Friday, February 3, 2023

ကညွှတ်ကွင်း အိမ်ပြေး ၁၁

0 comments

(ကညွှတ်ကွင်း အိမ်ပြေး ၁၁)

ချောင်းအထက်ပိုင်း ကွေ့တနေရာတွင် ရေများအိုင်လိုဝပ်နေသည့်နေရာကြီးရှိပါသည်။ အိုင့်ဟုဆိုပါသည်။ အဖေက ထိုအိုင့်ကြီးထဲသို့ လှော်ဝင်ကာ လှေကိုရပ်လိုက်ပါသည်။ ရေကသိတ်နက်မည့်ပုံမပေါ်ပါ။ အဖေ ကွန်ယူပြီး ပစ်ရန်ပြင်ပြီး တက်ကို ကျွန်တော့်အားပေးပါသည်။ ကျွန်တော်က တက်ဖြင့် လှေတန့်နေရန် ထိန်းပေးရပါသည်။  လှေက လှုပ်နေပါသည်။ အဖေ့ကွန်ပစ်ချလိုက်တာ ကွန်အပြန့်က ဝိုင်းစက်နေပါသည်။ ခဏလေးနေတော့ ကွန်ကို တဖြည်းဖြည်းခြင်းဆွဲယူတင်ပါသည်။ ကွန်တလက်လုံး အပေါ်မရောက်ခင်ကတည်းက ငါးခုန်နေတာတွေ မြင်ရပါသည်။ ကွန်လည်း လှေပေါ်ရောက်လာရော ငါးပြေမတွေအပါအဝင် ဆယ့်ငါးကောင်ခန့် ပါလာပါသည်။ ပုဇွန်ထုတ်လည်း ပါပါသည်။ ရေမြွေလေး တကောင်လည်းပါလာပါသည်။ အဖေက တပြုံးပြုံးနှင့် ငါးတွေကို ပလိုင်းထဲထည့်ပါသည်။ နောက်ထပ်နေရာရွှေ့ပြီး လေးငါးဆယ်ချက် ထပ်ပစ်ပါသည်။ ပထမဆုံး အချက်လောက် ငါးမဝင်သော်လည်း ရတော့ရပါသည်။ ဟိုနေရာ ဒီနေရာတွေလည်း လှေထိုးကာ ကွန်ပစ်ပါသည်။ 

 

တော်ပြီလူလေး ပိုက်တွေ သွားဖော်ရအောင်ဆိုပြီး ချောင်းတနေရာသို့သွားပါသည်။ ထိုနေရာတွင် ရေသိတ်မစီးပါ။ အဖေမနက်အစောကြီးထပြီး ပိုက်တွေ လာချသွားတာသားရ၊ မင်းအမေတောင် မနိုးသေးဘူးဟုပြောပါသည်။ ပိုက်က နှစ်ဖုံဖြစ်ပါသည်။ တဖုံကို ဆယ့်လေးငါးကိုက်လောက်ရှိမည်ထင်ပါသည်။ ရေက အဖေ့ရင်ခေါင်းလောက်နက်ပါသည်။ ကျွန်တော်က လှေပေါ်တွင်ပဲ ထိုင်နေပါသည်။

 

အဖေဖော်သည့် ပထမပိုက်တဖုံတွင် ငါး လေးငါးခြောက်ကောင်ခန့်သာငြိပြီး ဒုတိယအဖုံတွင်တော့ ငါး ဆယ်ကောင်ခန့်မိနေပါသည်။ အဖေက ပိုက်တွေကိုလှေပေါ်တင်ပေးရင်း လူလေးငါးတွေမဖြုတ်တတ်ရင်မဖြုတ်နဲ့၊ ငါးဇင်ရိုင်းက ဆူးတတ်တယ်ဟု ငါးဖြုတ်နေသည့်ကျွန်တော့်အား ပြောပါသည်။ ကျွန်တော်က ငါးတွေအကုန်ဖြုတ်ပြီး ပလိုင်းထဲထည့်ပါသည်။ ပလိုင်းကြီးလှုပ်ပြီး ဆကြည့်ရာ ၂ ပိဿာခန့်ရှိမည်ထင်ပါသည်။ အဖေက ပလိုင်းကို အဲ့လို ဆ မကြည့်ကောင်းဘူးသားရဟု ပြောပါသည်။ အဖေတို့တွင် မလုပ်ကောင်းတာတွေ မပြောကောင်းတာတွေများပါသည်။ ထို့နောက် လာလမ်းအတိုင်း ပြန်လာခဲ့ကြပါသည်။ ကျွန်တော်က စပါးနှံအဖျားတွေကို လက်ဖြင့် တောက်လျှောက်ပွတ်ရင်း လက် နှင်းအစိုခံပါသည်။  မြူလည်းကွဲပါပြီ။ အအေးဓာတ်လည်း ပြယ်ပါပြီ။ လူတချို့ ရွာဘက်ပြန်နေကြတာလည်း တွေ့ပါသည်။ ဟိုးအဝေး ရွာထဲမှ ထိုးထိုးထောင်ထောင် ထန်းပင်တွေကို မြင်နေရပါသည်။

 

အိမ်ရောက်တော့ အမေက ငါးတွေကို ပလိုင်းထဲမှ ဒန်ဇလုံအကြီးကြီးထဲသွန်ချရင်း ပုဇွန်ထုတ် ၂ ကောင်ကို ကျွန်တော့်ထံပေးပါသည်။ လူလေး အဲ့ဒါကို မီးဖိုဘေးက ဂျလှောင်ထဲသွားထည့်ထားလိုက်ဟုပြောတော့ ဂျလှောင်ဆိုတာ ဘာမှန်းမသိသော်လည်း ငါးပုဇွန်ထည့်တဲ့တခုခုတော့ ဖြစ်မှာပဲတွေးမိပါသည်။ မီးဖိုဘေးတွင် မြှုံးအသေးစားလေးလိုဟာလေးတွေ့တော့ ဂျလှောင်ဆိုတာ ဒါပဲနေမှာဟုထင်ပြီး ပုဇွန်ထုတ် ၂ ကောင်ကို ထည့်ပါသည်။ 

 

အမေက ငါးဇင်ရိုင်းလေးတွေ ငါးဘဲဖြူလေးတွေ ငါးခုံးမလေးတွေကို သတ်သတ်ခွဲပါသည်။ ထို့နောက် ထိုငါးလေးများ ချေးဖောက်အူဖောက်လုပ်ပြီး ရေစင်စင်ဆေးကား ဇလုံတလုံးထဲထည့်ပြီး ဆားဆနွင်းနယ်ပါသည်။ ပြီးမှ လူလေး အဲ့ဇလုံလေးကို ကြပ်ခိုးစင်ပေါ်တင်ထားလိုက် အမေပြန်လာမှချက်မယ်ဟုပြောပါသည်။ အမေတို့ကြပ်ခိုးစင်မှာ ကြပ်ခိုးများနှင့် မဲမှောင်နေပါသည်။ ကြပ်ခိုးစင်ပေါ်တွင် ငါကျည်းတွေ ကျပ်တင်ထားတာလည်းတွေ့ရပါသည်။  နှီးသုံးလေးစည်းနှင့် ဘာမှန်းမသိသည့်အရာတွေလည်းရှိပါသည်။ ဇလုံတင်ရန်နေရာလုပ်ပြီး တင်ထားလိုက်ပါသည်။

 

အမေက ဒန်ဇလုံကြီးပေါ် ဇကောတချပ်တင်ပြီး ဇကောထဲ အလေးချိန်ခွင်တွေထည့်ပါသည်။ ထို့နောက် ခေါင်းခုခွေရင်း လူလေးလိုက်ဦးမလား ဈေးသွားမယ်ဟုပြောတော့ အဖေက ကလေးပင်ပန်းနေပြီ ခေါ်မသွားနဲ့ဟု တားပါသည်။ ပြီးတော့ မိခ သဘက်တထည်လောက်လည်းဝယ်ခဲ့၊ ကလေးဖို့ အင်္ကျီလေးဘာလေးလည်း ဝယ်ခဲ့ဟုမှာပါသည်။ ဒါဆိုလည်း တော်တို့သားအဖနေခဲ့ဟုပြောကာ အမေထွက်သွားပါသည်။ 

 

အဖေသည် အိပ်စင်ပေါ် ခြေတွဲလောင်းချထိုင်ပြီး ဆေးလိပ်ဖွာနေပါသည်။ တခုခု စဉ်းစားနေပုံလည်းပေါ်ပါသည်။ တချက်တချက် ကျွန်တော့်ကိုလည်း ကြည့်ပါသည်။ လက်ထဲက ဒန်မီးခြစ်လေးနှင့် ဝါးလုံးစွန်းကို တဒေါက်ဒေါက် ခေါက်သည့်အခါ ခေါက်ပါသည်။ ကျွန်တော်က ဘာလုပ်ရမှန်းမသိဘဲ ယောင်နနဖြင့် မီးဖိုဘေးသွားထိုင်နေပါသည်။ ခဏနေတော့ အဖေထပြီး ထမင်းတအိုး တည်ပါသည်။ ငပိရည်လည်း ကျိုပါသည်။ အဖေတို့မီးဖိုသည် မီး အမြဲတမ်းလိုလိုရှိနေတာကို ကျွန်တော်သတိထားမိသည်။ ဘာမှ ချက်စရာပြုတ်စရာမရှိလျှင် ရေနွေးကြမ်းအိုး တည်ထားတာတွေ့ရပါသည်။

 

လူလေး ပုဇွန်ထုတ်မီးဖုတ်စားဖူးလားဟုမေးရာ ကျွန်တော်က မစားဖူးကြောင်း ဟင်းချက်တာ ကြော်တာသာ စားဖူးကြောင်းဖြေပါသည်။ အေးဒါဆို အဖေမီးဖုတ်ပြီး သံပုရာရည်ဆမ်းပေးမယ်၊ ငရုပ်သီးစိမ်းနဲ့ကိုက်စား တယ်ကောင်းပဲဟုဆိုကာ ပုဇွန်ထုတ်တွေကို ထုတ်ပါသည်။ ပုဇွန်တွေ သေနေပါပြီ။ အဖေက ပုဇွန်ထုတ်များကို ရေမဆေးတော့ပဲ ဆားသုတ်ပါသည်။ ထို့နောက် မီးကျီးခဲများကို ရှဲကာ မီးဖုတ်ပါသည်။ ခဏလေးနှင့် ပုဇွန်တွေ ကွေးသွားပါသည်။ ထို့နောက် အရည်များတစီစီထွက်ကာ မီးဖိုထဲ ရှဲရှဲရှဲရှဲနှင့်နေပါသည်။ ပုဇွန်မီးဖုတ်အနံ့မှာ အတော်မွှေးပါသည်။ အပေါ်အခွံတွေ မီးလေး အတန်ကျွမ်းတော့ ရပြီလူလေးရဆိုပြီး ဆယ်ပါသည်။

 

ပန်းကန်ပြားထဲထည့်ပြီး လက်မဆေးဘာမဆေးဖြင့် ပုဇွန်ကိုခေါင်းချိုးပြီး လက်မဖြင့်ကော်ကာ စုပ်နေပါသည်။ စုပ်မလားလူလေး အရသာရှိတယ် အဆီတွေပဲဟုပြောပါသည်။ ကျွန်တော်မစုပ်ချင်ပါ။ ဒါဆိုလည်း သားက အသားစား ဟုပြောပြီး အခွံတွေချွတ်လိုက်တော့ ပူပူနွေးနွေး အငွေ့တထောင်းထောင်းနှင့်  ပုဇွန်ထုတ်သားဖြူဖြူဖွေးဖွေးကြီးကို မြင်ပါသည်။ အဖေက ပုဇွန်အသားတွေ နွှာမလို့လုပ်တော့ အဖေ နေနေ ကျွန်တော်လုပ်မယ်ဟုပြောပြီးလုပ်ပါသည်။ ပြီးတော့ အဖေက သံပုရာသီးခြမ်းပေးရာ ကျွန်တော်က နှံ့အောင်ညှစ်ထည့်ပါသည်။ ငရုပ်သီးစိမ်းတွေပါ ထုတ်လာပါသည်။ စားကွ ပုဇွန်လေးနဲ့ ငရုပ်သီးစိမ်းက အလွန်လိုက်တာဟုပြောပြီး ကျွန်တော်စားတာကို ထိုင်ကြည့်နေပါသည်။ ကျွန်တော်က တကောင်စာလောက်စားပြီး ဝလည်းဝ၊ ငရုပ်သီးလည်းစပ်သဖြင့် တော်ပြီအဖေဟုပြောကာ ပန်းကန်ကိုတွန်းပေးလိုက်ပါသည်။ အဖေကယူသွားပြီး ဖုံးထားလိုက်ပါသည်။ အမေစားရန်ချန်ထားလိုက်တာဟု ထင်ပါသည်။

0 comments:

Post a Comment