Wednesday, February 8, 2023

ကညွှတ်ကွင်းအိမ်ပြေး ၂၀

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၂၀)

တဲထဲဝင်လိုက်တော့ တခုခုကြော်ထားချက်ထားသလို ဟင်းနံ့တွေမွှေးနေပါသည်။ အမေလည်း နွားမီးထည့်ပြီးပြီ။ အဖေက တောဘုကြီးချွတ်ရင်း လူလေးလည်း ဗိုက်ဆာနေလောက်ပြီဟ မိခ..ရေ လုပ်ဟာဟု ပြောပါသည်။ ကျွန်တော် ဗိုက်တော်တော်ဆာနေမှန်း သည်တော့မှသတိထားမိပါသည်။ ကြွက်ထောင်သည့်ကိစ္စ လယ်ထဲ မိုးချုပ်ဘက် ထွက်ရသည့်အရသာတွေကိုတွေ့ကာ ဗိုက်ဆာဖို့မေ့နေတာဖြစ်ပါလိမ့်မည်။

 

အဖေက သူကွန်ထိုးရင်း ထိုင်နေကျနေရာလေးမှာ ထိုင်ပါသည်။ အမေက အရက်ပုလင်းနှင့် အမြည်းပန်ကန်ကို လာချပေးပါသည်။ ကြောင်တွေလည်းဆာနေပြီဟုဆိုကာ စိမ်းစားငါးပိမီးဖုတ်နှင့် ထမင်းနှင့်နယ်ပြီး အစာ ခွက်လေးတွေထဲ ထည့်ပေးပါသည်။ အမေလည်းစားမလို့ သားကိုစောင့်နေတာဟုပြောကာ ထမင်းစားခုံသို့ ထမင်းပဟင်းပန်ကန်များ ချပါသည်။ ဟင်းမှာ ကြွက်ကျပ်တိုက်ကို ငရုပ်သီးစပ်စပ်လေး ခြောက်စပ်ကြော် ထားတာဖြစ်ပြီး ပဲဟင်းတခွက်၊ ရွှေဖရုံညွန့်ကြော်တခွက်၊ ငပိရည်တို့စရာဖြစ်ပါသည်။

 

တဲသည် တိတ်ဆိတ်နေပါသည်။ ပတ်ဝန်းကျင်မှ ပုရစ်သံလေးများ ကြားနေရပါသည်။ ထမင်းစားခုံပေါ်က မီးခွက်ကို လာတိုးသော ပိုးဖလံလေးများ အတောင်မီးကျွမ်း၍ တဖြုတ်ဖြုတ်ပြုတ်ကျနေပါသည်။ တချို့မှာ ဟင်းရည်ပန်းကန် ထဲကျကာ သေရေးရှင်ရေးတမျှ ကူးခတ်နေပါသည်။ အမေက ထိုပိုးကောင်လေးများအား လက်ဖြင့်ဆယ်ကာ ပစ်ထုတ်ပါသည်။ ကျွန်တော့် ပန်းကန်ထဲလည်း ပိုးကောင်လေးတွေကျပါသည်။ ပုရစ်သေးသေးလေးတွေလည်း ပါပါသည်။ ကျွန်တော် ရွံသလိုလိုဖြစ်မိသော်လည်း လက်ဖြင့်ဖယ်ကာ ထမင်းအစားမပျက်စားပါသည်။ အမေက သား..ပုရစ်စားဖူးလားဟုမေးပါသည်။ စားဖူးကြောင်း၊ ပုရစ်ကောက်ဖူးကြောင်း၊ ပုရစ်တွင်းတူးဖူးကြောင်းတွေအထိ တသီကြီးပြန်ပြောမိသည်။ 

 

အမေ့ကို ပြန်ပြောပြနေရင်း ကျွန်တော့်စိတ်တွေ ပေါ့ပါးလတ်ဆတ်နေသည်ဟုထင်ပါသည်။ အာသွက်ပြီး စကားတွေ ရွှင်နေပါသည်။ နေ့လည်ကဖြစ်ခဲ့သော ခံစားမှုများလည်း မရှိတော့ပါ။ ကျွန်တော်ဘယ်သူလဲ စပ်စုသူများ စူးစမ်း အကြည့်များနှင့်ဝေးနေလို့ဖြစ်မည် ထင်ပါသည်။ အမေ့ကိုလည်း ပိုတွယ်တာမိသလိုဖြစ်ပါသည်။ ထမင်းစားရင်း စကားပြောရတာလည်း အရသာတွေ့နေပါသည်။ နဖူးကအနာကလည်း ဘာအနာအကျင်မှမရှိတော့ပါ။ နေလို့ အလွန်ကောင်းနေပါသည်။

 

အမေက ကြွက်အသားဖတ်လေးများ ပေါင်လုံးလေးများကို ကျွန်တော့်ပန်းကန်ထဲ ခပ်ခပ်ထည့်ပေးပါသည်။ ကျွန်တော် ရွံခဲ့ဖူးသောကြွက်သည် ခုတော့ ခံတွင်းမြိန်စရာ ဟင်းကောင်းတခွက်ဖြစ်နေပါသည်။ အမေနှင့်ကျွန်တော် လက်စ သတ်တော့ အဖေက ရီတီတီဖြစ်နေသည်ထင်ပါသည်။ လူလေးရ စားပြီး အဖေ့နားလာပါဦး၊ ပြောစရာရှိလို့ဟု ခေါ်ပါသည်။ အမေက ထန်းလျှက်တခဲ ကျွန်တော့်ပါးစပ်ထဲခွံ့ရင်း သွားလိုက်သားဟုပြောကာ စားပြီးသားများ သိမ်းနေပါသည်။

 

အဖေက အရင်းမရှိအဖျားမရှိ လူလေးမှာ သူငယ်ချင်းတွေရှိလားဟုမေးပါသည်။ အမေပြောပြလို့ အဖေလည်း ကျွန်တော့်(လိမ်ပြောထားသည့်) ညီအကိုမောင်နှမတွေအကြောင်း အဖေအမေအကြောင်း သိထားပြီးဖြစ်ပါလိမ့်မည်။ အဖေက သူတို့အကြောင်းတွေ မမေးဘဲ သူငယ်ချင်းတွေအကြောင်း ရွေးမေးပါသည်။ ဘာလို့ ငါ့မိသားစုအကြောင်း မမေးတာပါလိမ့်ဟုတွေးမိလိုက်ပါသေးသည်။ သူ မသိချင်လို့နေမှာဟု ကိုယ့်ဘာသာတွေးရင်း အေးအေးပဲ နေလိုက်ပါသည်။

 

ကျွန်တော့်သူငယ်ချင်းတွေအကြောင်းပြောရင်း ကျောင်းပြေးသည့်အကြောင်းရောက်လာတော့ အဖေက လူလေးက ဘာလို့ကျောင်းပြေးရတာလဲဟုမေးပါသည်။ ပျော်လို့ပါအဖေဟု ပြန်ဖြေတော့ အဖေ မျက်ခုံးပင့်ကြည့်ပါသည်။ လူလေး အခုရော ကျောင်းမတက်ချင်ဘူးလားဟု မေးပါသည်။ ကျွန်တော် သည်တော့မှ ကျောင်းနေဘက်သူငယ်ချင်းတွေကို ပိုသတိရသွားပြီး ကျောင်းလည်း တက်ချင်လာပါသည်။ သို့သော် ပါးစပ်မှ ဘာလို့မှန်းမသိ မတက်ချင်ပါဘူးအဖေရာဟု ထွက်သွားပါသည်။ အဖေက တဲအပြင်သို့ ငေးမိငေးရာငေးနေရင်းက လူလေး အဖေတို့နဲ့ တသက်လုံးနေချင်လည်း နေသွားလို့ရတယ်။ နေမယ်ဆို အဖေတို့လည်း ဝမ်းသာမှာပဲ။ အေး..ဒါပေမယ့် လူလေး အိမ်ပြန်ချင်တယ်ဆိုလည်း အချိန်မရွေးပြော၊ အဖေတို့ပြန်လိုက်ပို့မယ်၊ လူလေးမိဘတွေလည်း မျှော်နေမှာ၊ သူငယ်ချင်းတွေလည်း မျှော်နေမှာ၊ အဖေတို့ကတော့ လူလေးကို ကျောင်းမထားနိုင်ဘူးဟု ပြောပါသည်။ 

 

ကျွန်တော် တော်တော် ဝမ်းနည်းသွားပါသည်။ အိမ်လည်း ပြန်ချင်သလိုလို မပြန်ချင်သလိုဖြစ်ပါသည်။ လူက အငြိမ် မနေနိုင်သလိုဖြစ်သွားပါသည်။ အဖေက လူလေးကို ပြန်လို့ပြောတာမဟုတ်ဘူးနော်၊ လူလေးပြန်ချင်တယ်ဆို အဖေတို့ ပြန်လိုက်ပို့မယ်ပြောတာ၊ လူလေး ဒီမှာနေချင်သလောက်နေလို့ရတယ်ဟု ထပ်ပြောပါသည်။ ကျွန်တော် ဘာမှ ပြန်မပြောမိပါ။ စိတ်ထဲတမျိုးကြီးဖြစ်နေပါသည်။ 

 

ဒါကိုရိပ်မိဟန်တူသည့်အဖေက မင်းအမေကမှ စာနည်းနည်းပါးပါးတတ်သေးတယ်၊ အဖေက ကျောင်းကိုမနေဖူးတာ၊ စာလည်း မတတ်ဘူး၊ ဘုန်းကြီးကျောင်းလည်း မနေခဲ့ရဖူးဘူး၊ အဖေက လူလေးအမေတို့အိမ်က စာရင်းငှားလေ၊ အဖေ ငယ်ငယ်လေးထဲက မိဘတွေဆုံးတော့ လူလေးအမေ့ မိဘတွေက အဖေ့ကိုစောင့်ရှောက်ထားတာ၊ အဖေ့အဖေလည်း လူလေးအမေမိဘတွေရဲ့ စာရင်းငှားပဲ၊ အဖေတို့ကဆင်းရဲတယ်၊ လယ်ပိုင်ယာပိုင်မရှိဘူး၊ အေးလေ ခုလည်း မရှိပါဘူးဟု ပြောပါသည်။ အဖေ့အသံတွင် ဝမ်းနည်းတာလိုလို တခုခုကိုသတိရတာလိုလို ဆွေးဆွေးမြေ့မြေ့လိုလိုတွေ ပါနေသည်ဟု ကျွန်တော်ထင်ပါသည်။ အဖေ အရက်တခွက် ထပ်သောက်လိုက်ရင်း ဟူး..ကနဲ သက်ပြင်းချပါသည်။ စာရင်းငှား ဆိုသည်မှာ ဘာမှန်းမသိသော်လည်း အဖေက အမေတို့အိမ်တွင် အလုပ်တခုခုလုပ်သည်ဟုတော့ နားလည်လိုက်ရ ပါသည်။  

 

အဖေ့စကားတွင် အဖေ့အကြောင်း တစွန်းတစပါပါသည်။ အမေကစာနည်းနည်းပါးပါးတတ်သည်ဟုပါတော့ ဘယ်လောက်နည်းနည်းပါးပါးလဲ ကျွန်တော်သိချင်လာပါသည်။ ဒါနှင့် အမေ့ကို အမေ အမေက ကျောင်း ဘယ်နှတန်း အထိတက်ဖူးတာလဲဟု မေးမိပါသည်။ ၄ တန်းအထိသားရဲ့၊ ဘာဖြစ်လို့လဲဟု မေးပါသည်။ ဘာမှမဖြစ်ပါဘူး အဖေက အမေကမှ စာနည်းနည်းပါးပါးတတ်သေးတယ်လို့ပြောလို့ပါဟု ပြန်ပြောလိုက်ပါသည်။ ထိုအချိန်တွင် ကျွန်တော်က အမေ့ထက် သုံးတန်းစာ ပိုတတ်နေပါသည်။

0 comments:

Post a Comment