Wednesday, February 22, 2023

ကညွှတ်ကွင်း အိမ်ပြေး၄၀

0 comments

(ကညွှတ်ကွင်း အိမ်ပြေး၄၀)

ငတင့်က ဟေ့ကောင် ရေသွားချိုးရအောင်ဟုပြောတော့ ငါ့မှာ အဝတ်အပိုမပါဘူးဟု ကျွန်တော်ကပြောလိုက်ပါသည်။ ငါ့ဘောင်းဘီနဲ့ တယောက်တလှည့်ချိုးတာပေါ့ဟု သူက ပြောပြီး နှစ်ယောက်သား ရေတွင်းဘက်ထွက်လာခဲ့ကြပါသည်။  ရေက မော်တာစက်ဖြင့်တင်တာဖြစ်ပြီး ရေတွင်းဘေးတွင် ရေအပြည့်နှင့် အုတ်ရေကန်ကြီးရှိပါသည်။ ကန်ကြီးထဲမှ ခပ်ချိုးရပါသည်။ ငတင့်ချိုးပြီး သူ့ရေစိုဘောင်းဘီဖြင့် ကျွန်တော်ဆက်ချိုးပါသည်။ ပြီးနောက် အဝတ်အစားပြန်ဝတ်ကာ အိမ်‌ပေါ်ပြန်တက်ခဲ့ကြပါသည်။ ဆရာဝဏ္ဏလည်း သောက်ပြီးသွား၍ အထုတ်တထုတ်ကို ခေါင်းမှီကာမှိန်နေးပါသည်။ ပုလင်းပြားလေးက တဝက်ပင် မကျိုးသေးပါ။ သို့သော် ငတင့်က ဆရာတော့ ကျိုးနေပြီဟုပြောပါသည်။ ကျိုးနေတယ်ဆိုတာ ဘာလဲငတင့်ဟုမေးတော့ နှပ်နေတာလေကွာဟု ထပ်ပြောပါသည်။ သူ့ကြည့်ရသည်မှာ တခါသောက်နည်းနည်းပဲ သောက်ပုံရပါသည်။ အဖေဦးဖိုးထောင်နှင့်မတူပါ။

 

ငတင့်က ကျွန်တော့်ကို ဖဲချပ်လေးများနှင့် မျက်လှည့်ပြပါသည်။ ကျွန်တော် တော်တော် အံ့ဩသွားပါသည်။ ငတင့်ကို ဒါတွေ မင်းလည်းတတ်တာကိုဟုပြောတော့ ငါက လက်မသွက်သေးဘူးကွ ပြီးတော့ လက်ကသေးတော့ ကုလားဖန်ထိုးလည်း သိတ်မရသေးဘူး၊ ကြီးလာတော့ ကျွမ်းသွားမှာပေါ့ကွာဟုပြောပြီး သူ့ကိုယ်သူ ကျေနပ်နေ ပါသည်။ မင်း...အဲ့ဒါ ဘယ်လိုလုပ်တာလဲ ပြောပြစမ်းဟုကျွန်တော်တောင်းဆိုတော့ ဘယ်ဖြစ်မလဲ သိသွားရင် မင်းကိုငါ လိမ်လို့ဘယ်ရတော့မလဲဟုပြောကာ ပညာလျှိုထားပါသည်။ ကျွန်တော်သိချင်စိတ်ဖြင့် အားမလိုအားမရဖြစ်မိပါသည်။

 

 

နောက်တော့ ကျွန်တော်တို့ နှစ်ယောက်လည်း သင်ဖြူးဖျာပေါ်တွင် လှဲပြီး စကားတွေပြောကြပါသည်။ ငတင့်က မင်းက ဘာလို့ အမေခတို့ဆီ မနေချင်တာလဲဟု မေးတော့ ကျွန်တော့်တွင် အဖြေရေရေရာရာ မရှိပါ။ ဒီလိုပါပဲကွာဟု ပြန်ဖြေတော့ မင်းအပေါ် ဒီလောက်ကောင်းတာကွာ၊ ငါသာဆို သေတဲ့အထိနေတယ်၊ အလုပ်လည်း လုပ်စရာမလိုဘူ၊ ဆူမယ့်ရိုက်မယ်လူလည်း မရှိဘူး အေးဆေးပဲဟု ပြောပါသည်။ ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့်ဟု ဆိုပြီး ကျွန်တော် ဘာဆက်ပြောရမှန်းမသိပါ။ မင်းက ကျောင်းပြန်နေချင်တာလားဟု သူက မေးတော့ အေား..ဟုတ်တယ် ဟုတ်တယ် ဟု ကျွန်တော်က အားတက်သရော ဖြေမိပါသည်။ ငါတော့ မယုံပါဘူးကွာ၊ မင်း ကိုယ့်အိမ်မှာကိုယ် အေးဆေး ကျောင်းတက်လို့ရနေတာတောင် ကျောင်းပြေးသေးတာပဲဟုပြောသဖြင့် ငတင့်ကို လျှော့တွက်လို့မရမှန်း ကျွန်တော်သဘောပေါက်သွားပါသည်။ အဖော်မရှိဘူးကွ ငါတယောက်တည်းနေရတာ၊ သူငယ်ချင်းတွေလည်း မရှိဘူး၊ ပြီးတော့ ဘယ်မှလည်းမသွားရဘူး၊ တနေ့တနေ့ ဒါပဲဟုဟုပြော မင်းက အိမ်ကပြေးလာကတည်းက အဖော်တွေ သူငယ်ချင်းတွေ ညီအကိုမောင်နှတွေကိုထားပြီး ထွက်ခဲ့တာပဲဟာ အဲ့ဒါတွေ ကြိုစဉ်းစားဖို့ ကောင်းတာပေါ့၊ နောက်ပြီး တနေ့တနေ့ ဒါပဲဆိုတာလည်း မထူးပါဘူးကွာ၊ ငါလည်း တနေ့တနေ့ ဒါပဲလုပ်နေရတာ၊ ဒါပေမယ့် ငါက နေရာတွေ အများကြီးသွားရတယ်ဟု ပြောတော့ ဒီကောင် စောက်ကြီးစောက်ကျယ်တွေ ပြောနေတာဟုစိတ်ထဲထင်တာ စောက်မြင်နည်းနည်းကပ်သွားပါသည်။

 

နောက်တော့ ငတင့်က ဆရာဝဏ္ဏနှင့်အတူ သူ လိုက်ခဲ့သည့် မျက်လှည့်ပွဲတွေအကြောင်း၊ သူသွားခဲ့သည့် ဘုရားပွဲတွေ အကြောင်း၊ သူစားခဲ့သည့် ထူးထူးခြားခြား အစားအသောက်တွေအကြောင်း၊ သူရောက်ခဲ့သည့်မြို့တွေအကြောင်း စုံနေပါသည်။ ကျွန်တော်သူ့ကို အတော်အားကျမိပြီး ငါလည်း အဲ့လိုပဲနေတော့မှာဟုတွေးကာ ဝမ်းသာနေပါသည်။ ငတင့်ကို စောက်မြင်ကပ်တာလည်း မေ့သွားပါသည်။ အိမ်ရှေ့လမ်းပေါ်ကြည့်တော့ လူတွေသွားလာနေကြပါသည်။ အမေတို့ အဖေတို့များပါမလားဟုတွေးကာ ဇက်ကလေးပုပြီး သေသေချာချာကြည့်မိပါသည်။ မပါ ပါ။

 

ခနနေတော့ ဆရာဝဏ္ဏနိုးလာပါသည်။ ရေမိုးချိုးပါသည်။ ပြီးတော့ ကဲ ထမင်းသွားကြမယ်။ ပြီးရင် ၆ နာရီခွဲလောက်ကျ ဘူတာဆင်းမယ်ဟု နာရီကြည့်ရင်းပြောပါသည်။ ကျွန်တော် သူ နာရီကြည့်တာတွေ့ပြီး အိတ်ထောင်ကိုစမ်းမိသလို အမေခကိုလည်း သတိက ရပြန်ပါသည်။ နာရီဝယ်ဖို့ စုထားသည့်ငွေလေးက ခု ကျွန်တော့်ဆီမှာ မဟုတ်လား။ ငါ ထမင်းစားမလိုက်တော့ဘူးကွာ၊ ငါ့အတွက် ဝယ်လာခဲ့ဟုပြောကာ ပိုက်ဆံနှစ်ကျပ်ထုတ်ပေးလိုက်ရင်း ရလားဟု မေးတော့ ရတယ်တကျပ်ခွဲပဲဟု ငတင့်ကပြောပါသည်။ မောင်မျိုး မင်း ဘာလို့လဲဟု ဆရာဝဏ္ဏက မေးပါသည်။ ဘာမှမဟုတ်ပါဘူး မလိုက်ချင်လို့ပါဟုဖြေလိုက်ပါသည်။ မင်း မွေးစားအဖေအဖေနဲ့တိုးမှာကြောက်နေတာပါဟု ပြောတော့ ကျွန်တော့်စိတ်ထဲ ဆရာဝဏ္ဏရော ငတင့်ပါ သူများတွေစိတ်ထဲဘာရှိတာကိုသိနေကြသည်ဟုထင်ကာ အထင်လည်းကြီးမိပါသည်။ 

 

သူတို့ထွက်သွားတော် အိပ်အပေါ်ထပ်တထပ်လုံး ကျွန်တော်တယောက်ပဲကျန်ပါသည်။ အောက်ထပ်တွင် ဦး.... လည်းမရှိပါ။ ဒါနှင့် အိမ်ထောင့်တွင်ချထားသည့် ဘင်ကြီးကို လက်ဖြင့် သွားထိကြည့် ဖြည်းဖြည်းထုကြည့်ပါသည်။  ဘင်တီးသည့်လက်ခတ်တွေ ယကွင်းတွေကတော့ ဘယ်နားထားမှန်းမသိပါ။ ဘင်သံတိုးတိုးထွက်လာတာကြည့်ပြီး သဘောကျနေပါသည်။ သူတို့ပြန်လာတော့ ကျွန်တော့်အတွက် ထမင်းထုတ်ပါလာပါသည်။ ဟင်းပါရောထုတ်ထားဖြင့် ထမင်းတွေ မပွခင်မြန်မြန်စားလိုက်ရသည်။ ဟင်းကတော့ ကြက်သားသေးသေး နှစ်တုံးနှင့် ငပိကြော်နည်းနည်း ဖြစ်သည်။ စားလိုမြိန်ပါသည်။ ဆရာဝဏ္ဏက ဆေးလိပ်ဖွာရင်း ငတင့် ပြင်စရာရှိပြင်ကွာ ၆ နာရီထိုးတော့မယ်။ ရထားက ခြောက်ခွဲဆိုဝင်မှာဟုပြောသဖြင့် ငတင့်ပြင်ပါသည်။ ပြင်တာက ဘာမှမဟုတ်ပါ။ အထုတ်တွေနှင့် ဘင်ကြီးကို တနေရာထဲတည်း ဆွဲပုံခြင်းဖြစ်ပါသည်။ ဆရာဝဏ္ဏဆေးလိပ်သောက်တာမြင်တော့ အမေခ ဆေးလိပ်လိပ်တာ ဆေးလိပ်သောက်တာတွေ ပြန်တွေးရင်း တွေကနဲတချက် ဖြစ်လိုက်ပါသေးသည်။

 

ထို့နောက် အထုတ်တွေဆွဲ ဘင်ကြီးကိုကျွန်တော်က မ,ကာ ဘူတာရုံဘက်ထွက်ခဲ့ကြပါသည်။ အမေခ ဝယ်ပေးသည့် ကျွန်တော့ ခမောက်လေးလည်း ထားခဲ့ပါသည်။ ထိုအချိန်တွင် ဆရာဝဏ္ဏမှာ အပေါ်အောက်အဖြူ ရှူးဖိနပ်နှင့်ဖြစ်ပြီး လက်က အတက်ချီကေ့စ်ကိုဆွဲထားပါသည်။ ရုပ်ရှင်မင်းသား ဝင်းဦးလိုလိုဘာလိုလို အိုက်တင်ဖမ်းထားခြင်း ဖြစ်သည်ဟု ကျွန်တော်ထင်ပါသည်။ 

(ဆက်ပါဦးမည်)

0 comments:

Post a Comment