(ကညွှတ်ကွင်းအိမ်ပြေး ၄၅)
ဆရာဝဏ္ဏက မြွေကြီးအကြောင်းပြောရင်း ခေါင်းဆတ်ပြတော့ အကင်းပါသည့် ငတင့်က မြွေသေတ္တာကို ဖွင့်ပြီး မြွေကြီးကို သူ့ကိုယ်ပေါ်တင်ကာ ဖြည်းဖြည်းခြင်းဝိုင်းတပတ်လှည့်ပါသည်။ ငတင့်ကိုယ်နှင့်စာလျှင် မြွေကြီးမှာ တော်တော်ကြီးပါသည်။ မြွေကြီးက သူ့ကိုယ်ပေါ်မှ လျှောဆင်းတော့မယောင်ယောင်လုပ်တိုင်း ငတင့်က မနိုင့်တနိုင်ဖြင့် ဆွဲဆွဲတင်ပါသည်။ တချို့ကလည်း မြွေကြီးကိုမြင်တော့လန့်ပြီး နောက်ဆုတ်သွားကြသည်။ တချို့ကတော့ အနားတိုးကာ အနီးကပ်ကြည့်ကြ လက်ဖြင့်ထိကြည့်ကြပါသည်။ ထိုအချိန်တွင် မျက်လှည့်ဝိုင်းမှာ လူတန်း ၂ ထပ် ၃ ထပ်ခန့်ဖြစ်နေပါပြီ။
ထို့နောက် ဆရာဝဏ္ဏက ငတင့်ကို မျက်ရိပ်ပြလိုက်တော့ ငတင့်က မြွေကြီးကို မြေကြီးပေါ် အသာအယာချကာ အထုတ်တထုတ်ထဲမှ ဦးထုပ်လိုတလုံးကိုဆွဲထုတ်လိုက်ပါသည်။ မြွေကြီးက မြေကြီးပေါ်တွင် အလျားလိုက် စင်းစင်းကြီးနေနေပါသည်။ ကျွန်တော်က မြွေကြီး လျှောကနဲထွက်သွားမှာကို စိုးနေသည်။ မြွေကြီးက မသွားပါ။ ငြိမ်မြဲငြိမ်နေပါသည်။ ကဲ တပည့်ရေ မြွေစာဖိုးလေး လိုက်ကောက်ချေကွာ၊ စေတနာသဒ္ဓါတရားရှေးရှူ့လို့ မြွေစာဖိုးလေးများ ထည့်ဝင်ကြပါခင်ဗျာ၊ ကုသိုလ်လည်းရပါတယ်၊ နတ်မြွေကြီးပါ၊ မြွေသူတော်ကောင်းကြီးပါ၊ မိတ်ဆွေတို့ မြွေစာဖိုးလေးထည့်ချိန်မှာ မပျင်းရအောင်ကျွန်တော်က ဖဲလက်လှည့်ပြပါမယ်ဟုဆိုပြီး ဆရာဝဏ္ဏက စားပွဲခုံပေါ်မှ ဖဲထုတ်ကိုယူကာ လေထဲတွင် လှလှပပ ကုလားဖန်ထိုးထိုးပြပါသည်။ အမြင့်ကြီးကို ဆွဲပြလိုက် အနီးပြန်ကပ်ပြီး အားလုံးတထပ်တည်းဖြစ်အောင်လုပ်ပြလိုက်နှင့် ဖဲချပ်များမှာ ငှက်တွေပျံနေသလို လေထဲတွင် ဝဲကနဲဝဲကနဲနေပါသည်။ ပရိတ်သတ်ကလည်း သဘောတွေကျကာ လက်ခုပ်တီးကြပါသည်။ တပည့်ရေ ဟိုနောက်မှာ ဆရာသမားတယောက်ကွ အိပ်နှိုက်နေတယ်၊ မြွေစာဖိုးထည့်မလို့နဲ့တူတယ် အလှူခံလိုက်ပါဦး၊ တပည့်ရေ ဒီရှေ့ကအမကြီးဆီကလည်း ယူလိုက်ပါဦးတွေလည်း မပြတ်အောင်ပြောသည်။
နောက်ပြကွက်တခုကတော့ ပိုဆန်းသည်။ ဆရာကဖဲထုတ်ကိုယူကာလက်ထဲတွင်ကုလားဖန်ထိုးပြီးနောက် ပရိတ်သတ်ထဲမှ လူကြီးတယောက်ဖက်လှည့်ကာ ဖဲတချပ်ယူခိုင်းပြီး သူမမြင်အောင်ကြည့်ပါ၊ ဘေးလူတွေကိုလည်း သူမမြင်အောင်ပြပြီး ဖဲပွင့်နှင့်နံပတ်ကိုမှတ်ထားပါဟုပြောပါသည်၊ ဟိုလူကြီးကလည်း ဆရာပြောသည့်အတိုင်း လုပ်ပါသည်။ ထို့နောက် ဖဲချပ်ကို ဆရာမတွေ့ရအောင် လက်ဖြင့်အုပ်ပြီး ဖဲထုတ်ထဲပြန်ထည့်ပါသည်။ ကျွန်တော်လည်း ဘာဖဲချပ်မှန်း ဘာနံပတ်မှန်းမသိပါ။ ဆရာလည်း မတွေ့ရပါ။ ထို့နောက်ဆရာက ဖဲထုတ်ကိုယူပြီး စားပွဲပေါ်တွင် ကုလားဖန်ထိုးလိုက် ဖဲဆွဲလိုက်ပြန်ထပ်လိုက် လေးငါးကြိမ်လုပ်ပါသည်။ သွားပြီပေါ့ ထိုဖဲချပ်လည်း ဘယ်နားရောက်လို့ ဘယ်ကြားညှပ်လို့ ညှပ်မှန်းမသိတော့ပြီပေါ့။ ထို့နောက်ဆရာက ထိုလူကြီးရှေ့ပြန်လာပြီး ဖဲကို ချိုးခိုင်းပါသည်။ ထိုလူကြီးက ဖဲထုတ်အလယ်တည့်တည့်မှ ချိုးချလိုက်သည်။ ထိုအခါ ဆရာက ဖဲထုတ်တဝက်ကို လက်တဘက်နှင့် ကိုင်ထားပြီး နောက်လက်တဘက်ကဖြင့် ကျန်တဝက်ကို အပွင့်တွေဘက်မှနေပြီး ထိုလူကြီးကိုပြလိုက်သည့်အခါ ထိုလူကြီးရော သူ့အနားမှလူတွေပါ ဟာကနဲဖြစ်ကုန်ကြသည်။ တယောက်က မိုက်လှချည်လားဟုပင် အသံထွက်သွားပါသည်။
ဆရာဝဏ္ဏကလည်း ဖဲမျက်လှည့်များ တခုပြီး တခုပြသည်။ ကြည့်လို့အတော်ကောင်းသည်။ ဘယ်လိုလုပ်မှန်း ကျွန်တော်မသိသော်လည်း သူ့လိုလုပ်တတ်ချင်လာသည်။ ငတင့်တောင် နည်းနည်းပါးပါးလုပ်တတ်နေတာပဲ ငါလည်းတနေ့တော့ တတ်ကိုတတ်ရမယ်၊ အရေးကြီးတာက ဆရာကသင်ပေးဖိ့ပဲ။ ဆရာသင်ပေးအောင်လည်း ငါက ငတင့်လိုနေမှဖြစ်မယ်ဟု တွေးမိပါသည်။ ဟုတ်သည်။ ကျွန်တော် ငတင့်လိုနေမှဖြစ်မည်။
ငတင့်မြွေစာဖိုး လိုက်ကောက်သည်မှာ ဝိုင်းတပတ်ပြည့်သွားသည်။ ပက်လက်လှန်ထားသည့် ဦးထုပ်ထဲတွင်လည်း ပိုက်ဆံတွေမနည်း။ ငတင့်လက်ထဲမှဦးထုပ်ကိုလှမ်းယူပြီး အထဲက ပိုက်ဆံတချို့ကို လက်ဖြင့်ဆုပ်ယူပြီး မြွေကြီး၏ ခေါင်းကို ပိုက်ဆံတွေနှင့် ပုတ်ပေးသပ်ပေးပါသည်။ ထိုနောက် ဦးထုပ်ပြန်ပေးကာ တပည့်ရေ တပတ်လောက် ထပ်လှည့်လိုက်ပါဦးကွာ စေတနာရှိတဲ့လူတွေ မနည်းဘူးကျန်နေသေးတယ်ဟုပြောပါသည်။ သည်တကြိမ်တွင် ငတင့်ငွေကောက်ပုံ အလှူခံပုံပုံမှာ နည်းနည်း ရဲတင်းသည်ဟုကျွန်တော်ထင်ပါသည်။ ရိုင်းသည်ဟုလည်း တွေးမိပါသည်။ ပေးချင်မှန်းမသိ မပေးချင်မှန်းမသိ လူတွေကြားအတင်းတိုးပြီး လူတွေ ရင်ဘတ်ရှေ့မျက်နှာရှေ့တွေကို ဦးထုပ်ဖြင့် ထိုးထိုးခံသည်။ ပါးစပ်ကလည်း မြွေစာဖိုးလေးပါခင်ဗျ မြွေစာဖိုးလေးပါခင်ဗျနှင့် ပြောသေးသည်။ လူတွေက ပေးရန်စိတ်ကူးမရှိသော်လည်း မျက်နှာရှေ့အတင်းလာထိုးခံနေသဖြင့် အားနာနာနှင့် ထည့်ကြသည်။ ခတ်ရှက်ရှက်ဖြင့် ထည့်ကြသည်။
ကျွန်တော့်ကို ငတင့်လိုလုပ်ခိုင်းလျှင် ခက်မည်။ ကျွန်တော် ထိုသို့မလုပ်ချင်။ မပေးချင်မှန်းမသိ ပေးချင်မှန်းမသိ ဇွတ်တောင်းနေတာဖြစ်သည်။ လူတွေကို အားနာသည်။ သို့သော် ကျွန်တော့်ရွေးချယ်မှုအရ ကျွန်တော့်ဘာသာ ဆရာဝဏ္ဏနောက်လိုက်ခဲ့တာ မဟုတ်လား။ အဖေတို့အမေတို့ကို ထားခဲ့တာမဟုတ်လား။ နောက်ပြန်လှည့်လို့ကလည်း မဖြစ်တော့ပြီမဟုတ်လား။ ကျွန်တော်ကြုံချင်သည့် အတွေ့အကြုံအသစ်တွေ အဆန်းတွေကြုံဖို့၊ နေရာဒေသတွေ ရောက်ဖို့လိုသည် မဟုတ်လား။ ကျွန်တော် စိတ်ကိုဒုံးဒုံးချလိုက်ပါသည်။ ကိုယ့်ကိုယ်ကိုယ်ရဲဆေးလည်း တင်လိုက် ပါသည်။ ကျွန်တော် ငတင့်လုပ်တာတွေအကုန်မှတ်ထားမည်။ စကားပြောတာကအစ ငတင့်လိုပြောမည်။ ဟုတ်သည် ကျွန်တော် ငတင့်လိုနေမည်။
(ဆက်ပါဦးမည်)
0 comments:
Post a Comment