Tuesday, February 7, 2023

ကညွှတ်ကွင်း အိမ်ပြေး ၁၅

0 comments

(ကညွှတ်ကွင်း အိမ်ပြေး ၁၅)

ထမင်းစားပြီးနောက် အဖေက ထန်းလျက်ခဲနှင့် ရေနွေးနှင့် ထိုင်မြည်းနေပါသေးသည်။ စားကောင်းတယ်ဟေ့၊ ဒါနဲ့ မိခ ငါမှာတာတွေပါလားဟု မေးပါသည်။ အမေက စက္ကူအိတ်ကြီးကြီးတလုံးကို ယူလာပြီးဖွင့်ရင်း ဒါက တော်မှာတဲ့ သဘက်။ ဒါက သားဖို့ အင်္ကျီနဲ့ ဘောင်းဘီ၊ ဖလန်နယ် လက်ရှည်လေးပါဝယ်ခဲ့တယ်ဟု ပြောကာ တခုခုချင်း ထုတ်လည်းပြ။ ကျွန်တော့်ကိုယ်နှင့်လည်း ကပ်ကြည့်ပါသည်။ သားက ဖြူတော့ ဒီအရောင်လေးနဲ့ လိုက်တယ်ဟု ပြောပါသည်။ သား ဘောင်းဘီနဲ့တော်ရဲ့လားမသိဘူး ဝတ်ကြည့်စမ်းဟုပြောသဖြင့် ကျွန်တော်ဝတ်ကြည့်ရာ ကွက်တိဖြစ်နေပါသည်။ ဖလန်နယ် အနွေးထည်လေးလည်းကတော့ နည်းနည်းဖားသဖြင့် ချောင်နေပါသည်။ သို့သော် ယခုဝတ်ထားသည့် အဖေ့ လက်စကစွပ်ကျယ်ကြီး အဖေ့လုံချည်ကြီးထက်စာလျှင် အလွန်ကောင်းပါသည်။

 

အမေက ဝတ်လိုက်သား တခါတည်းလဲလိုက်ဟုပြောသဖြင့် ကျွန်တော် လဲလိုက်ပါသည်။ အဝတ်အစားများမှာ အသစ်နံ့မွှေးနေပါသည်။ အဖေက သူ့ သဘက်အသစ်ကို လှည့်ပတ်ကြည့်ရင်း ဘယ်လောက်လဲဟုမေးပါသည်။ ဈေးသိရင် တော် ပတ်ချင်မှာတောင်မဟုတ်ဘူး၊ မေးမနေနဲ့ဟုပြောပါသည်။ အမေ ငါးရောင်းရသည့်ငွေနှင့် သည်အရာများကိုဝယ်ခဲ့သည်မဟုတ်လား။ အဖေ ပင်ပင်ပန်းပန်းရှာ အမေပင်ပင်ပန်ပန်းရောင်းပြီး ဝယ်ပေးသည့် အဝတ်သစ်အစားသစ်များကိုဝတ်ထားရင်း ကျွန်တော်အားနာနေပါသည်။

 

အမေ့ကိုလည်း သတိရပါသည်။ ကျောင်းဖွင့်ချိန်နှင့် အီးဒ်နေ့များတွင် အမေသည် သားသမီးများအားလုံးကို အဝတ်သစ် အစားသစ်များ ဝယ်ပေးလေ့ရှိပါသည်။ ဆိုင်တွင် ကိုယ်တိုင်းနှင့်အပ်၍ ချုပ်ခိုင်းပါသည်။ ကျွန်တော့်အထက်က အကိုနှစ်ယောက်၊  ကျွန်တော်နှင့် ကျွန်တော့်အောက်ကညီများမှာ အရောင်တူအဆင်တူ အင်္ကျီဘောင်းဘီများ ဖြစ်ပါသည်။ ကျွန်တော်က အလွန်ဆော့သည့်ကောင်ဖြစ်ပြီး ကျွန်တော့အထက်က အကိုမှာ ငြိမ်ပါသည်။ 

 

မြရာသီးများပေါ်ချိန်တွင် ဘောင်ဘောင်ဖောက်ပါသည်။ ဘောင်ဘောင်စစ်တိုက်ကြပါသည်။ ကျွန်တော်တို့က ဘောင်ဘောင်သီးဟုခေါ်သည့် မြရာသီးမှာ အစေးရှိပါသည်။ မြရာသီးကို ဘောင်ဘောင်၏ နောက်ပြောင်းတွင်တေ့ပြီး ဘောင်ဘောင်ထိုးတံလက်ကိုင်ရိုးနှင့်  ရိုက်သွင်းရပါသည်။ ထိုအခါ အစေးများစင်ပြီး အင်္ကျီတွင် စွန်းပါသည်။ ချောက်သွားလျှင် အစက်အစက်များထင်ပါသည်။ အမေတို့ကတော့ ဒါကို ဖားဥစွဲသည်ဟုခေါ်ပါသည်။ ဘောင်ဘောင်ရာသီတွင် ကျွန်တော့်အင်္ကျီများမှာ ဖားဥမစွဲတာမရှိပါ။ ကျွန်တော်က ဖားဥစွဲသွားသည့်အင်္ကျီကို မဝတ်ချင်သဖြင့် ကျွန်တော့်အထက်အကို၏ အင်္ကျီကို ကိုယ့်အင်္ကျီလိုလိုဘာလိုလို မှားသလိုလိုဘာလိုလုပ်ပြီး ယူဝတ်ပါသည်။ ဒါကို အမေတို့ အမကြီးတို့သိသည့်အခါ ဆူလည်းဆူ၍ အကို့အင်္ကျီကိုပြန်ချွတ်ခိုင်းပါသည်။ 

 

ခု အမေခဝယ်ပေးသည့် အင်္ကျီဘောင်းဘီများကိုဝတ်ရင်း အိမ်ကိုသတိရလာပါသည်။ ပြန်ရင်ကောင်းမလားဟုလည်း စိတ်ထဲဖြစ်ပါသည်။ ကျွန်တော် တချက်တွေပြီးငြိမ်ကျသွားသဖြင့် အမေက ဘာလဲသား၊ ဘာဖြစ်လို့လဲဟု စိုးရိမ်တကြီး မေးပါသည်။ သည်တော့မှ သတိပြန်ဝင်ကာ ဘာမှမဖြစ်ပါဘူးအမေဟု လိမ်ပြောလိုက်ပါသည်။ တကယ်တော့ ကျွန်တော်သည် မသိမသာ အိမ်လွမ်းနေသူမဟုတ်လား။

 

အဖေက ထမင်းစားပြီး ခဏနားသော်လည်း အမေ့မှာ မနားနိုင်ပါ။ ဆေးလိပ်လေး တဖွာနှစ်ဖွာ ဖွာကာ ခေါင်းခုကို ခွေပါသည်။ အဖေညှစ်ထားသည့် နွားနို့များကို ရွာထဲ သွားပို့ရဦးမည်။ ရွာထဲဆိုသည်မှာ ကညွှတ်ကွင်းကိုပြောခြင်း ဖြစ်ပါသည်။ သို့သော် ကညွှတ်ကွင်းမြို့လည်ပိုင်းကိုတော့ ရည်ရွယ်ဟန်မတူပါ။ မြို့စွန်ပိုင်းကိုဆိုလိုတာဖြစ်ပုံရပါသည်၊။

 

အမေက ခေါင်းခုကိုခေါင်းပေါ်တင်ပြီးနောက် နွားနို့ပုံးကိုရွက်ပါသည်။ သိတ်တော့ လေးပုံမပေါ်ပါ။ လက်တဘက်က နို့ပုံးကိုထိန်း၊ လက်တဘက်က ကျွန်တော့်ကိုဆွဲကာ သားလာ အမေနဲ့လိုက်ခဲ့ အမေလည်းအဖော်ရအောင် သားလည်း မပျင်းရဘူးပေါ့ဆိုပါသည်။ ဒီတကြိမ်တွင် အဖေကဘာမှ ကန့်ကွက်နေတာမရှိပါ။ အေး… နင်ကလေးကို နေပူကြီးထဲ ကျပ်ကျပ်ခေါ်...ဟု စကားကို အရင်းမရှိအဖျားမရှိမြည်တွန်ပြီး ကျန်နေခဲ့ပါသည်။

 

လယ်ကွင်းတွေကထဲကဖြတ်ပြီး ကန်သင်းရိုးအတိုင်း တော်လေးကြာလျှောက်ရပါသည်။ ထို့နောက် ရေတသွင်သွင် စီးနေသည့်ရိုးလေး၏ ပေါင်မှလျှောက်ရပါသည်။ ရိုးပေါင်သည် ခြေသွားလမ်းဖြစ်နေပြီး တနေရာနှစ်နေရာတွင် ကန်သင်းရိုးဘက်များက ခြေသွားလမ်းကလေးများ လာပေါင်းဆုံနေတာကိုတွေ့ရသည်။ တာရိုးလေး၏လမ်းမှာ လူနှစ်ယောက် ရှောင်သာရုံကျယ်ပါသည်။ လမ်းတွင် လူတချို့နှင့် မျက်နှာချင်းဆုံပါသည်။ အမေကနှုတ်ဆက်သည့်အခါ ဆက်ပြီး မသိချင်ယောင်ဆောင်သွားသည့်အခါ သွားပါသည်။ 

 

ရိုးထဲကရေသည် တပေခန့်သာရှိပြီး ကြမ်းတွင် သဲများသာရှိပါသည်။ ထိုသဲများနောက်ခံတွင် ငါးလေးတွေ ကူးနေတာ မြင်ရသလို ငါးသလဲထိုးတွေ သဲထဲတိုးလိုက် ထွက်လိုက်လုပ်နေတာကိုလည်း တွေ့ရပါသည်။ အမေ ဒီငါးတွေကို ဘယ်သူမှ မဖမ်းဘူးလားဟုမေးတော့ ဖမ်းတာပေါ့သားရဲ့၊ ဖမ်းလည်းဖမ်းပဲ၊ ဖမ်းမှမကုန်တာဟုပြောပါသည်။ ကျွန်တော်ကား ရိုးလေးထဲဆင်းကာ ရေဆော့ရင်း ငါးဖမ်းချင်စိတ်တွေ တဖွားဖွားပေါ်နေပါသည်။ ပျော်လည်း ပျော်နေပါသည်။ စကားတွေလည်း အမျှင်မပြတ်ပြော အမေးတွေလည်း ထူနေမိပါသည်။

 

တမိုင်ခွဲခန့်လျှောက်ပြီး ကျွန်တော်တို့ ရွာခြေကပ်မိတော့မှ နောက်ပြန်လှည့်ကြည့်မိပါသည်။ ကျွန်တော် အမေနှင့်အတူ လိုက်လာတုန်းက ခုလို သတိထားပြီး ပတ်ဝန်းကျင်ကိုမကြည့်ခဲ့ပါ။ ကြင်နာပုံ သဘောကောင်းပုံရတာမှန်သော်လည်း ဘာမှန်းမသိသည့် အဒေါ်ကြီးတယောက်နှင့် ဘယ်နေရာမှန်းမသိသွားနေတာလည်းဖြစ်၊ ဘာတွေ ဆက်ဖြစ်လာမယ်မှန်းလဲမသိသဖြင့် စိုးရိမ်စိတ်တွေနှင့် စိတ်ဗလောင်ဆူနေတာကြောင့်ပဲဖြစ်မည်ထင်ပါသည်။ 

 

လယ်ကွင်းတွေအစပ်က ကုန်းမို့မို့လေးပေါ်တွင်ဆောက်ထားသည့် အမေတို့တဲကြီးသည် အဝေးမှုန်ပြပြ၌ သစ်ပင်အုပ်အုပ်ကလေးလို ဖြစ်နေပါသည်။ အနီးအပါးတွင် ဘာအိမ်ခြေမှမရှိပါ။ တကယ့်ကိုရွာစွန်ရွာဖျားဖြစ်ပါသည်။ အမေတို့ ဘာ့ကြောင့် ရွာထဲမနေဘဲ ဤ လူသူဝေးသောနေရာတွင် လာနေကြသည်ကို ကျွန်တော် သိချင်လာပါသည်။ 

0 comments:

Post a Comment