(ကညွှတ်ကွင်းအိမ်ပြေး ၂၈)
ကျွန်တော် မလိုက်ချင်လိုက်ချင်နှင့် ထလိုက်ခဲ့ပါသည်။ ဘင်ထုနေသည့်ကောင်လေးကို မျက်စေ့ထဲကမထွက်ပါ။ သည်လိုနှင့်အမေက ဟင်းရွက်စုံဟင်းရွက်စုံအော်ရင်း ကျွန်တော်က အမေ့လက်ကို ရဲရဲတင်းတင်းဆွဲကာ လိုက်လာပါသည်။ တနေ့ကလို ရှက်လည်း မနေတော့ပါ။ အမေလည်း စိတ်ချမ်းသာဟန် တူပါသည်။ ပြုံးနေပါသည်။ သား..လက်က နွေးတော့နွေးနေသေတယ်၊ အိမ်ပြန်ရင် ဆေးလုံးလည်း တခါလောက် ထပ်သောက်လိုက်ရင် ပျောက်သွားမှာဟု ပြောပါသည်။ ဆေးအမှုန့်တွေတိုက်နေလျက်သားနှင့် ဆေးအမှုန့်ကိုဆေးလုံးဟု ဘာ့ကြောင့် ပြောသလဲကို ကျွန်တော်မသိပါ။
နေတော်တော်မြင့်လာတော့ အမေ့ဗျတ်ကြီးလည်း ပြောင်သလင်းခါလုနီးနေပါပြီ။ ကျွန်တော်လည်း ဗိုက်အတော်ဆာနေပါပြီ။ သား ဈေးဘက်ခဏသွားရအောင် အမေဝယ်စရာရှိတယ်ဟုပြောကာ ဈေးဘက် လျှောက်လာခဲ့ကြပါသည်။ ဈေးနားရောက်တော့ ကျွန်တော် ယောင်လည်လည်ဖြစ်နေသည့်နေရာ၊ အမေနှင့်စတွေ့ခဲ့သည့်နေရာကိုပြန်တွေ့ပြီး မှတ်မိလိုက်ပါသည်။ အမေလည်း အမှုမဲ့အမှတ်မဲ့မဖြစ်ပါ။ ဒါ သားနဲ့စတွေ့တဲ့နေရာလေဟုပြောပါသည်။ ဈေးစပ်နားက ဒေါ်မျှင့်ထမင်းဆိုင်လည်း လူကျဲသွားပါပြီ။ ကျွန်တော်က ဘဲဥချဉ်ရည်ဟင်းကိုသတိရသော်လည်း စိတ်ထဲမလုံမလဲဖြစ်မိပါသည်။ အသိတွေနှင့် တိုးမှာ ကြောက်နေသည်။ တဲကို မြန်မြန်ပြန်ချင်လှပြီ။ တဲတွင် ဘယ်သူမှမရှိ။ ကျွန်တော် အဖေနှင့်အမေပဲရှိသည်။ အသိတွေနှင့်တိုးမှာလည်းမပူရ။ ဟိုလူဒီလူ လာစပ်စုမှာလည်း မပူရ။
ဒါနှင့် ကိုယ့်ကိုယ် ဘယ်သူမှမမြင်အောင် ခေါင်းကြီးငုံ့ကာ အမေနောက်က လိုက်ခဲ့ပါသည်။ ကညွှတ်ကွင်းဈေးသည် ထောက်ကြန့်ဈေးလောက်ပဲရှိမည်ထင်သည်။ အမေက အမဲသားဆိုင်ဘက်သွားကာ အမဲသားဝယ်ပါသည်။ ဆိုင်ရှင်က နောက်တောင်ကျနေပြီဟုပြောကာ အသားကောင်းကောင်းလေးတွေ ရွေးလှီးပေးပါသည်။ နောက်တော့ ကုန်စုံဆိုင်တန်း တွေဘက်သွားကား ကြက်သွန်ဖြူ ကြက်သွန်နီတွေ မဆလာတွေဘာတွေ အစုံဝယ်သည်။ တော်တော်ကြာသည်။ နောက်တော့ အထည်တန်းဘက်သွားပြန်ပါသည်။ သားအတွက် ပုဆိုးလေးတထည် ဝယ်မလားလို့ဟုပြောကာ အထည်ဆိုင်မှ ပုဆိုးရွေးသည်။ သားကအသားဖြူတော့ ဒီအဆင်လေးနဲ့မှလိုက်တာဟုပြောကာ ယူလိုက်ပါသည်။
ငွေရှင်းတော့ ၉ ကျပ်ဖြစ်သည်။ ကျွန်တော့်ပုဆိုး တထည်ဖိုးမှာ အမေတနေ့ဈေးရောင်းမှမြတ်သည့်အမြတ်နှင့် တထပ်တည်းပါလားဟု တွေးမိပါသည်။ အမေ့ နေပေစေတော့ ကျွန်တော့်မှာရှိနေတာပဲဟုပြောတော့၊ ဝယ်ရမယ်သားရဲ့ သားမှာက တထည်ထဲရှိ၊ သားအဖေပုဆိုးတွေကလည်း သားနဲ့မှမတော်တာဟု ပြောပါသည်။ ဆိုင်ရှင်က ကျွန်တော်တို့ သားအမိကိုကြည့်ပြီး အံ့ဩနေပုံရသည်။ ရုပ်ချင်းက တခြားစီမဟုတ်လား။ ဘာမှတော့ မမေးပါ။
အထည်တန်းမှထွက်တော့ အမြင့်တို့ဆိုင်ဘက် တချက်သွားကြတာပေါ့၊ သားအဖေမှာထားတာလေးတွေရှိတယ်ဟု ပြောကာ သွားကြပါသည်။ အမေဘာတွေဝယ်သည်ကို ကျွန်တော်မသိသော်လည်း အလေးကြီးတော့ဖြစ်ပါသည်။ အထုတ်ကြီးတထုတ်ကို ဗျတ်ကြီးပေါ်တင်ရွက်ကာ လာသွားစို့သားဟု ခေါ်ကာ လမ်းတွင် ဗျတ်အပ်သည့်အိမ်ကို ခဏဝင်ပါသည်။ စကားနည်းနည်းပြောပြီး ဗျတ်ကြီးအပ်ခဲ့ကာ အထုတ်တွေခေါင်းပေါ်ရွက်ပြီး တဲဆီပြန်ခဲ့ကြပါသည်။ ကျွန်တော်လည်း ကူသယ်ချင်တယ်အမေဟုပြောတော့ အထုတ်ခတ်ရွယ်ရွယ်တထုတ် ပေးပါသည်။ အထုတ်ထဲတွင် ကျွန်တော့်ပုဆိုးနှင့် နိုင်လွန်ချည်လုံးတွေ တွေ့ပါသည်။ အဖေကွန်ထိုးဖို့နေမှာဟု နားလည်လိုက်ပါသည်။
အပြန်လမ်းတွင် ကျွန်တော်က အမေ့ ဒီရိုးထဲမှာ ငါးဖမ်းချင်တယ်ဟုပြောတော့ ဒီမှာက ဖမ်းရခက်တယ်သားရဲ့။ မိုးဆိုရင်တော့ ရိုးထဲဆင်း ရင်တွန်းထိုးလို့ကောင်းတယ်၊ ငါးလည်းစုံတယ်၊ ခုနေခါတော့ ငါးသလဲထိုးလေး နည်းနည်း ပါးပါးပဲရှိတယ်ဟုပြောပါသည်။ သားအိမ်ရောက်ရင် ကန်ထဲ ငါးမျှားလေ၊ သားအဖေ့ကို ငါမျှားတန်ဆင်ခိုင်း အိမ်မှာ အကုန်ရှိတယ်ဟုပြောပါသည်။ သည်လိုနှင့် စကားတပြောပြောနှင့် ကျွန်တော်တို့ တဲဆီပြန်ရောက်လာပါသည်။ အိမ်ရောက်တော့ အဖေက ဆေးလိပ်ကြီးဖွာရင်း ကွန်ထိုးနေတာ တွေ့ရပါသည်။ ကျွန်တော်လည်း ခါတိုင်းလို ထမင်းကြော်စားထားတာမဟုတ် ငါးကြော်နှင့်ဆန်ပြုပ်သောက်ထားသည်မို့ ဗိုက်ကအလွန်ဆာနေပါသည်။ နေလည်း မွန်းတိမ်းနေပါပြီ။ ဒါနှင့် အမေ့ခူးခပ်အကျွေးကိုစောင့်မနေတော့ဘဲ ဆန်ပြုပ်လက်ကျန်နှင့် ငါးနုသန်းကြော်လေးတွေ ကိုယ့်ဘာသာယူပြီး ထည့်စားဖြစ်ပါသည်။ ကျွန်တော် လက်သိတ်ရှက်နေတာမျိုး အားနာနေတာမျိုးမရှိဘဲ တကယ့်ကို ကိုယ့်အိမ်ကိုယ့်ယာလို ခံစားရပါသည်။
0 comments:
Post a Comment