(ကညွှတ်ကွင်းအိမ်ပြေး ၃၆)
မျက်လှည့်ဝိုင်း စပါပြီ။ မျက့်လှည့်ဆရာက နမောတဿနှင့်အစချီကာ ဘုရားရှိခိုးတပုဒ်ကို ဌာန်ကရိုင်းကျကျ အရင်ရွတ်ပါသည်။ ပြီးမှ သူ့အမည် ဝဏ္ဏဖြစ်ကြောင်း၊ မှော်ဘီတွင်နေကြောင်း၊ ကညွှတ်ကွင်းက ပရိတ်သတ်ကြီးကို သူတတ်သည့်အတတ်ပညာဖြင့် ဖျော်ဖြေလိုကြောင်း၊ ထိတ်စရာလန့်စရာ ပြကွက်များပြသည့်အခါ မကြည့်ရဲ မမြင်ရဲသူများ အိမ်ပြန်ကြစေလိုကြောင်းတွေဘာတွေ အပြင်စကားတွေ တော်တော်များများကို ဟန်ပါပါနှင့် ပြောပါသည်။ သူစကားပြောနေချိန်တွင် ဘင်သံလုံးဝတိတ်ဆိတ်သည့်အခါတိတ်သွားပြီး တချက်တချက် ယကွင်းလည်း သာသာလေး ဘင်သံလည်း မြည်တယ်ဆိုရုံလေး တီးသည့်အခါ တီးပေးရပါသည်။ တချက်တချက် မျက်လှည့်ဆရာ အသံတွေမြင့်လာပြီး စကားကို တိကနဲဖြတ်ချလိုက်သည့်အခါ စကားချက်နှင့်အတူ ဘင်သံက ဒုန်း ချွမ်းဟု လိုက်ပေးရသည်လည်း ရှိပါသည်။ ထိုအခါ စကားသံနှင့် ဘင်သံမှာ ကွက်တိဖြစ်နေ၍ အလွန်နားထောင်ရ ကောင်းပါသည်။ ကျွန်တော်လည်း စိတ်ဝင်စားစွာကြည့်နေပါသည်။ ထိုအချိန်တွင် အမေခရောက်လာပြီး လူလေးသွားစို့ဟု ပြောပါသည်။
ကျွန်တော် စိတ်တော်တော်ပျက်သွားပါသည်။ အမေ့ကိုလည်း စိတ်ဆိုးမိပါသည်။ အမေကလည်းဗျာ ကြည့်ကောင်းနေမှ ဟု လွှတ်ကနဲပြောမိသော်လည်း ထလိုက်လာခဲ့ရပါသည်။ သူတို့အိမ်နေ သူတို့ကျွေးတာစားသဖြင့် သူတို့ထားသလို နေရမည်မှာ သဘာဝကျသော်လည်း ကျွန်တော့်စိတ်ထဲ မကျေမချမ်းဖြစ်မိပါသည်။ စိတ်ထဲ မလွတ်လပ်ဟုလည်း ပိုထင်လာပါသည်။ သို့သော် ချက်ခြင်းစိတ်ကူးပေါက်သည်နှင့် အမေ ခနလေးနော်ဟုပြောကာ အမေ့လက်ကိုဖြုတ်ခဲ့ပြီး မျက်လှည့်ဝိုင်းဆီပြန်ပေးလာပါသည်။ ပြေးသည်ဆိုသော်လည်း ကျွန်တော်တို့နှင့် မျက်လှည့်ဝိုင်းမှာ ခြေလှမ်းဆယ်လှမ်း စာမျှလောက်သာ ဝေးပါသေးသည်။
ဘင်ထုသည့်ကောင်လေးနားကပ်ပြီး မင်းတို့ ကညွှတ်ကွင်းကနေ ဘယ်တော့ပြန်မှာလဲဟု ဒရောသောပါးမေးတော့ ညနေပြန်မှာ ဘာလို့လဲဟုပြန်မေးပါသည်။ သူ့အမေးကို မဖြေအားပါ ဘယ်နားမှာတည်းကြလဲဟုမေးတော့ ဘူတာနားက ရေစည်လှည်းရောင်းသည့် ဦး..........တို့အိမ်ဟုပြောပါသည်။ အဲ့ဒီနားမျာ ရေစည်လှည်းရောင်းတာ သူတို့တအိမ်ပဲရှိတယ်လို့ပြောတယ်ဟု ထပ်ပြောပါသည်။ ရပြီ ဒီလောက်ဆို ကျွန်တော့်အတွက်ရပြီ။ သေချာအောင် ညနေမှနော်ဟု ထပ်မေးတော့ သူက အင်း...ဟုဖြေပါသည်။ မျက်လှည့်ဆရာက စကားတွေပြောရင်း ကျွန်တော်တို့ နှစ်ယောက်ကို မသိမသာအကဲခတ်ပါသည်။ ကျွန်တော့် အမေ့ဆီပြန်လာတော့ လူက ပျော်နေပေမယ့် ဘာမှမဖြစ်သလိုဟန်ဆောင်နေပါသည်။
ပြန်လာတော့ အမေက လူလေး ဘာသွားလုပ်တာတုန်းဆိုတော့ ဘာမှမဟုတ်ပါဘူး ဟို ဘင်တီးတဲ့ကောင်လေးနံမည် သွားမေးတာပါဟု လိမ်လိုက်ပါသည်။ အမေမယုံပါ။ ယုံစရာလည်းမရှိဟု ထင်ပါသည်။ အမေ့မျက်လုံးတွင် စိုးရိမ်စိတ် သံသယစိတ်တို့ တလှည့်စီအရိပ်ထင်နေပါသည်။ ဘာမှတော့ မပြောပါ။ ထပ်လည်း မမေးတော့ပါ။
လမ်းတလမ်းလုံး ဘင်တီးသံ ယကွင်းချွမ်းကနဲ လိုက်သံတို့သာ ကြားနေပါသည်။ ကျွန်တော် နည်းနည်းလည်း အူမြူးနေသလိုဖြစ်နေပါသည်။ အမေကတော့ ဘာမှမမေးမပြောပါ။ သည်လိုနှင့်အိမ်ပြန်ရောက်တော့ ကျွန်တော် ရေတွင်းသွားပြီး ကျောက်စည်ထဲကရေ ခပ်ချိုးပါသည်။ နေ့လည် ခတ်နွေးနွေးတွင် ဆောင်းတွင်း ညသိပ်ရေမို့ အေးမြနေပါသည်။ ရေချိုးပြီး အဝတ်လဲတော့ ကျွန်တော်လာခဲ့တုန်းက အဝတ်အစားတွေဖြစ်ပါသည်။ ကျွန်တော်လည်း လေကလေးတချွန်ချွန်နှင့် စိတ်လက်ပေါ့ပါးနေပါသည်။ သို့သော် ပုံမှန်နေနေတာမျိုးဖြစ်အောင် မနည်းပြန် ဘရိတ်အုပ်ရပါသည်။ မတော် အမေတို့ရိပ်မိသွားလျှင် ကျွန်တော့် အကြံအစည်ပျက်သွားမည်မဟုတ်လား။
တဲထဲပြန်ဝင်တော့ အဖေနှင့်အမေ စကားပြောနေတာတွေ့ရပြီး ကျွန်တော့်မြင်တော့ စကားရပ်လိုက်ကြပါသည်။ အဖေက လူလေးက မျက်လှည့်ကြိုက်တာကိုး၊ အဖေနဲ့တနေ့ ပြီးတဲ့အထိ သွားကြည့်ကြတာပေါ့ကွာဟုပြောရင်း အပြင်ထွက်ဖို့ပြင်သည်။ ရွာထဲ ခဏသွားလိုက်ဦးမယ် အဖေကိစ္စလေးတခုရှိလို့ဟုပြောပြီး သဘက်ခေါင်းပေါင်းကာ ထွက်သွားပါသည်။ ဘာကိစ္စမှန်း ဘယ်လောက်ကြာမယ်မှန်း ကျွန်တော့်ကို ဘာမှမပြောခဲ့ပါ။ ကျွန်တော်နှင့်အမေ နှစ်ယောက်တည်းကျန်တော့မှ အမေက အမေလည်း ငြီးစီစီကြီးဖြစ်နေတယ်။ ရေသွားချိုးလိုက်ဦးမယ်နော်ဟု ပြောပြီး ထမိန်ရင်လျားနှင့် ရေတွင်းဘက်သွားပါသည်။
ကျွန်တော့်အကြံအစည်အတွက် ပိုက်ဆံနည်းနည်းလိုမလားဟု တွေးမိပါသည်။ လက်ထဲတွင် ငွေနှစ်ဆယ်ခန့် ရှိသော်လည်း နည်းနည်းတော့ ထပ်လိုချင်ပါသည်။ ဒါနှင့် သနပ်ခါးဖာလေးအနီးတွင် အမေချွတ်ချထားခဲ့သော ဘော်လီကြီးကိုသွားယူပါသည်။ ဘော်လီကြီးမျာ စေးစေးထန်းထန်းနေပြီး ချွေးစော်လည်းနံနေပါသည်။ ဘော်လီ အိပ်ထောင်ထဲ နှိုက်ကြည့်တော့ ပိုက်ဆံ အလိပ်လိုက် အလိပ်လိုက်လေးတွေတွေ့ရပါသည်။ ဘယ်လောက်ရှိမှန်း အမေရေထားပုံမရပါ။ ဒါနှင့် ရေတွင်းဘက်တချက်ကြည့်ပြီး အောက်ဆုံးအလိပ်မှ ငါးကျပ်တန်တရွက်ကို ထုတ်ယူပြီး လိပ်ကာ ကျွန်တော့်အိပ်ထောင်ထဲထည့်လိုက်ပါသည်။ ကျွန်တော်သည့် အမေ့အိမ်နေတုန်းကလည်း တခါတလေ ပိုက်ဆံလိုလျှင် မုန့် ပိုဝယ်စားလိုလျှင် အမေ့အလစ်တွင် အမေ့ပိုက်ဆံအိတ်ထဲမှ ပိုက်ဆံ ခိုးတတ် လစ်တတ်ပါသည်။ ထို့ကြောင့် ပိုက်ဆံခိုးရသည်မှာ ကျွန်တော့်အတွက် သိတ်တော့မဆန်းပါ။ သို့သော် ဘခု အမေခပိုက်ဆံခိုးရတာကျတော့ အပြစ်မကင်းသလိုလို စိတ်မကောင်းတာလိုလိုဖြစ်လိုက်ပါသေးသည်။ ပြန်ထားလိုက်ရကောင်းမလားတွေးမိ ပါသေးသည်။ နောက်တော့ မထူးပါဘူးကွာ ပိုက်ဆံက လိုချင်လိုနေမှာဟုတွေးကာ ယူထားလိုက်ပါသည်။
ဆက်ပါဦးမည်
0 comments:
Post a Comment