Sunday, February 12, 2023

ဂျန်ဇီးနှင့်ဂျန်လီး

0 comments
(ဂျန်ဇီးနှင့်ဂျန်လီး)
၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှုအပြီး လမ်းမတွေပေါ်ထွက်လာသူများထံမှလား သို့မဟုတ် ရန်သူ့အလိုတော်ရိများထံမှလားမသေချာသည့်အော်သံဟစ်သံတခု ကြားရပါသည်။ ယင်းမှာ ၈၈ က အချိုးတွေ ၂၁ မှာ လာမချိုးနဲ့ဟူသည့် အော်ဟစ်သံပင်ဖြစ်ပါသည်။ ရန်သူကို ဆန့်ကျင်ကြွေးကြော်တာဆိုလျှင်ဖြင့် ဘာကိုပြောချင်မှန်း မသိ။ ရှေ့က ၈၈ မျိုးဆက်ကို ကန့်လန့်တိုက်ကြွေးကြော်တာဆိုလျှင်လည်း ဘာမှန်းမသိ။ အတော်ဝေဝေဝါးဝါးနိုင်ပြီး စစ်အာဏာရှင်တို့မနောခွေ့မည့် ကြွေးကြော်သံ။ ရန်သူကတော့ ရှင်းသည်။ အရင်ကလည်း သတ်သည်။ ၈၈ မှာလည်း သတ်သည်။ ၂၀၂၁ မှာလည်း သတ်သည်။ သူ့သွားပြီး ဘယ်တုန်းကအချိုးတွေ ဘယ်မှာလာမချိုးနဲ့ဟုပြောလျှင် အ, ရာကျမည်။ ဘယ်တုန်းကမှ ဘာမှမလုပ်ခဲ့ဘဲ ဖေဖော်ဝါရီအဆန်းပိုင်းက လက်သုံးချောင်ထောင်ခဲ့သူ အသက် ၅၀ ကျော် တယောက်ကလည်း ၈၈ ကအချိုးတွေ ၂၀၂၁ မှာလာမချိုးနဲ့ဟုပြောတာ နားနှင့်ဆတ်ဆတ်ကြားရပါသည်။ ခင်ဗျား ဘယ်သူ့ပြောတာလဲဟုမေးတော့ အကုန်လုံးကိုပဲဟု ခတ်ရှက်ရှက်နှင့် ဝါးချသွားသည်။
နောက်တခုမှာ ‌ သွေးခွဲသံ။ လမ်းမတွေပေါ်ထွက်လာကြသည့် လူငယ်မျိုးဆက်သစ်များထံမှလား ရန်သူ့ထံမှလား မရေရာသည့် အသံ။ ယင်းမှာ ၂၀၂၁ လမ်းမပေါ်ထွက်လာသူမျိုးဆက်သစ်အား General Z (ဗမာအသံထွက်ဖြင့် အတိုကောက် ဂျန်ဇီး)ဟု ခေါ်ကာ၊ ၁၉၈၈ နှင့် ၈၈ မတိုင်မီ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သူများအားလုံးကို သိမ်းကြုံးပြီး Genera Lee (ဗမာလိုအသံထွက်နှင့်အတိုကောက် ဂျန်လီး)ဟု ခေါ်ဝေါ်လိုက်သည့် သွေးခွဲသံ။ ဂျင်လီးမှာ ရိုင်းရိုင်း ပြောရလျှင် ယောက်ျားတန်ဆာကို ဆိုလိုခြင်းဖြစ်ပါသည်။ အတော်ရိုင်းစိုင်းအောက်တန်းကျပါသည်။ ဤသွေးခွဲသံကို ဂျန်ဇီးဆိုသူတချို့ကရော၊ ၈၈ နှင့် ၈၈ မတိုင်မီ နိုင်ငံရေးလုပ်ခဲ့သူတချို့ကပါ ပျော်ပျော်ပါးပါးကြီးလိုက်သုံးနေကြခြင်းမှာ အံဩစရာလိုဖြစ်၏။ ၈၈ တွင်ပါဝင်ခဲ့သည့်မထင်မရှား နိုင်ကျဉ်းဟောင်းတယောက်က သူ့ကိုယ်သူ ဂျန်လီးဟုသုံးရာ ဘာလို့အဲ့သလို သုံးရသလဲဗျဟုမေးကြည့်တော့ ဟုတ်တယ်လေဗျာ၊ ကျုပ်တို့ကအိုပြီ နောက်ပြီး ပြည်ပမှာဟုဆိုကာ လုံးချသွား၏။
ဤအကြောင်း ဘာ့ကြောင့် ခုမှ ထရေးရသလဲဆိုလျှင် လူလုံးကွဲအောင် စောင့်နေတာကြောင့်ဖြစ်သည်။ ခုတော့ လူလုံးကွဲပါပြီ။ စစ်အာဏာအာခံဆန့်ကျင်မှုကို လက်သုံးချောင်းထောင်ပြီး ဦးဆောင်ဆန့်ကျင်ခဲ့သူများမှာ အသတ်ခံရသူ ခံရ၊ ထောင်ထဲရောက်သူ ရောက်၊ တောခိုသူ ခို၊ တတိယနိုင်ငံအခြေချသူ ချ၊ မဲဆောက်ရောက်သူရောက်တွေ ဖြစ်ကုန်ကြ၏။ ပြည်တွင်း၊ ပြည်ပနှင့်တောထဲမှ အသံထွက်နိုင်သေးသူတို့ဆီက ဂျင်ဇီးတွေဂျင်လီးတွေဆိုပြီး ခွဲခြားခွဲခြားလုပ်သံ ဘာသံမှ မကြားရ။ သူတို့ လုပ်စရာရှိသည်များ လုပ်နိုင်သည်များ လုပ်တတ်သည်များကို အလွန်ကြီးသည့် အကန့်အသတ်တွေကြားမှ စွမ်းသမျှလုပ်နေကြ၏။ ချီးကျူးစရာပင်။
ခုထိတိုင်အောင် ဂျင်လီးတွေ ဂျင်ဇီးတွေလုပ်နေသူများကိုတော့ သံသယဝင်မိ၏။ ဘုမသိဘမသိတွေများလား၊ ရန်သူ့လူများလား၊ အလိုတော်ရိလား၊ နှစ်ဘက်ခွလား၊ မီးထိုးပေးသူလား စသဖြင့်။ ထိုလုပ်ရပ်သည်ရန်သူ့အကြိုက်ဖြစ်နေ၏။ ရန်သူ့အကြိုက်လိုက်လုပ်လျှင်တ ဘယ်သူလုပ်လုပ်မှားတာချည်းပင်ဖြစ်၏။ တချိန်တည်းတွင် စစ်အာဏာရှင်စနစ်ကို တကယ်လည်းဆန့်ကျင် တကယ်လည်း ကိုယ်ထိလက်ရောက်တိုက်ဖျက်နေသူများထံမှ ထိုအသံမကြားရသဖြင့် စိတ်အေးရ၏။
တကယ်တော့ မျိုးဆက်ဆိုသည်မှာ လက်ဆင့်ကမ်းရတာချည်းဖြစ်သည်။ နောက်မျိုးဆက်သည် ရှေ့မျိုးဆက်၏ ကောင်းမွေရောဆိုးမွေကိုပါခံရသလို ရှေ့မျိုးဆက်ထံမှ သင်္ခန်းစာနှင့်နမူနာပါယူရပါသည်။ ကျွန်တော်တို့သည် ၈၈ မျိုးဆက်ဖြစ်၏။ ၂၀၂၁ မျိုးဆက်ကို ကျွန်တော်တို့ မှားခဲ့သည်များကို သင်္ခန်းစာယူနိုင်အောင် ပွင့်ပွင့်လင်းလင်း ချပြရမှာဖြစ်သလို ကျွန်တော်တို့မှန်ခဲ့သည်များကိုလည်း နမူနာယူတတ်အောင် သင်ပြနိုင်ရပါမည်။
ဤနေရာတွင် သတိချပ်ရမည်မှာ ကျွန်တော်တို့ရင်ဆိုင်နေကြသည့်ရန်သူမှာ ခြေဆုံးခေါင်းဖျား လက်နက်တပ်ဆင်ထားသည့် တလက်ကိုင်ကြေးစားတပ်ကြီးနှင့် စစ်အာဏာရှင်တို့ဖြစ်၏။ သေနင်္ဂဗျူဟာအရ ရန်သူသည်စက္ကူကျားဖြစ်သော်လည်း လက်တွေ့ရင်ဆိုင်ရာတွင် တကယ့်အသားစားကျားကြီးဖြစ်၏ ဒါကို ကျွန်တော်တို့ မမေ့ကြဖို့လို၏။
မျိုးမြင့်ချို။ ဖေဖော်ဝါရီ ၉။ ၂၀၂၃

thers

0 comments:

Post a Comment