Wednesday, February 22, 2023

ပြည်သူကို မျှော်လင့်ချက်အမှား မပေးနဲ့

0 comments
ပြည်သူကို မျှော်လင့်ချက်အမှား မပေးနဲ့
ဥဩချို
တော်လှန်ရေး မြန်မြန်အောင်ချင်ပါတယ်။ ဖြစ်နိုင်ရင် နက်ဖြန် အောင်ချင်တယ်။ စစ်အာဏာရှင်စနစ် အမြစ်အငုတ်ကို အမြန်ဆုံး သုတ်သင်ဖယ်ရှားချင်တယ်။ ဒါက ဆန္ဒပါ။
တော်လှန်ရေး အနှေးနဲ့အမြန်အောင်ပါလိမ့်မယ်။ ဒါက အောင်ပွဲအပေါ် ယုံကြည်စိတ်ပါ။
ဒါပေမဲ့ ကြွေးကြော်သံထုတ်တာ၊ ပြည်သူကို စည်းရုံးလှုံ့ဆော်တာမှာ ဆန္ဒသက်သက်အပေါ် အခြေပြုပြီးပြောဆိုတာ လုပ်ကိုင်တာဆိုရင် မှားပါတယ်။ တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်နဲ့ စစ်ကို ဦးစီးသူများက တော်လှန်ရေး ဒီနှစ်အောင်မယ်- နောက်နှစ်အောင်မယ်လို့ ဆန္ဒစွဲနဲ့ ပြောရင် တော်လှန်ရေးကို ထိခိုက်နစ်နာ စေပါတယ်။

ဒါဟာ လူထုကို မျှော်လင့်ချက်အမှား ပေးလိုက်တာပဲ။ ထု(ဒု) က တကယ်ထင်ပြီး ခဏပန်း တိုက်စိတ်ခိုက်စိတ် တက်နိုင်တယ်။ ဒါပေမဲ့ စစ်ရေးအရ လောကြီးမှုတွေနဲ့ ခြေလှမ်းကျွံမှုတွေ ဖြစ်နိုင်တယ်။ စစ်ရေးအမှားတွေ ဖြစ်နိုင်တယ်။ ၁ နှစ် ကုန်လို့ တကယ်တမ်း တော်လှန်ရေး အောင်ပွဲမရရင် တော်လှန်ရေးစိတ်ဓာတ်နဲ့ တိုက်စိတ်ခိုက်စိတ်တွေ ထိခိုက်သွားနိုင်တယ်။ ယုံကြည်စိတ်တွေ ညှိုးမှိန်ခြောက်သယောင်းသွားနိုင်တယ်။ တော်လှန်ရေးအပေါ် အဆိုးမြင်တွေ ပေါက်ဖွားလာနိုင်တယ်။ ပြောဆိုသူ ခေါင်းဆောင်တွေရဲ့သိက္ခာနဲ့ အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာ ပွန်းပဲ့သွားစေနိုင်တယ်။ ခြုံပြောရရင် တော်လှန်ရေးအပေါ် ထိခိုက်စေနိုင်တယ်။
မာ့က်စ်ဝါဒီတွေဖြစ်ဖြစ် တော်လှန်စစ်ကိုဦးစီးသူတွေဖြစ်ဖြစ် (ဗေဒင်ဆရာ မဟုတ် နောက်ဘယ်လိုဖြစ်လို့ ဘယ်လို ပြောင်းလဲမယ်ဆိုတာကို ယေဘုယျ ဦးတည်ချက်လောက်ပဲ ပြောသင့်တယ်။ ပြောနိုင်တယ်။ ဘယ်နေ့ ဘယ်ရက် ဘာဖြစ်မယ်လို့ တထစ်ချ ပြောလဲ မပြောသင့်၊ ပြောလဲ မပြောနိုင်။ ။ မော်စီတုန်း။)
တော်လှန်ရေး နောက်ဆုံးအောင်ပွဲခံဖို့ ပကတိဘာဝ၊ အတ္တဘာဝ အခြေအနေ အကြောင်းအချက်များစွာ လိုပါတယ်။ ကျော်လွှားရမယ့် အခက်အခဲတွေနဲ့ အတားအဆီးတွေလဲ များစွာ--- များစွာ---တကယ့်ကို များစွာ ရှိနေပါတယ်။ ဒါ့အပြင် ဒီလို အတားအဆီးတွေ ကျော်လွန်နိုင်ဦးတောင်မှ တော်လှန်ရေးလုပ်ပြီး မျှော်လင့်ချက်အတိုင်း ဖြစ်မလာတဲ့ ဥပမာတွေ သာဓကတွေလဲ တပုံတပင်ပါ။ တခါတရံ တော်လှန်ရေးဟာ ရှောင်တခင်ပေါ်တဲ့ အရေးအခင်းနဲ့ အပြောင်းအလဲ တခုခု ကြောင့် တော်လှန်ရေး နောက်ပြန်ဆုတ်ရတဲ့ သာဓကတွေက ပိုများပါတယ်။ မမျှော်လင့် တဲ့ ရှောင်တခင် အဖြစ်အပျက်ကြောင့် တော်လှန်ရေး ချက်ချင်း မြန်မြန်ဆန်ဆန် အောင်သွားတဲ့ သာဓက နည်းပါတယ်။ ဒါကြောင့် အောင်ပွဲကို ဘယ်နှစ် ဘယ်လလို့ ရက်ချိန်း မပေးသင့်တာ ဖြစ်ပါတယ်။
အခု ဗမာပြည်တော်လှန်ရေးဟာ ဗမာပြည် လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးကိုယ်တိုင် ရရာ လက်နက်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို အမြစ်ပတ်ချေမှုန်းရေး သန္နိဋ္ဌာန်နဲ့ တပြည်လုံး အနှံ့ တိုက်ပွဲဝင်နေကြတာ အကြီးမားဆုံး အားသာချက်ပါ။ တော်လှန်ရေး မုချအောင်ပွဲခံမယ်ဆိုတဲ့ ယုံကြည်စိတ်ဟာ ဒီအားသာချက်က ပေးအပ်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာ အောင်ပွဲခံမယ််ဆိုတာကတော့ ပကတိလက်တွေ့ အခြေအနေကို အသေအချာ ဘက်ပေါင်းစုံက တွက်ချက်ကြည့်ဖို့ လိုပါတယ်။ နည်းနည်းပဲ ထောက်ပြချင်ပါတယ်။ ကြီးမားတဲ့ မြို့ကြီး ဘယ်နှမြို့ကို တော်လှန်ရေးက သိမ်းပိုက်ထားပြီးပြီလဲ။ လွတ်မြောက်ဒေသ ဧရိယာက ဘယ်လောက်ကျယ်ဝန်းနေပြီလဲ။ ခိုင်မာကျယ်ပြန့်တဲ့ တပ်ပေါင်းစုကြီး တခုကို ထူထောင်ပြီးပြီလား။ နေရာယူစစ် တိုက်ပွဲ အတွေ့အကြုံ ဘယ်လောက်ရှိပြီလဲ။ မြို့သိမ်းတိုက်ပွဲအတွေ့အကြုံဘယ်လောက် ရထားပြီလဲ။ ရန်သူ့ မြေပြင်တိုက်ခိုက်ရေးအင်အားနဲ့ တော်လှန်ရေးမြေပြင်တိုက်ခိုက်ရေးအင်အား၊ လက်နက်အင်အား၊ ကိုယ်က သာလွန်တဲ့အနေအထား ရောက်ပြီလား။ ဒါဟာ နောက်ဆုံးပိတ် အောင်ပွဲခံဖို့ လိုအပ်တဲ့ အကြောင်းအချက်များစွာထဲက တချက်နှစ်ချက်လောက်ပဲ ပြောနေတာ ဖြစ်ပါတယ်။
ရန်ကုန်ကွက်ကွက်လေး ကျန်တော့တဲ့ အထိ တော်လှန်ရေးက မြို့ပေါင်းများစွာ သိမ်းပိုက်ထားနိုင်တဲ့ ဗမာပြည် တော်လှန်ရေးသမိုင်းကာလ တခု ရှိခဲ့ဖူးပါတယ်။ ၁၉၄၈ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့ဒီမိုကရေစီ လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့တယ်။ ၄၉ မှာ ပြည်သူ့ရဲဘော် ၊ ကေအင်ယူ၊ ကေအင်ဒီအို၊ ပအို့ စတဲ့တပ်တွေပါ တော်လှန်ပုန်ကန်ကြတယ်။ နိုင်တော့မယ့်ဆဲဆဲ အခြေအနေ တခုအထိ ရောက်ခဲ့ပါတယ်။ ဖောက်ပြန်တဲ့ ဖဆပလ အစိုးရဟာ ရန်ကုန်ကွက်ကွက် လောက်သာ အာဏာထိန်းထားနိုင်တော့လို့ ရန်ကုန်အစိုးရလို့ ပြည်တွင်းပြည်ပက ခေါ်နေကြတဲ့အချိန်ပဲ။ မန္တလေးကို ကေအင်ဒီအို၊ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့ရဲဘော်များက သိမ်းပိုက်ထားတယ်။ မြင်းခြံ၊ ပခုက္ကူ၊ ရေနံချောင်း၊ ချောက်၊ မကွေး၊ မင်းဘူး စတဲ့ မြို့တွေကို ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့ရဲဘော်များက သိမ်းပိုက်ထား။ တောင်ငူ၊ ညောင်လေးပင်၊ သထုံ၊ မော်လမြိုင်ဒေသတချို့၊ ပြည်မြို့တခြမ်း၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ မေမြို့တို့ကို ကေအင်ဒီအိုက သိမ်းပိုက်ထား။
ဒါပေမဲ့ ဦးနုနဲ့ ဗိုလ်နေဝင်းတို့က ပြည်ပထွက် လက်နက်ရောင်းပေးမယ့် အစိုးရတွေ ရှာဖို့ အမေရိကန် နဲ့ ဗြိတိန်ကို သွားခဲ့တယ် ။ အိန္ဒိယ နေရူးက လက်နက်ရောင်းပေးလိုက်။ ပြည်တွင်းမှာလဲ စေ့စပ်ဆွေးနွေးပွဲ(တကယ်က လက်နက်ချခိုင်းခဲ့တာပဲ) အပါ နိုင်ငံရေးကစားကွက်တွေ လှည့်ဖြားမှုတွေ လုပ်လာတာနဲ့ အခြားအကြောင်းရင်း များစွာကြောင့် နောက်ပိုင်းမှာ မန္တလေးမြို့ကို ရန်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ဘတပြန် ကျားတပြန်သိမ်းရင်းက မြို့တော်တော်များများ အစိုးရက ပြန်သိမ်းသွားနိုင်ခဲ့တယ်။ အဲလိုနဲ့ ပြည်တွင်းစစ်ဟာ အခုအချိန်အထိ ရှည်ကြာလာခဲ့ရတယ်။ ရန်ကုန်မှတပါး တပြည်လုံးနီးပါး တော်လှန်ရေးက သိမ်းပိုက်ထားပြီးသားအချိန်မှာတောင် အောင်ပွဲဟာ အချိန်ရွှေ့ဆိုင်းသွားခဲ့ရပါတယ်။ ဒါဟာ လုံးဝဥဿုံ အောင်ပွဲရယူရေးအတွက် သွေးနဲ့ ရင်းခဲ့ရတဲ့ သမိုင်းအတွေ့အကြုံ သာဓက တခုပါ။ သင်ခန်းစာ ထုတ်ယူစရာတွေ အများကြီး ရှိမှာပါ။
တရုတ်ပြည် တော်လှန်ရေးသမိုင်းကိုလဲ သာဓက တခုအဖြစ် ဖော်ပြပါဦးမယ်။ တရုတ်ပြည် ပြည်တွင်းစစ်မှာ ဘယ်အချိန် သူတို့နိုင်မယ်လို့ ဆန္ဒစွဲနဲ့ တထစ်ချ ပြောဆိုခဲ့သူဟာ ကူမင်တန်ပါတီက ချန်ကေရှိတ် ဖြစ်ပါတယ်။ (၁၉၄၆ ) စစ်အင်အားကို ပြောရင် ချန်ကေရှိတ်က ၄ သန်း ၃ သိန်း ရှိပါတယ်။ တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ အင်အားက ၁ သန်း ၂ သိန်း ၇ သောင်းသာ ရှိပါတယ်။ ချန်ကေရှိတ် ကူမင်တန်အစိုးရကို အမေရိကန်က ဘက်စုံ အထောက်အပံ့ပေးနေတဲ့ ကာလပါ။ ဒါကြောင့် ချန်ကေရှိတ်က ပွဲသိမ်းမြန်မယ်လို့ လေလုံးထွားခဲ့ပါတယ်။ ကူမင်တန်စစ်ဦးစီးချုပ် ချင်ချိန်(Chen Cheng) က "၃ လလောက်နဲ့ အပြုတ်ဖြုတ်နိုင်မယ်။ ကြာလှ ၅ လပေါ့"တဲ့။
မော်စီတုန်းကတော့ “ ချန်ကေရှိတ်ဟာ အမေရိကန်ရဲ့ အကူအညီများ ရနေပေမယ့် စိတ်ဓာတ် မကောင်းဘူး။ သူ့ စစ်သားတွေကလဲ တိုက်စိတ်ခိုက်စိတ် မကောင်းဘူး။ သူတို့ စီးပွားရေးကလဲ ပျက်စီး ကျဆင်းနေတယ်။ ကျနော်တို့ကတော့ ပြည်ပရဲ့ အထောက်အပံ့ မရှိပေမယ့် ပြည်သူလူထုနဲ့ ကျနော်တို့က တသားတည်းပဲ။ ကျနော်တို့ တပ်သားတွေဟာ စိတ်ဓာတ်အလွန်မြင့်မားပြီး စီးပွားရေးကိုလဲ မုချ ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဒါကြောင့် ကျနော်တို့က ချန်ကေရှိတ်ကို မုချအနိုင်တိုက်နိုင်မှာပါ” လို့သာ (ဘယ်နှစ် ဘယ်အချိန် အောင်မယ်လို့ ယတိပြတ် ကြွားလုံး မထုတ်ဘဲ) အောင်ပွဲအပေါ် ယုံကြည်စိတ်ကိုသာ ဖော်ပြပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်က တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ လွတ်မြောက်ဒေသဟာ လူဦးရေ ၁၃၆ သန်းရှိတဲ့ ဒေသ (ဗမာပြည်ရဲ့ ၂ ဆကျော်ရှိတဲ့ ဒေသ) ကို လွတ်မြောက်ဒေသ ထူထောင်ထားနေနိုင်ပါပြီ။
တကယ်ပဲ တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့တပ်မတော်က ချန်ကေရှိတ်ရဲ့ ထိုးစစ်ကို အနိုင်တိုက်နိုင်ခဲ့တယ်။ (၁၉၄၆ ဇူလိုင်မှ ၁၉၄၇ ဇွန်လအထိ) ချန်ကေရှိတ်ရဲ့ တပ်သား ၁ သန်း ၁ သိန်း ၂ သောင်း ကို ချေမှုန်း သုတ်သင်နိုင်ခဲ့တယ်။ ကူမင်တန် တပ်အင်အားကတော့ ၁ သန်း ၅ သိန်းအထိ အဆက်မပြတ် ကျဆင်းလာနေတယ်။ အဲဒီအချိန်ကျမှ တန်ပြန်ထိုးစစ်ကို စလုပ်ပါတယ်။
တန်ပြန်ထိုးစစ်ကို အဆင်းရဲ အပင်ပန်းခံ ကျားကုတ်ကျားခဲ အသက်သွေး စွန့်လွတ် တိုက်ပွဲဝင်ခဲ့ ပြီးမှ ( ၁၉၄၈ ဆောင်းဦးရာသီမှာ) (အဆုံးအဖြတ်ကာလ ) နောက်ဆုံးပိတ် တိုက်ပွဲတွေ ဆင်နွှဲခဲ့တာပါ။ (တရုတ်ပြည်ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့တပ်မတေ်ဟာ စစ်မြေပြင်အင်အား ၁ သန်း ၄ သိန်း ၉ သောင်း ၊ အမြောက်တပ်၊ အင်ဂျင်နီယာတပ်များ ရှိလာရုံမက မြို့သိမ်းတိုက်ပွဲ အတွေ့အကြုံနဲ့ စွမ်းရည်၊ အခိုင်အမာ ရန်သူစခန်းသိမ်း တိုက်ပွဲအတွေ့အကြုံနဲ့ စွမ်းရည်များ မြင့်မားဖွံ့ဖြိုးလာပြီ ဖြစ်ပါတယ်။ ကူမင်တန်တပ်ကတော့ အဘက်ဘက်က စစ်အင်အားနဲ့ စွမ်းရည်တွေ ဒလဟော ကျဆင်းလာချိန်ပါ။
ကြီးမားတဲ့ စစ်ရေးအောင်ပွဲကြီးတွေ ဆွတ်ခူးနိုင်ပြီးနောက် ၁၉၄၉ ခုနှစ် မတ်လ ၂၃ ရက်နေ့ကျမှ မော်စီတုန်းခေါင်းဆောင်တဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီက ပီကင်းမြို့ကို ဝင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲဒီအချိန်မှာတောင် ခေါင်းဆောင်တွေဟာ စိတ်ထားနှိမ့်ချ၊ လောမကြီးတဲ့ လုပ်ဟန်နဲ့ စိတ်ဓာတ်ကို မြဲမြံစွာ ကိုင်စွဲထားခဲ့ပါတယ်။ ကြည့်ပါ။
မော်။ ။ ပီကင်းဝင်တယ်ဆိုတာ စာမေးပွဲဖြေဖို့ အလေးထား၊ အရေးထားပြီး သွားတာလေ။
ချူအင်လိုင်း။ ။ ကျနော်တို့ အားလုံး စာမေးပွဲဖြေရမယ်။ နောက်ပြန်မဆုတ်ဘူး။
မော်။ ။ နောက်ပြန်ဆုတ်တယ်ဆိုရင်တော့ ရှုံးပြီပေါ့။ ကျနော်တို့အားလုံး ဘယ်တော့မှ လီဇစ်ချိန်လို အဖြစ်မခံဘူး။ ကျနော်တို့ အားလုံး အောင်မှတ်ကောင်းကောင်း ရအောင် ဖြေနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။
မော်စီတုန်းခေါင်းဆောင်တဲ့ တရုတ်ပြည်ကွန်မြူနစ်ပါတီဟာ ၁၉၄၉ ၊ အောက်တိုဘာ ၁- ရောက်မှ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ထူထောင်လိုက်ကြောင်း ကြေညာနိုင်ခဲ့ပါတယ်။
ခြုံပြောရရင် ဘယ်နေ့ဘယ်ရက် တော်လှန်ရေးအောင်မယ်လို့ တထစ်ချ ပြောလဲ မပြောသင့်၊ ပြောလဲ မပြောနိုင်ဆိုတာ သာဓကများနဲ့ တင်ပြလိုက်တာ ဖြစ်ပါတယ်။
ကျနော်တို့ ဗမာပြည် ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးက မုချအောင်မှာပါ။ အောင်ပွဲဟာ ( ပင်လယ်ကမ်းနဖူးပေါ်က ရပ်ကြည့်ရင် ရွက်တိုင်ထိပ်ဖျားကို မြင်နေရပြီဖြစ်တဲ့ သင်္ဘောလို၊ တောင်ထပ်ကနေ အရှေ့အရပ်ကို မျှော်ကြည့်လိုက်ရင် ထိန်ထိန်ညီးတဲ့ ရောင်ခြည်တွေ ဖြာထွက်လာတာကို မြင်နေရပြီဖြစ်တဲ့ ထွန်းပေါ်လာတော့မယ့် တက်သစ်စ နေဝန်းကြီးလို၊ အမိဝမ်းထဲမှာ ရင့်မာလာပြီး လှုပ်လှုပ်ရွရွနဲ့ ဖွားတော့မယ့်ဆဲဆဲ သားငယ်လို အရာမျိုးသာ။ ။ မော်။) ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်ကို အမြတ်ဖြုတ်ဖို့ သန္နိဋ္ဌာန်နဲ့ တိုက်တဲ့ ၊ ပြည်သူလူထုနဲ့ တသားတည်းရပ်ပြီး ပြည်သူကို အားကိုးကာ ပြည်သူ့လက်နက်ကိုင်တော်လှန်ရေးကို ပြတ်ပြတ်သားသား ဆင်နွှဲတဲ့ တော်လှန်ရေးတပ်ဖွဲ့တိုင်းကို လေးစားဂုဏ်ပြုပါတယ်။ တော်လှန်ရေးအောင်ပွဲ ဒီနှစ်အောင်မယ် ဟိုနှစ်အောင်မယ် တထစ်ချ ဗေဒင်ဟောတဲ့ အတွေးအခေါ်ကိုတော့ ပြည်သူကို မျှော်လင့်ချက်အမှားပေးပြီး တော်လှန်ရေးကို ထိခိုက်စေတဲ့ အတွေးအခေါ်မို့ ဆန့်ကျင်ပါတယ်။
(ပြည်သူကို မျှော်လင့်ချက်အမှား မပေးနဲ့၊ မာနမကြီးနဲ့ လောမကြီးနဲ့၊ စိတ်ထားနှိမ်ချ၊ ချိန်ချိန်ဆဆ လုပ်)ကြဖို့ပါ။

0 comments:

Post a Comment