Thursday, February 16, 2023

ကညွှတ်ကွင်းအိမ်ပြေး ၃၂

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၃၂) 

ခဏနေတော့ အဖေနိုးလာပါသည်။ မျက်နှာသစ်ပြီး မီးဖိုဘေးလာထိုင်ကာ ရေနွေးကြမ်းငှဲ့ပါသည်။ ကျွန်တော့်မျက်နှာကြည့်ပြီး မိခ နင့်သားဆံပင်ရှည်နေတယ်ဟ၊ ညှပ်ပေးလိုက်ဦးပြောတော့ ကျွန်တော် အတော် ဝမ်းသာသွားသည်။ ဆံပင်ညှပ်ဆိုင်တွေက မြို့ထဲတွင်ရှိသည်မဟုတ်လား။ ကညွတ်ကွင်းသွားမှ ရမည်မဟုတ်လား။ အမေနို့ပို့တာ ကုန်စိမ်းရောင်းတာ ကျွန်တော့်ကို မခေါချင်လည်း ဆံပင်ညှပ်ဖို့တော့ ခေါ်ရမည်မဟုတ်လား။ ဒါဆို ကျွန်တော် ဟိုမျက်လှည့်ဝိုင်းနှင့် ဆုံနိုင်သည်မဟုတ်လား။ ရပါသေးတယ်တော့၊ ဒီလောက်မရှည်သေးပါဘူးဟု အမေ့ပြန်ပြောသံကြောင့် အမေကျွန်တော့်ကို ကညွှတ်ကွင်းမခေါ်ချင်လို့များလားဟု တွေးမိပါသည်။ ထို့ကြောင့် ဟုတ်တယ်အဖေ့ ကျွန်တော်လည်း ခေါင်းယားတယ်ဟုပြောချလိုက်ပါသည်။ အမေက အေးလေ ဒါဆိုလည်း အမေ ကုန်စိမ်းလှည့်နေတုန်း သား ခေါင်းညှပ်ပေါ့ဟုပြောပါသည်။ 

 

မနက်ကျတော့ ထုံးစံအတိုင်း အမေက နွားနို့ပုံးကြီးရွက် ကျွန်တော်က ဘေးမှ အမေ့လက်ဆွပြီး လိုက်လာပါသည်။ လမ်းတွင်တွေ့သည့် မြက်ပင်များ ကိုင်းပင်များကို ခြေဖြင့်ကန်ပါသည်။  ဗျိုင်းတွေ နိမ့်နိမ့်လေးပျံလာတာမြင်လျှင် ဟေးဟုအော်ပြီး ရွှေးရွှေးဟု မောင်းထုတ်ပါသည်။ စပါးနှံများပေါ်က နှံကောင်လေးတွေကို လက်ဖြင့်တောက်ပါသည်။ ကျွန်တော်ပျော်နေတာကြည့်ပြီး အမေလည်းပြုံးပါသည်။ သား..ဆံပင်ညှပ်ဆိုင်ကျ ဘယ်သူနဲ့မှစကားမပြောနဲ့နော်။ ဘယ်သူခေါ်ခေါ်လည်း မလိုက်နဲ့၊ ကိုယ့်ဘာသာထိုင်ပြီး ကာတွန်းဖတ်နေချေ၊ အမေတပတ်လောက်လှည့်ပြီးတာနဲ့ သားဆီလာခဲ့မယ်ဟု ပြောပါသည်။ ကျွန်တော် ဟုတ်ကဲ့ဟုပြန်ဖြေကာ ခုန်ရင်းပေါက်ရင်း ရွာထဲရောက်လာပါသည်။ 

 

နို့တွေကုန်တော့ကုန်စိမ်းဒိုင်ရောက်ပါသည်။ မျက့်စေ့က မျက်လှည့်ဝိုင်းနေရာရောက်နေပါသည်။ ဘာမျက်လည့်ဝိုင်းမှ မရှိပါ။ ရင်ထဲဟာသွားပါသည်။ လူလည်းမောသွားပါသည်။ သည်လိုနှင့် အမေ့လက်ဆွဲပြီး ကညွှတ်ကွင်းမြို့ထဲ ရောက်လာသည်။ ဆံပင်ညှပ်ဆိုင်က ဘူတာနားမှာဖြစ်သည်။ အမေက ကျွန်တော့်အား ဆံသဆရာဆီအပ်ရင်း ငွေ တမတ်ထုတ်ပေးလိုက်တာမြင်ပါသည်။ သား နေခဲ့နော် အမေတပတ်လှည့်လိုက်ဦးမယ်ဟု စိတ်မချသည့်လေသံဖြင့် ပြောကာ ထွက်သွားပါသည်။ 

 

ကျွန်တော် ဆံပင်အညှပ်ခံရင်း ဆံသဆရာကြီးအား ဦးလေး ဒီနားမှာရော မျက်လှည့်ဝိုင်းတွေဘာတွေမရှိဘူးလားဟု မျှော်လင့်ချက်ဖြင့်မေးကြည့်ရာ မရှိဘူးကွ။ ဘူတာထဲမှာတော့ ရထားလာချိန်နီးရင် တခါတလေ ဖဲသုံးချပ်ဝိုင်း ရှိတတ်တယ်ဟုဖြေပါသည်။ ကျွန်တော် ဖဲသုံးချပ်ဝိုင်းကို သမိုင်းလမ်းဆုံ ကားဂိတ်တွင်တွေ့ဖူးပါသည်။ ဝင်တော့ မကစားဖူးပါ။ ဖဲကိုင်သူ ဧည့်ခေါ်သူနှင့် ဒလန်များရှိပြီး တောမှတက်လာသူများနှင့် မြို့သားမအူမလည်များကို အချဉ်ဖမ်းသည့်ပွဲဖြစ်ပါသည်။ ကျွန်တော် ဝင်မထိုးဖူးသော်လည်း ဖဲကိုင်သူ၏ လက်အလှည့်ကျွမ်းကျင် မြန်ဆန်ပုံတော့ အလွန်သဘောကျပါသည်။ ထို့ကြောင့် ရပ်ရပ်ကြည့်လေ့ရှိပါသည်။ 

 

ဆံပင်ညှပ်ပြီးတော့ ဘူတာရုံဘက်ထွက်ခဲ့ပါသည်။ ဘူတာရုံတွင် တောင်းရမ်းစားသုများနှင့် ဈေးသည်လေးများ တွေ့ပါသည်။ ကလေးတချို့မှာ သာရေကွင်းထောင်ပစ်နေပါသည်။ ဘူတာက ရထားချိန်နှင့် ဝေးသေးလို့ထင်သည် ဘာစည်စည်ကားကား လှုပ်လှုပ်ရှားရှားမှမရှိပါ။ ဖဲသုံးချပ်ဝိုင်းလည်း မတွေ့ပါ။ ကျွန်တော် ဘူတာရုံထဲက အတွင်းဘက်ကျသည့် ခုံတခုံတွင်ထိုင်ရင်း ဟိုဟိုဒီဒီငေးကြည့်နေပါသည်။ ရန်ကုန်ဘက်သွားသည့်ရထားစီးပြီး အိမ်ပြန်ရင်ကောင်းမလားဟု တွေးနေမိပါသည်။ အိပ်ထဲတွင် မုန့်ဝယ်စားဖို့ အမေပေးပေးထားသည့်ပိုက်ဆံကလည်း ငါးကျပ်လောက်ရှိနေပါသည်။ အိမ်ပြန်တာက အရေးမကြီးဘူး။ အိမ်ကို ဘယ်မျက်နှာနှင့်ပြန်မလဲ၊ ဘယ်လိုမျက်နှာပြမလဲက တွေးမရပါ။ ပြန်ရမှာလည်း ရှက်နေသည်။ 

 

အကိုကြီးဆူမှာရိုက်မှာကိုလည်း ကြောက်နေပါသည်။ အကိုကြီးသည် အနေအထိုင်တည်ကြည်သည့် ကျောင်းဆရာ တယောက်ဖြစ်ပါသည်။ အရက်သေစာသောက်စားဖို့ဝေးစွ ဆေးလိပ်ကွမ်းယာပင် မသောက်မစားပါ။ အငယ်တွေကိုလည်း ချစ်သည်။ ပြောမရလျှင် ရိုက်လည်းဆုံးမတတ်သည်။ အိမ်တွင် အကိုကြီး အဆူနှင့်အရိုက်ကို အခံရဆုံးသူမှာ ကျွန်တော်ဖြစ်ပါသည်။ ကျွန်တော် အိမ်ပြန်ရောက်လျှင် အကိုကြီးရိုက်မှာ သေချာသလောက်ရှိပါသည်။ အိမ်ပြန်ရမှာ ရှက်သည့်စိတ်နှင့် ကြောက်သည့်စိတ်တလှည့်စီပေါကာ ဘာလုပ်ရမှန်းမသိဖြစ်နေပါသည်။ စိတ်ထဲမလည်း ခုနေ မျက်လှည့်ဝိုင်းလေးရှိနေရင် ကောင်းမှာဟု တောင့်တမိသည်။ ဘင်ထုသည့်ကောင်လေးကိုလည်း မေးကြည့်ချင်တာတွေရှိနေသည်။ နောက်တော့ ဈေးသည်လေးတယောက်ထံမှ မုန့်ဆီကြော်တခု ဝယ်ပြီး ဝါးနေမိပါသည်။ ကျွန်တော့်အတွေးများသာ ယောက်ယက်ခတ်နေသော်လည်း ဘူတာရုံလေးက ပကတိ တိတ်ဆိတ်ငြိမ်သက်လျှက်။

ဆက်ပါဦးမည်။

0 comments:

Post a Comment