲမှ ပြန်ရောက်လာသော အဖေက အမေ့ဘေးနားတွင်ထိုင်ကာ ပန်းကန်တခုထဲ ထမင်းကြမ်းတွေ ထည့်ပါသည်။ ပြီးတော့ ငပိရည်အဖြူထည်ကို အိုးထဲမှခပ်ကာ ဆမ်းသည်။ ပြီးတော့ ငရုပ်သီးမှုန့်တွေ အချိုမှုန့်တွေ ထည့်ကာ နှံ့နေအောင်နယ်ပါသည်။ နယ်ရင်း လက်လည်းစုပ်လိုက်သေးသည်။ ငပိနံ့တထောင်းထောင်းနှင့် လက်ကိုစုပ်သည်မှာ ရွံစရာကြီးလို ဖြစ်နေပါသည်။ ထို့နောက် ရေနွေးကြမ်းကရားနှင့် အကြမ်းပန်းကန်လုံးလေးယူကာ သူကွန်ထိုးသည့်နေရာအနီးတွင်ချထားသည့် တပေခန့်မြင့်ပြီး ၃ ပေ ပတ်လည်လောက်ရှိသည့် ခုံလေးပေါ်တင်သည်။ ထိုခုံမှာ ထမင်းစားပွဲဖြစ်သည်။ အမေက ကြက်သွန်နီ ၂ ဥ အဖေ့ကို လှမ်းပေးတာ မြင်ပါသည်။ အဖေကား ငပိရည် နယ်ထားသည့် ထမင်းကြမ်းနှင့်ကြက်သွန်နီဥကြီးတွေကို အခွံမသင် ဓားနှင့်မလှီးပဲ သူ့အတိုင်း ကိုက်ကိုက်စားလိုက် ရေနွေးကြမ်း တဖူးဖူးမှုတ်သောက်လိုက်နှင့်နေပါသည်။
အမေက ကျွန်တော့်အား လူလေးနဲ့အမေ့အတွက် ထမင်းကြော်ထားတယ်။ ငါးလေးအိုးကပ်လည်း အမေ ချက်ထားတယ်၊ အဲ့ဒါနဲ့စားကြတာပေါ့ဟုဆိုပြီး ကျွန်တော့်အတွက် ထမင်းကြော်ကို ပန်းကန်ထဲထည့်ပြီး ငါးလေးအိုးကပ်ဟင်းကို ထမင်းပေါ်ပုံပေးပါသည်။ ထမင်းကြော်ဆို၍သာ ကြော်ရသည် တကယ်က ထမင်းလှော်။ ဆီမပါသလောက်ဖြစ်ပါသည်။ ထမင်းကို အိုးကင်းပူတိုက်သည်ဟုဆိုလျှင် မမှားနိုင်ပါ။ အိမ်တွင် အမေကြော်သည့် ထမင်းကြော်လို ကြက်သွန်ဆီသတ်ကာ ပဲပြုပ်အိအိနှင့် ဆီနိုင်နိုင်လေးကြော်ထားတာမဟုတ်။ အိမ်မှာက ထိုထမင်းကြော်နှင့် လဘက်ရည်သောက်ရသည်။ ထမင်းကြော် မစားချင်လျှင် ဈေးထဲက ဗမာမုန့်တခုခုတော့ စားရသည်။ ဒီမှာက ထမင်းလှော်ကို ငါးလေးအိုးကပ်နှင့် ရေနွေးကြမ်းနှင့် လွေးရပါသည်။ စားလို့တော့ အတော်လေး မြိန်ပါသည်။
ထမင်းစားနေရင်း အဖေက ဟေ့ လူလေး တော်လေးကြာရင် ချောင်းထဲသွားမယ်လိုက်မလားဟု မေးပါသည်။ ကျွန်တော်ပျော်သွားပါသည်။ ကျွန်တော်က ထောက်ကြန့်တွင်သာနေသည် ဘားလားချောင်းတို့ ချောင်းသစ်တို့ လှော်ကားကန်တွင်းတို့တွင် ငါးမျှားဖူးသည်မဟုတ်လား။ ငါးဖမ်းရတာကို ဝါသနာလည်းပါသည် မဟုတ်လား။ ရေလည်းကူးတတ် လှေလည်းလှော်တတ်သည်မဟုတ်လား။ လိုက်မယ်အဖေဟုပြောပြီး ထမင်းစားလက်စသတ် ပါသည်။
အိမ်သာတက်ချင်သဖြင့် မေးမနေတော့ဘဲ ကိုယ့်ဘာသာကိုယ် မယောင်မလယ်နှင့် အိမ်နောက်ဘက်ထွက်လာခဲ့သည်။ အိမ်နောက်ဘက် ကိုက် ၂၀ ခန့်အကွာတွင် အိမ်သာကိုတွေ့ရသည်။ အိမ်သာမှာ အမိုးမရှိပါ။ ပတ်လည်ကို ဓာတ်မြေဩဇာထည့်သည့် ပီနံအိတ်များကာထားသည့် လေးတိုင်စင်ဖြစ်ပါသည်။ ကျင်းဝ အီးပါမည့်နေရာတွင် သစ်သားချောင်းနှစ်ချောင်း အလျားလိုက် တင်ထားထားသည်မှအပ ဘာမှမရှိ။ အောက်က အီးတွေကိုအတိုင်းသား မြင်နေရပါသည်။ နံလည်းနံပါသည်။ သို့သော် ယင်ကောင်တွေဘာတွေတော့ မတွေ့။ ရေဆေးဖို့လည်း ဘာမှမရှိ။ ဒါနှင့် တဲထဲပြန်ဝင်ကာ စက္ကူရှာတော့လည်း အမေခ ဆေးလိပ်လိပ်သောက်သည့် သတင်းစာစက္ကူတွေသာတွေ့ရသည်။ သတင်းစာစက္ကူနည်းနည်းဖြဲယူကာ အိမ်သာဘက်ပြန်လာပြီး ကိစ္စဝိစ္စ ပြီးလိုက်ရသည်။ လူကတော့ စိတ် သိတ်မသန့်ချင်။
0 comments:
Post a Comment