(ကညွှတ်ကွင်းအိမ်ပြေး ၃၅)
ထိုနေ့ နေ့လည်တွင် အမေက ဆီထမင်းထိုးကာ စနိုက်ကြော်နှင့် အဆာပြေကျွေးပါသည်။ စနိုက်ကြော်မှာ ခတ်နီနီလေးနှင့် အလွန်ချိုပြီး ကြွပ်ရွမွှေးကာ ဆိမ့်လည်းအလွန်ဆိမ့်ပါသည်။ အဖေက စနိုက်ကို လူတွေ ကြိုက်တာလည်းမပြောနဲ့ဟုဆိုပြီး တကြွပ်ကြွပ်ဝါးနေပါသည်။ ထိုနေ့လည်း ဘာမှ ထူးထူးခြားခြားမရှိပါ။ အဖေက ကွန်ထိုး အမေက မီးဖိုချောင်မှာ တကုပ်ကုပ်။ ညနေစောင်းတော့ အိမ်လှမ်းငါးခြောက်ကို ခရမ်းချဉ်သီးနှင့် အရည်စပ်စပ်လေးချက်ကာ ဘူးညွန့်ဟင်းချို ပဲပုပ်ကြော် ငပိရည်တို့စရာ။ အဖေ မနက်ဖြန်ည ကြွက်ထိုးမယ် လူလေးပါလိုက်ချင်လိုက်ခဲ့၊ အဖေကတော့ မလိုက်စေချင်ဘူး၊ အိပ်ရေးပျက်တယ်ဟုပြောပါသည်။ အမေက ကလေးကိုခေါ်မသွားနဲ့၊ နှင်းတောကြီးထဲ၊ တော်ကြာ ဟိုနေ့ကလိုဖျားနေဦးမယ်ဟု တားပါသည်။ ကျွန်တော် လိုက်လည်းလိုက်ချင်၊ လိုက်လည်းမလိုက်ချင်ဖြစ်နေပါသည်။ အဖေတကယ်သွားတော့ မလိုက်ဖြစ်တော့ပါ။
သည်လိုနှင့် အဖေအမေတို့နှင့် တပတ်ဆယ်ရက်လောက်ရှိလာပြီ။ တခါလာလည်း ဒီမြင်ကွင်း၊ တခါလာလည်း ဒီအလုပ်တွေမို့ ကျွန်တော် ပျင်းလည်း အလွန်ပျင်းလာပါသည်။ ကစားဖော်လည်းမရှိ သူငယ်ချင်းလည်း မရှိ ညီအကိုမောင်နှမလည်းမရှိသဖြင့် ပိုပျင်းပါသည်။ အဖေတို့အမေတို့က ပါးစပ်ကသာ ချစ်တယ်မပြောကြသော်လည်း ကျွန်တော့်ကိုချစ်ကြမှန်း ကျွန်တော်သိပါသည်။ တရက် အဖေက ချောင်းစပ်မှ ရွှံ့တွေခူးကာ လောက်စာလုံးလုံးပါသည်။ ရွှံ့မှာ စေးပိုင်နေပါသည်။ အဖေလောက်စာလုံး လုံးတာ အလွန်မြန်သလိုကြည့်လို့လည်း ကောင်းပါသည်။ ကျွန်တော် ဝင်လုံးရာ အဆင်မပြေပါ။ အလုံးမထွက်ဘဲ မုန်းဘီးတောင့် အတောင့်တွေလို ထွက်ထွက်လာတာမြင်တော့ အဖေက ရယ်ပါသည်။ အဖေက နွားရုပ်ကလေးလုပ်ပေးပါသည်။ ကျွန်တော်က နွားကိုမချစ်တတ်တာကတကြောင်း အရုပ်နှင့် ကစားသည့်အရွယ်မဟုတ်တော့တာကတကြောင်းတို့ကြောင့် နွားရုပ်လေးကို မယူမိပါ။ အဖေ စိတ်မကောင်းဖြစ် မဖြစ်လည်း ကျွန်တော်မသိပါ။ ကျွန်တော်သိတာက ကျွန်တော် ပျင်းနေသည်ဆိုခြင်းပင်။
စိတ်က မျက်လှည့်ဆရာကြီးဆီရောက်လိုက်၊ တောင်ကြီးတွင်နေသည်ဆိုသော အဒေါ်ဆီရောက်လိုက်၊ မှော်ဘီ ဆေးတပ်ထဲက အဖေ့သူငယ်ချင်းအရာခံဗိုလ်ကြီးမိသားစုဆီရောက်လိုက်နှင့် ဂဏှာသိတ်မငြိမ်တော့။ တနေရာရာတော့ ကျွန်တော် သွားမှဖြစ်မည်။ နေရာအသစ်တခုခုကို သွားရမည်။ အဲ့ဒီနေရာတွင် အသစ်အဆန်းတွေ ပျော်စရာတွေရှိလိမ့်မည်။ စပ်စုသူတွေ စူးစမ်းကြည့်တွေလည်း မရှိရ။ ထိုနေရာသို့ ကျွန်တော် သွားမည်။
ကျွန်တော် ပျင်းလှပြီ။ ကျွန်တော် ဒီမှာမနေချင်တော့။ အိမ်လည်း မပြန်ချင်။ သည်လိုနှင့် တနေ့တနေ့ အမေတို့ဆီမှ ထွက်ပြေးရန်သာ အချိန်ရှိသမျှတွေးမိနေသည်။ အဖေတို့အမေတို့ ကလည်း ကျွန်တော့်ကို မျက်စေ့အောက်က အပျောက်မခံဖြစ်နေပါသည်။ အလစ်လည်း တချက်မှမပေးပါ။ သူတို့ ရိပ်မိဟန်တူပါသည်။ အမေက နာရီဝယ်ရန် ဆိုကာ ပိုက်ဆံကလေး မူးပေးကျပ်ပေး နေ့တိုင်းပေးပါသည်။ ခုဆိုလျှင် စုစုပေါင်း နှစ်ဆယ်လောက်ပင်ရနေပြီ။ အိမ်ကပြေးမည်ဆိုလျှင် လုံလောက်နေပြီ။ ကျွန်တော် အမေပေးထားသည့်ပိုက်ဆံလေးတွေကို တနေ့တနေ့ ထုတ်ထုတ်ကြည့်ရတာလည်း အမော။ နောက်ဆုံးတော့ ကျွန်တော် ဆုံးဖြတ်ချက် ချလိုက်သည်။ အခွင့်သာတဲ့နေ့ အိမ်ကပြေးမည်။ ရောက်ချင်ရာရောက်။ဟု စိတ်ကိုပိုင်းဖြတ်လိုက်သည်။
သည်လိုနှင့် တနေ့ အမေနှင့် ထုံးစံအတိုင်း ဈေးလိုက်ရင်း မျက်လှည့်ဝိုင်းရှိသည်နှင့်တိုးသည်။ အချိန်က ဟိုတနေ့က ဦးလေးကြီးပြောသည့်အတိုင်း စောသည်။ ဆယ်နာရီမထိုးတတ်ထိုးတတ်။ ဈေးလည်း ကောင်းကောင်းစည်နေချိန်။ အမေလည်း အသီးအရွက်ရွေးနေချိန်။ အမေ့ ကျွန်တော် မျက်လှည့်သွားကြည့်မယ်နော်ဟုပြောပြီး ကျွန်တော် မျက်လှည့်ဝိုင်းသို့ ရောက်လာပါသည်။
ဒီတခါမျက်လှည့်ဝိုင်းက ကားတွေဘာတွေမပါ။ ဆောင်းဘောက်စ်တွေ မိုကရိုဖုန်းတွေလည်း မတွေ့။ လက်ထောက်တွေ ဘာတွေလည်းမရှိ။ အရိုးခေါင်းတွေ၊ သံကြိုးတွေ၊ လက်ထိပ်တွေလည်း မမြင်။ မျက်လှည့်ဆရာနှင့် ဘင်ခေါက်သည့် ကောင်လေးတကောင်သာပါသည်။ ကောင်လေးက ကျွန်တော့်ထက်တောင် ငယ်မည်ထင်ပါသည်။ ရုပ်ရည်က ညစ်ထေးထေးနေသော်လည်း အဝတ်အစားကတော့ သစ်သစ်လွင်လွင်။ မျက်လှည့် ဆရာကလည်း အပေါ်အဖြူ အောက်အဖြူ၊ ခေါင်းလောင်းဘောင်းဘီနှင့်။ ရှူးဖိနပ်နှင့်။ ဆံပင်အရှည်ကြီးနှင့်။ အသားဖြူဖြူနှင့်။ လူလတ်ပိုင်း အရွယ်ဖြစ်သည်။ အင်္ကျီကော်လာအရှည်အချွန်ကြီးနှင့်။ အင်္ကျီရင်ဘတ်နေရာတွေမှာ ပန်းတွေကနုတ်တွေ စက်ထိုး ထိုးထားသည်။ စတိုင်ကျသည်။ လူကလည်း လူချောဟုဆိုရမည်။ သူတို့မျက်လှည့်ဝိုင်းမှာ ဆင်းရဲပုံရသည်။ ကွင်းအလယ်တွင် အဝတ်နက်အုပ်ထားသည့် စားပွဲတလုံး။ စားပွဲပေါ်တွင် ရေတဂေါင်းတလုံး ဖန်ခွက်တခွက်။ အတက်ချီကေ့စ်တလုံး။ ကွင်းလယ်တွင် သံဖြူဖြင့်လုပ်ထားသည့် အမြင့်တပေခွဲခန့် လုံးပတ် လက်မှ ၃၀ ခန့် ပိုက်လုံးနှစ်လုံး ထောင်ထားသည်။ တလုံးက ထိပ်ဝတွင် လက်ကိုင်ပုဝါအုပ်ထားသည်။ အဝတ်အိတ် ကြီးကြီးတအိတ်။ မြေကြီးပေါ်တွင် စပါးအုန်းမြွေကြီးထည့်ထားသည့် သစ်သားသေတ္တာတလုံး၊ ဒါပဲဖြစ်သည်။ ကျန်တာ ဘာမှမပါ။ ဟန်ကြီးပန်ကြီးလည်း သိတ်မရှိ။
ဘင်ထုသည့်ကောင်လေးက ဘင်ထုပြီး လူစုနေသည်။ မျက်လှည့်ဆရာက တုတ်ကလေးတချောင်းနှင့် စည်းဝိုင်းသားပြီး ပါးစပ်ထဲရေတွေ တဖွီးဖွီးနှင့် စည်းနေရာကို ပတ်ပြီးမန်းမှုတ်နေပါသည်။ ကျွန်တော်က ဘင်ထုသည့် ကေင်လေးနား သွားကပ်ထိုင်ပါသည်။ မျက်လှည့်ဆရာက ကျွန်တော့်ကို တချက်ကြည့်ပြီး ဘာမှမပြော။ မလိုလားဟန် မပြ။ ထို့ကြောင့် ကောင်လေးနားကပ်ပြီး မင်း ဒါတီးတာ ပျော်လားဟုမေးကြည့်ပါသည်။ ပျော်တာပေါ့ကွ၊ ငါ တီးလိုက်မှ လူတွေရောက်လာတာလေဟု မျက်နှာခတ်မော့မော့နှင့်ပြောပါသည်။ ဟုတ်ပါသည်။ သူပြောသလို သူ့ဘင်သံ ယကွင်းသံကြားမှ လူတွေစုလာတာဖြစ်သည်။ မျက်လှည့်ဆရာက မင်းနဲ့ဘာတော်လဲဆိုတော့ ဘာမှမတော်ဘူး၊ ငါ့ဆရာ ငါ့ကိုပညာသင်ပေးနေတာဟုပြောပါသည်။ ဒါဆို မင်းက သူနဲ့အတူနေတာလားဟုမေးတော့ အေး..သူ့အိမ်မှာနေတာ။ ထမင်းလည်းကျွေးတယ်။ တရက် ငါးကျပ်လည်းပေးတယ်ဟုဆိုပါသည်။ ဘင်လည်းထုရသေး၊ တရက်ငါးကျပ်နှင့် ထမင်းလည်းကျွေးသေး၊ ပညာလည်သင်ပေးဆိုတော့ ကျွန်တော် တော်တော်စိတ်ဝင်စားသွားပါသည်။
မင်းတို့က ဘယ်ကလဲဆိုတော့ မှော်ဘီကဟုပြောပါသည်။ မှော်ဘီနှင့် ကညွှတ်ကွင်းသည် အဝေးကြီး။ ဒီလောက် အဝေးကြီးလာပြရလားဟုမေးတော့။ မဟုတ်ဘူး၊ ငါတို့က မို့တွေရွာတွေအလိုက် တောက်လျှောက်ပြလာတာ။ အိမ်ကထွက်လာတာ ဆယ်ရက်လောက်ရှိပြီ။ မနက်ဖြန်တော့ အိမ်ပြန်ရမယ်လို့ ဆရာကပြောတယ်ဟုပြောပါသည်။ ဒါဆို မင်းတို့မနက်ဖြန် မှော်ဘီပြန်မှာပေါ့။ ပြီးတော့ရော ဘယ်မှာသွားပြဦးမလဲဟုမေးရာ ဒါတော့ငါမသိဘူး တိုက်ကြီးဘက် ပြည်ဘက်နဲ့တူတာပဲဟုဖြေပါသည်။ မင်း ဘင် ငါခဏယူတီးကြည့်လို့ရမလားဆိုတော့ ဆရာ ဆူလိမ့်မယ်။ မင်းတီးချင်ရင် နောက်မှဆရာ့ပြောပြီး တီးကြည့်ပေါ့ဟု ပြောပါသည်။ ထိုအချိန်တွင် သူ့ဆရာက ကျွန်တော့်ကို ကြည့်နေပါသည်။ ပြုံးလည်းပြပါသည်။ လိုလားသောအကြည့်မို့ ကျွန်တော်လည်း ပြန်ပြုံး ပြလိုက်ပါသည်။
ဆက်ပါဦးမည်။
0 comments:
Post a Comment