(ကညွှတ်ကွင်းအိမ်ပြေး ၂၅)
ကျွန်တော် အိပ်ယာထဲမှနေ၍ တော့်သားက ငါးကြော်နဲ့ဆန်ပြုပ်သောက်ချင်တယ်ပြောတယ်၊ ကျုပ်တော့ ဆန်ပြုပ် ပြုပ်နေပြီဟု အမေ့ပြောသံကို လှမ်းကြားရပါသည်။ အဖေက ဟေ..အေးအေးဟုပြောပြီး ထရံက ကွန်ကိုဖြုတ်ပါသည်။ ငါ တချက်လောက်သွားပစ်လိုက်မယ်ဆိုကာ ကန်လေးဘက်ထွက်သွားပါသည်။ ကျွန်တော် လူးလဲထတော့ ကြမ်းမြည်သံကြောင့် အမေကလှမ်းကြည့်ပြီး နိုးပြီလား သား၊ မျက်နှာ သွားမသစ်နဲ့ အပြင်မှာအေးတယ်၊ အမေ ရေနွေးနဲ့ မျက်နှာသစ်ပေးမယ်ဟုပြောပြီး သစ်ပေးပါသည်။
ထိုအချိန်တွင် အဖေ ကွန်ကြီးတန်းလန်း မလျက်သားနှင့် ပြန်ရောက်လာပါသည်။ ကွန်ထဲတွင် ငါးတွေ ထွေးနေပါသည်။ အဖေက ဇလုံကြီးထဲ ငါးတွေ ခါချရင်း လူလေး အတွက်လည်းကြော်၊ တို့အတွက်လည်း ချက်ကွာ၊ ငါ့အတွက်ပါ လူလေးထဲ နည်းနည်းထည့်ကြော်လိုက်ဟု ပြောပါသည်။ ကျွန်တော် ကြည့်လိုက်ရာ ငါးနုသန်းတွေများပြီး ငါးပြေမနှင့် ငါးပနော်လေးတွေလည်း တွေ့ပါသည်။ အမေက သားက ဘာငါးစားမလဲ၊ ငါးနုသန်းပဲစား၊ သူက ချိုတယ် ဆူးလည်း မများဘူးဟုပြောကာ ငါးနုသန်းတွေကို ရွေးထုတ်ပါသည်။
ထိုနေ့က ကျွန်တော့်မနက်စာ အဆာပြေသည် ခါတိုင်းလို ထမင်းကြော်မဟုတ်ပါ။ ဆားဆနွင်းလူးထားသည့် ငါးနုသန်းကြော်လတ်လတ်ဆတ်ဆတ် နှင့် ဆန်ပြုတ်ပျစ်ပျစ်ဖြစ်ပါသည်။ အမေက ဆန်ပြုပ်ကို ဆားလေးခတ်ကာ ငရုပ်ကောင်းလေးလည်း ဖြူးပေးပါသည်။ ဆနွင်းရောင်ဝါဝါလေးနှင့်ငါးနုသန်းများမှာ အနားလေးတွေကြွပ်ကာ အသားထူသည့်နေရာများတွင် နုပြီးအိနေပါသည်။ ခေါင်းတွေလည်း ကြွပ်ရွနေပါသည်။ မွှေးလည်းအလွန်မွှေး ချိုလည်းအလွန်ချိုကာ ပူနွေးနေပါသည်။ စားလို့အလွန်ကောင်းပါသည်။ ကျွန်တော်စားနေတုန်း စားကောင်းလား သား၊ ခံတွင်းလိုက်လားဟုလည်း မေးပါသည်။
စားလို့သောက်လို့ပြီးတော့ ကွမ်းရွက်ပြုပ်ရည်နှင့် ဆရာမောင်ဆေးနီနှုန့် ထပ်သောက်ရပါသည်။ ကျွန်တော် အဖျားကျသွားပြီဟု ထင်ပါသည်။ ကိုယ်ကတော့ ခတ်နွေးနွေးနေပါသေးသည်။ သို့သော် ကျနော် နေလို့ ကောင်းနေပါသည်။ စားလို့သောက်လို့ပြီးတော့ အဖေက နို့ညှစ်ရန်ပြင်ပါသည်။ အမေက အဖေ့ ထိုးလက်စနှီးတွေကို စည်းပါသည်။ ကြမ်းကို တံမျက်စည်းလှဲပါသည်။ ပါးစပ်ကလည်း နင့်အဖေက လုပ်ရင် နောက်ကတယောက်က လိုက်ရတယ်ဟု ပြောပါသည်။ လူလေး သွားလှဲနေချည်ဟုပြောသော်လည်း ကျွန်တော်အိပ်ယာထဲ မနေချင်ပါ။ ကျွန်တော် နေကောငးနေပြီအမေ၊ အဖေဆီသွားမယ်ဟုဆိုကာ အဖေနွားနို့ညှစ်ရာသို့ ရောက်သွားပါသည်။ အဖေက နို့ညှစ်ရင်း ဟေ့ လူလေး အေးတယ်ကွ၊ ဖြစ်ပါ့မလားဟုမေးပါသည်။ ရပါတယ်အဖေရဟုပြောပြီး အဖေနို့ညှစ်တာကို အဓိပ္ပါယ်မဲ့ ကြည့်နေမိပါသည်။
နွားနို့ဆိုတာ အစိမ်းသောက်မှအားပိုရှိတာကွ၊ ကျိုလိုက်ရင် ဓာတ်တွေပြောင်းသွားတတ်တယ်ဟုပြောတော့ ကျွန်တော်က အဖေကလည်း အစိမ်းသောက်ရင် ဝမ်းတွေဘာတွေပျက်မှာပေါ့ဟု ပြန်ပြောမိပါသည်။ အဖေက မင်း...နွားလေးတွေကိုကြည့်ပါလား အစိမ်းပဲသောက်နေကြတာ ဘာဖြစ်လို့တုန်းဟု ထပ်ပြောပါသည်။ ကျွန်တော် အဖေနှင့် မငြင်းချင်ပါ။ ခဏနေတော့ အဖေက လူလေး ဒီနေ့ ပိုဆိုးလာရင် ကွင်းပိုင်နည်းနည်းမြှောက်မလားတောင် တွေးနေတာ၊ ခုတော့ မလိုတော့ဘူးပေါ့ကွာဟု ပြောပါသည်။
ကွင်းပိုင်မြှောက်တာကိုတော့ ကျွန်တော်သိသည်။ ကန်တွင်း(လှော်ကားကန်)ထဲ ငါးသွားမျှားတိုင်း ကန်စပ်ရောက်လျှင် ကိုထွေးမောင်ကြီး အမြဲလုပ်နေကြ။ ပါလာသည့်ကွမ်းနှင့် အထုတ်ထဲက ထမင်းတဆုပ်နှစ်ဆုပ်ယူကာ အဘရေ စားပါသောက်ပါဗျ၊ အဘရေ စားပါသောက်ပါဗျ၊ ငါးများလည်းပေးပါ သားများကိုလည်း စောင့်ရှောက်ပါဟုအော်ပြီး ထမင်းတွေကို အရပ်လေးမျက်နှာပက်ပြီး ကွမ်းကို နီးစပ်ရာသစ်ငုတ်တခုခုပေါ် သို့မဟုတ် သစ်ကိုင်းကြားတခုခုပေါ် ထားခဲ့တာဖြစ်သည်။ ကျွန်တော်တို့ ဌေးဝင်းတို့ သိန်းစည်တို့က မယုံသော်လည်း မရယ်ရဲပါ။ ကျွန်တော်တို့ ရွှတ်နောက်နောက်လုပ်ကာ အဘရေ ကျွန်တော်တို့လည်း သူပြောသလိုဗျ သူပြောသလိုဗျဟုပြောလျှင် မင်းတို့တော့ ကွင်းပိုင်အကိုင်ခံရတော့မည်ဟု ပြောပါသည်။ တခါ ကျွန်တော် အူကျရောဂါဖြစ်တော့ သူက မင်း..အဲ့ဒါ ကွင်းပိုင် ကိုင်တာဟုပြောဖူးပါသည်။
ကျွန်တော်က ကွင်းပိုင်မြှောက်တာ အဲ့လိုလားဟု အဖေ့ကိုမေးတော့ အေးကွ တူတော့မတူဘူးပေါ့ကွာ၊ ဒို့ ဒီဘက်က ကွင်းတွေက နတ်ကြီးတယ်ကွ၊ ကွင်းပိုင်ကြီးတွေကလည်း တန်ခိုးကြီးတယ်၊ တင်ရင်မြှောက်ရင်လည်း မုန့်ဖြူမုန့်နီတွေအပြင် ကြက်ကြော်တို့ ဝရမ်တို့ပါရတယ်ကွဟု ပြောပါသည်။ ကျနော်က အဖေ့ ဝရမ်ဆိုတာဘာလဲဟု မေးတော့ စစ်တပ်ကထုတ်တဲ့အရက်လေကွာ၊ အနီလေကွာ၊ အာမီဝရမ်လေကွာဟုပြောပါသည်။ ဪ.. အာမီရမ်ကိုးဟုပြောတော့ အေးလကွာ အဲ့ဒါပေါ့ဟု ပြောပါသည်။ ပြီးတော့ မင်းသူငယ်ချင်းတွေကလည်း နောက်တော့ အတော်နောက်တာပဲဟု ပြောပါသည်။ လူလေးတော့ ဒီမှာ အဲ့ဒါမျိုးတွေ မလုပ်နဲ့နော်၊ ဒီမှာက တကယ်ကိုင်တာ၊ တချို့ဆို လေဖြတ်သွားတာ သေတဲ့အထိပဲ၊ ကုလို့ကိုမရဘူး၊ တချို့လည်း ရူးသွားကြတယ်ဟု စိုးရိမ်တကြီး မှာပါသည်။
စကားတပြောပြောနှင့် အဖေနို့ညှစ်တာပြီးသွားသည်။ အဖေကမှ ကျွန်တော့် သူငယ်ချင်းတွေအကြောင်းပြောဖော် ရသေးသည်။ မင်းအိမ်ကလူတွေလည်း မျှော်နေမှာပေါ့ဟု ပြောသေးသည်။ အမေက မပြော၊ မေးလည်း မမေး၊ ကြားလည်း ကြားချင်ပုံမရ။ ထို့ကြောင့် အမေ့ရှေ့တွင် သူငယ်ချင်းတွေအကြောင်း အိမ်အကြောင်း မပြောမိရရန် သတိထား နေရပါသည်။
0 comments:
Post a Comment