Wednesday, February 8, 2023

ကညွှတ်ကွင်းအိမ်ပြေး ၁၇

0 comments

(ကညွှတ်ကွင်းအိမ်ပြေး ၁၇)

အမေက ဟိုအသီးအရွက်နည်း ဒီအသီးအရွက်နည်းနည်းနှင့် နည်းနည်းစီဝယ်ပါသည်။ ပြီးတော့ ပြန်ပြင် စည်းတန်တာစည်းပါသည်။ ဘူးသီးတလုံးဝယ်ပြီး ဓားတောင်းကာ စိတ်တာလည်းမြင်ပါသည်။ နည်းနည်း နည်းနည်းစီဆိုသော်လည်း အမယ်များသဖြင့် အမေ့ဈေးဗန်းကြီးမှာ မို့မောက်၍လေးပင်နေပါသည်။ 

 

ဝယ်စရာခြမ်းစရာကုန်တော့ သူ့ဘော်လီအိတ်ကြီးမှ ပိုက်ဆံထုတ်ရှင်းပါသည်။ ကျွန်တော့်ကို သတိထားမိလိုက်သည့် ဒိုင်အဒေါ်ကြီးက ဟဲ့... မိခ ဒီကလေးကဘယ်ကတုန်းဟ၊ ကုလားလေးနဲ့တူတယ်ဟု မေးတော့ ကျွန်မတူလေ ရန်ကုန်ကလာတာဟု မရေမရာပြန်ဖြေပြီး ကျွန့်တော့်ကို လက်တဘက်ဆွဲကာ ချက်ခြင်းထွက်လာပါသည်။ ဟိုအဒေါ်ကြီး ဆက်စပ်စုနေဦးမှာကို သူ မကြိုက်ပုံပေါ်ပါသည်။ တော်တော်လေးလှမ်းလှမ်းရောက်မှ အဲ့မိန်းမက သိတ်စပ်စုတာသားရဲ့၊ သူများအကြောင်းဆို သိတ်ပြောချင်တာ၊ သား အိမ်ကထွက်လာတာလို့ပြောလိုက်ရင် ဘယ်သူ့သားသမီးလဲ ဘာလဲညာလဲတွေ ဆက်လာဦးမှာဟု ပြောပါသည်။ အမေ့အသံတွင် ကျွန်တော် အိမ်ပြေးမှန်း သူများသိသွားမှာကိုစိုးရိမ်နေပုံပေါ်ပါသည်။

 

နောက်တော့ ကျွန်တော်နှင့်အမေတို့ ရပ်ကွက်တွေထဲရောက်လာပါသည်။ အမေက ဟင်းရွက်စုံ ဟင်းရွက်စုံဟု အော်အော်ရောင်းပါသည်။ အမေ့အော်သံကြောင့် ကျွန်တော် ရှက်သလိုလိုဖြစ်မိပါသည်။ မလိုက်လာခဲ့ရ ကောင်းသားဟုလည်း တွေးမိပါသည်။ ဝယ်သည့်အိမ်တိုင်းကလည်း အမေ့ကို သိနေကြတာဖြစ်ပါသည်။ ကျွန်တော့်ကိုလည်း မသိမသာ အကဲခတ်ကြ၊ စူးစမ်းကြ၊ ကြည့်ကြပါသည်။ မေးလည်း မေးကြပါသည်။ ကျွန်တော် တော်တော်အနေရခက်ပါသည်။ ကျွန်တော့်ရုပ်နှင့်အမေ့ရုပ်မှာတခြားစီ ဖြစ်ပါသည်။ ဘယ်လိုပဲ တူတော်တယ်ပြောပြော လူတွေယုံဖို့ခက်မည်မှန်း အမေလည်းသိပါသည်။ သို့သော် အမေသည် မေးလာသမျှလူတိုင်းကို သူ့တူ၊ ရန်ကုန်သားဟုပြောပြီး သူတို့ရှေ့တွင် ကျွန်တော့်ကို လိုအပ်အပ် မလိုအပ်အပ် သား...သားဟုခေါ်ပါသည်။ 

 

နောက်တခုက ကျွန်တော့်အရွယ်သည် လက်ဆွဲခေါ်ရမည့်ကလေးအရွယ်မဟုတ်တော့ပါ။ လက်ဆွဲခေါ်သောကြောင့် စိတ်ထဲ ခိုးလိုးခုလု ဖြစ်တာကတကြောင်း ကုန်စိမ်းသည်ကြီးနောက် တကောက်ကောက်လိုက်နေသည်ကို ရှက်တာကတကြောင်းတို့ကြောင့် အမေ့လက်အဆွဲကို သိတ်မခံပါ။ အမေက ဆွဲလာလျှင်လည်း အမေ့လက်ဆုပ်ကို ဖြည်ကာ မသိမသာ ရုန်းပါသည်။ တခါတလေ လက်ပင်လိမ်ရပါသည်။ လွတ်သွားလျှင် အမေ့နောက် ခြေလှမ်းသုံးလေးလှမ်းခွာ၍ လိုက်ပါသည်။ 

 

အမေက စိတ်မချသလို စိုးရိမ်မျက်လုံးများဖြင့် ကျွန်တော့်ကို လှည့်ကြည့်လှည့်ကြည့် ကြည့်ရင်းနှင့် ဟင်းရွက်စုံ ဟင်းရွက်စုံဟုအော်ပါသည်။ ကျွန်တော် တော်တော်ရှက်နေပါသည်။ မျက်စေ့မျက်နှာလည်း ပျက်နေသည်ထင်ပါသည်။ အမေက လူလေး ရော့ ဒီပိုက်ဆံယူထားဟုပြောကာ ပိုက်ဆံတချို့ ကျွန်တော့ အိတ်ထောင်ထဲထည့်ပေးပါသည်။ အဲ့ဒါ လူလေး မုန့်ဖိုးပေါ့၊ မုန့်ဝယ်စားဟု ပြောပါသည်။ ကျွန်တော် ပိုက်ဆံမလိုချင်ပါ။ ကျွန်တော် အဖေ့ဆီကို အမြန်ပြန်ချင် နေပါသည်။ တဲသို့ စိတ်ရောက်နေပါသည်။ တဲမှာဆိုလျှင် စပ်စုမည့်သူ ဘယ်သူမှမရှိသလို ကျွန်တော်လည်း ရှက်နေစရာ ဘာမှမရှိပါ။ အဖေ့နှင့်လည်း စကားပြောလို့ရမည်။ 

 

နောက်တော့ ကျွန်တော် အမေ့ လက်အဆွဲကို လုံးလုံးမခံတော့ပါ။ အမေ့နောက်မှ ခြေလှမ်းလည်း ဆယ်လှမ်းလောက် ခွာလျှောက်ပါသည်။ အမေ အိမ်တွေထဲဝင်လျှင် ကျွန်တော် ခြံစည်းရိုးတံခါးဝ၌ ရပ်ကျန်နေခဲ့ပါသည်။ အမေပြန်ထွက် မလာခင် ကျွန်တော်က ဦးအောင်ထွက်ပြီး ခတ်လှမ်းလှမ်း၌ ရပ်နေပါသည်။ အမေ စိတ်ကောင်းဟန်မတူပါ။ မျက်နှာလည်းမကောင်းပါ။ အမေ့ မှုန်ဝေပြာရီသောမျက်လုံးများ၌ မျက်ရည်တွေဝဲနေသည်ဟု ကျွန်တော်ထင်ပါသည်။ သို့သော် အမေ ဘာတခွန်းမှတော့မပြောပါ။ ကျွန်တော်လည်း ခြေတွေတောင့်နေပါသည်။ ခြေတောင့်တာထက် စိတ်တွေမွန်းကျပ်ပြီး တကိုယ်လုံးတောင့်နေတာက ပိုဆိုးသည်ဟုထင်ပါသည်။

 

နောက်တော့ အမေ့ဗျတ်ကြီးထဲ မကျန်သလောက် ကုန်သွားပါသည်။ ထိုတော့မှ အမေက သား ပြန်ကြစို့ဟုဆိုကာ ဟိုအိမ်ဝင်ပြီး နို့ပုံးအလွတ်ကိုယူပါသည်။ ဗျတ်ကြီးကိုထားခဲ့ပါသည်။ ခေါင်းခုကိုဖြည်၍ ချွေးတွေသုတ်ပါသည်။ ကျွန်တော့် ကုပ်ပိုးနှင့်မျက်နှာတွေကိုလည်း သုတ်ပေးပါသည်။ အနံ့တမျိုးနံသည်ဟု ကျွန်တော်ထင်သော်လည်း ဘာမှတော့မပြောမိပါ။ လက်ကျန် အသီးအရွက်လေးများကိုပြရင်း ဒါက အိမ်စားကျန်တာပေါ့သားရဲ့။ အမေ ၉ ကျပ် လောက်ကျန်လိုက်တယ်ဟု ဘာမှမဖြစ်သလိုပြောပါသည်။ ဈေးလည်း အော်မရောင်းတော့သဖြင့်၊ ကျွန်တော့် လက်ကိုလည်းမဆွဲတော့သဖြင့် ကျွန်တော်စိတ်သက်သာရာ ရသွားပါသည်။ 

 

ကျွန်တော် ပထမနေ့ အမေနှင့်တွေ့စဉ်ကလည်း ခုလိုပဲ ဈေးဗန်းကြီးနှင့်ပဲဖြစ်သည်၊ ခုလိုပဲ ဟင်းရွက်စုံအော်ပါသည်၊ ကျွန်တော်က ခုလိုပဲ ဘေးကလိုက်ကာ လျှောက်ခဲ့ပါသည်။ အမေကလည်း ကျနော့်လက်ကို ခုလိုပဲ ဆွဲထားခဲ့သည်ဟု ထင်ပါသည်။ ဒါဆို အဲ့ဒီတုန်းက ကျွန်တော်ရှက်မနေပဲ ခုမှ ဘာလို့ရှက်နေရတာလဲကို ကျွန်တော်မပြောတတ်ပါ။ ကျနော်ထင်တာတော့ ကျွန်တော့်ကို အမေ့တူအရင်းဟု လူတွေက ထင်သွားမှာကိုကြောက်နေခြင်း ဖြစ်နိုင်ပါသည်။ နောက်တခုက ကျနော်အိမ်ပြေးမှန်းသိသွားမှာကို ကြောက်လို့ဖြစ်နိုင်ပါသည်။ နောက်ထပ်တခုတွေလည်း ရှိပါလိမ့်ဦးမည်။ ကျွန်တော် မပြောတတ်ပါ။ အမေ့မျက်နှာညိုနေတာတော့ စိတ်ထဲမကောင်းပါ။ အားလည်း နာမိပါသည်။ သို့သော် မတတ်နိုင်ပါ။ ကျွန်တော်ရှက်တာက ရှက်တာဖြစ်ပါသည်။

0 comments:

Post a Comment