(ကညွှတ်ကွင်းအိမ်ပြေး ၂၆)
ဒီနေ့တော့ သား မလိုက်ခဲ့နဲ့တော့ အိမ်မှာပဲ အဖေနဲ့နေဟုပြောကာ နွားနို့ပုံးကြီးခေါင်းပေါ်တင်တော့ ကျွန်တော်လိုက်မယ် အမေ၊ ဘာမှမဖြစ်တော့ဘူးဟုပြောကာ အမေ့နောက်မှလိုက်ကာ ရွာထဲသို့ရောက်လာပါသည်။ အမေက ထုံးစံအတိုင်း သူနို့ပို့နေကျအိမ်တွေပို့ပြီး ဗျတ်ကြီးဝင်ယူက ကုန်စိမ်းဒိုင်ရောက်သည်။ ကုန်စိမ်းဒိုင်နှင့် မလှမ်းမကမ်း ကားလမ်းမကြီး ဘေး၊ ကုက္ကိုပင်ကြီးအောက်က ကွက်လပ်တနေရာတွင် လူတချို့စုနေကြသည်။ ကလေးများလည်း ပါပါသည်။ ကလေးများက ရှေ့မှဆောင့်ကြောင့်ထိုင်ကာ လူကြီးများက နောက်က မိုးတိုးမတ်တပ်။ ထို လူဝိုင်းထဲမှ ဒိန်းဒိန်းဒိန်း ချွမ်းချွမ်းချွမ်းနှင့် အသံကြီးတသံလည်း အဆက်မပြတ်ထွက်နေပါသည်။ ကျွန်တော်သိလိုက်ပြီ ဒါမျက်လှည့် ဝိုင်း။ မျက်လှည့်ကြည့်ချင်လာပါသည်။ အမေ ကျွန်တော် မျက်လှည့်သွားကြည့်ဦးမယ်ပြောတော့ အေးအေး..သား၊ အမေပြီးရင် လာခဲ့မယ်၊ သွားကြည့် ဘယ်မှတော့ မသွားနဲ့နော်၊ ဘယ်သူခေါ်ခေါ်လည်း မလိုက်နဲ့ဟုပြောပါသည်။ အမေ့ကြည့်ရသည်မှာ ကျွန်တော်မပါသဖြင့် ဟို ကုန်စိမ်းဒိုင်အဒေါ်ကြီး၏ အစပ်စုလွတ် အမေးလွတ်မည်ဟု ထင်ပုံရပါသည်။
မျက်လှည့်ဝိုင်းအစပ်တွင် ကားတစီးဖင်ထိုးပြီး နောက်ခန်းကိုဖွင့်ထားသည်။ ဖွင့်ထားသည့်နေရာတွင်မှန်ပေါင်တပ် သစ်သားပုံးကြီးများပြထားပြီး အထဲတွင် ဆေးပုလင်းတွေ တွေ့နေရသည်။ ဖန်ပုလင်းအကြီးကြီးတလုံးထဲတွင် ကင်းခြေများအကြီးကြီးတွေ၊ ကင်းမလက်မည်းကြီးတွေ၊ မြွေတွေ ဆေးရည်စိမ်ထားတာကို မြင်နေရသည်။ ကားဘေး နှစ်ချက်တွင်လည်း နိုင်ငံကျော်ပညာရှင်ကြီး ဆရာ............၊ လက်လှည့်မျက်လှည့် ပဉ္စလှည့်ဟုရေးထားသည်။ နောက်ခံ ကားချပ်မှာ သင်္ဂျိုင်းကုန်း၊ အုတ်ဂူများ၊ မှတ်တိုင်ပေါ် လဒနားနေပုံများ၊ သစ်ပင်ခြောက်ကြီးများ၊ တစ္ဆေသရဲပုံများ၊ မှော်ဆရာနှင့်သေမင်းပုံများဖြစ်ပါသည်။
တကယ့် မျက်လှည့်ဝိုင်းက မစသေး။ မျက်လှည့်ဆရာ လက်ထောက်က သူ့ဆရာအကြောင်းတွေကို ချီးမွမ်းခန်း ဖွင့်နေသည်။ လက်ထောက်ဆရာ စကားပြောနေခိုက် ဘင်နှင့်ယကွင်းတီးသံ တိတ်နေသော်လည်း စကားစပြတ်ပြီး သူအချက်ပြလိုက်သည်နှင့် ဘင်သံယကွင်းသံကပြန်ပေါ်လာသည်။ ဘင်တီးနေသည့်ကောင်လေးမှာ ကျွန်တော်နှင့် သက်တူရွယ်တူလောက်ဖြစ်ပါသည်။ သူ ဘင်တီးနေပုံမှာ အတော် စမတ်ကျသည်။ ခေါင်းကို ငြိမ့်လိုက်၊ ကိုယ်ကိုယိမ်းလိုက်နှင့် သူတီးနေသည့် ဘင်စည်းချက်အတိုင်း ကနေသလားပင်မှတ်ရသည်။ သူ့ကြည့်ရတာလည်း ပျော်နေပုံပေါက်သည်။ ကျွန်တော်လည်း သူ့ကြည်ပြီးပျော်နေပါသည်။
ကွင်းလယ်တွင် ၃ ပေခန့်မြင့်မည့် စားပွဲသေးသေးတလုံးကို ပိတ်စအနက်နှင့်အုပ်ထားပြီး ပိတ်စပေါ်တွင် လူ့အရိုးခေါင်းကြီးတခုနှင့် လက်ဖျံရိုးတွေ တဘက်တချက်ချထားပါသည်။ မြေကြီးပေါ်တွင် ထန်းခေါက်ဖာ အကြီးကြီး တလုံးလည်း ချထားသည်။ သူ့ဘေးနားမှာ ၃ ပေလောက်ရှည်မည့် သံချွန်တွေလည်းချထားသည်။ အခြားစားပွဲတလုံး ပေါ်တွင်လည်း သံချိန်းကြိုးတွေ၊ လက်ထိပ်တွေ၊ ကြာပွတ်တွေနှင့် ဘာမှန်းမသိသည့်အရာတွေလည်း တင်ထားပါသည်။ မြေကြီးတနေရာကို ပြောင်နေအောင်တံမျက်လှဲပြီး လေးပေပတ်လည်ခန့် အဝတ်ထူထူတစ အုပ်ထားပါသည်။ ထိုအဝတ်စ၏ အလည်ကောင်က ၆ လက်မလောက် ချွန်ပြီးထောင်တက်နေသည်။ အောက်ကနေ ငုတ်ရိုက်ထားတာ ဖြစ်မည်ထင်ပါသည်။ လက်ထောက်ဆရာက အဝတ်စအောက် လက်လျှိုသွင်းကာ အောက်က ခတ်ရှည်ရှည်မျောမျော တခုခုကို ဆွဲလိုက်၊ ဆန့်ထွက်လာလျှင် အပေါ်ကနေ အဲ့ဒီ ရှည်ရှည်မျောမျော ဖုဖုလုံးလုံးကို အုတ်နီခဲနှင့်ထုလိုက်။ ပြန်လွှတ်လိုက် ပြန်ဆွဲလိုက် အုတ်နီခဲနှင့်ထုလိုက်တွေ လုပ်နေသည်။ ထိုအဝတ်စအောက်ကအရာသည် ပြန်လွှတ်လိုက်လျှင် ရုန်းကန်ပြီး သူ့နေရာသူပြန်သွားပါသည်။ လူတွေက ဘာပါလိမ့်ဟု တွေးနေကြသည်။ သူကတော့ ဘာမှမပြော ထိုအကောင်ဟုထင်ရသည့်အရာကိုသာ အုတ်နီခဲဖြင့် သဲကြီးမဲကြီးထုထုနေသည်။ ။
ကျွန်တော်လည်း လူကြီးတွေကြားမှ တိုးဝှေ့ဝင်ကာ ရှေ့တန်းတွင်ဆောင့်ကြောင့် ထိုင်လိုက်သည်။ မျက်လှည့်ဆရာ လက်ထောက်က ဖဲချပ်လေးတွေနှင့် ဖဲမျက်လှည့်ပြလိုက်၊ တုတ်ချောင်းလေးတွေ ပစ်မြှောက်ကစားပြလိုက်၊ မြွေကြီး ထုတ်ပြလိုက်၊ သူ့ဆရာအကြောင်းတွေပြောလိုက်၊ ဘင်ထုသည့်ကောင်လေးက ထုလိုက်နှင့် လူစုနေပါသည်။ ကျွန်တော်က မျက်လှည့်သာကြည့်နေရသော်လည်း စိတ်က ဘင်ထုနေသည့်ကောင်လေးဆီသာ ရောက်နေပါသည်။ ငါလည်း သူ့လိုသာဆို ဘယ်လောက်မိုက်မလဲဟု တွေးပြီး သဘောတွေကျနေပါသည်။
ထိုအချိန်တွင်မျက်လှည့်ဆရာကြီး ဝိုင်းထဲဝင်လာသည်။ အင်္ဂလိပ်တွေဝတ်သည့်ဝတ်စုံအနက်နှင့်ဖြစ်ပြီး လည်စည်း စည်းထားသည်။ အနားပြားအကြီးကြီးပါသည့် ဦးထုပ်ချွန်ခွန်ကြီးလည်းဆောင်းထားသည်။ လက်ထဲတွင် တုတ်ကောက်သေးသေးလေးတချောင်းလည်း ကိုင်ထားသည်။ ဦးထုပ်ကြီးကို ညာလက်ဖြင့်အသာမ ချွတ်ကာ ခါးကိုင်ပြီးပရိတ်သတ်ကိုနှုတ်ဆက်သည်။ ပြီးတော့ သူ့တပည့်ဆီမှ ရေခွက်တောင်းကာ မျက်လှည့် စည်းဝိုင်းကို ရေပတ်လောင်းသည်။ ရေဖြင့် စည်းတားသည့်သဘောဖြစ်သည်။ ထို့နောက် ပါးစပ်မှ ဘာတွေမှန်းမသိ တတွတ်တွတ်ရွတ်သည်။ ဥုံ ဥုံဆိုတာတွေလည်း ပါသည်။ မြေကြီးကို ဖနောင့်နှင့်ပေါက်လိုက် စားပွဲပေါ်က အရိုးခေါင်းကို လက်ထဲကတုတ်ကောက်လေးနှင့်ခေါက်လိုက်လုပ်ကာ တယောက်တည်း ဒေါသတကြီးတွေ ပြောနေသည်။ ကျွန်တော်သေသေချာချာ သူ့လက်တွေကြည့်လိုက်တော့ လက်တွေမှာ အနူလက်တွေလို ကွေးကွေးကောက်ကောက် ဖြစ်နေပါသည်။ လက်မနှင့် လက်ညှိုးကြားက ကြွက်သားများလည်း မရှိပါ၊ လက်က ချိုင့်နေပါသည်။ မျက်နှာကြည့်တော့ ပိန်ပိန်ချပ်ချပ် အရိုးပေါ်အရေတင်နှင့် နှာနုရိုးမရှိသဖြင့် နှာခေါင်းမှာ ချိုင့်ဝင်နေပါသည်။ မျက်လုံး အောက်မျက်ခမ်းကြွက်သားများမရှိသလို မျက်ခုံးမွှေးများလည်း မရှိတော့ပါ။ အနူကြီးတယောက်နှင့် တထေရာတည်း ဖြစ်နေပါသည်။ ကြောက်စရာကြီးလိုလည်း ဖြစ်နေပါသည်။
0 comments:
Post a Comment