Monday, February 13, 2023

ကညွှတ်ကွင်း အိမ်ပြေး ၃၀

0 comments

(ကညွှတ်ကွင်း အိမ်ပြေး ၃၀)

ညနေစာကို သုံးယောက်သားစားရင်း ကျွန်တော်က မျက်လှည့်ဝိုင်းအကြောင်း၊ မျက်လှည့်ဆရာကြီးအကြောင်း၊ ထောက်ကြန့်က အနူရုံအကြောင်းတွေပြောပြပါသည်။ အဖေက ဘာမှမပြောဘဲ ဟုတ်လား ဘာညာ တခါတလေလိုက် ပြီးနေသော်လည်း အနူကြီးအကြောင်းရောက်လာသောအခါ အဲ့ဒါ ရှေးဝဋ်ကြွေးပါလာလို့သား၊ အဲ့ဒါကို ဝဋ်နာကံနာလို့ ခေါ်တယ်ဟုပြောပါသည်။ ဝဋ်နာကံနာတဲ့၊ ကျွန်တော်တခါမှမကြားဖူးသည့် စကားဖြစ်သော်လည်း နားလည်သလိုတော့ ရှိပါသည်။ မျက်လှည့်ဝိုင်းအကြောင်းတွင် ဘင်ထုသည့်ကောင်လေးအကြောင်းလည်းပါ ပါပါသည်။ 

 

ကျွန်တော် သူတို့အိမ်ရောက်လာကတည်းက ဤမျှ တက်တက်ကြွကြွ ဤမျှစကားများများ ဤမျှအာဝဇန်းရွှင်ရွှင် ပြောတာ တခါမှမတွေ့ဖူးသဖြင့် အဖေရောအမေပါ အံ့ဩနေကြပါသည်။ သား ဒီမှာနေရတာ ပျော်ရဲ့လား၊ အမေတို့နဲ့ နေရတာကောင်းရဲ့လားဟု အမေက အသံတမျိုးဖြင့်မေးပါသည်။ အမေ့အသံမှာ ကျွန်တော် တနေရာရာ ထွက်သွားမှာကို စိုးရိမ်သည့်အသံလို ဖြစ်နေပါသည်။ တခုခုဖြစ်မှာကို ကြောက်နေသည့်အသံလိုဖြစ်နေပါသည်။ ပျော်ပါတယ်အမေရ၊ ဒါပေမယ့် ကျွန်တော်က လျှောက်သွားချင်တာဟုပြောတော့ သားက ဘယ်ကိုလျှောက်သွား ချင်တာလဲဟု မေးပြန်ပါသည်။ ဖင်နည်းနည်းရွှေကာ ကျွန်တော့်နားကပ်လာပြီး လက်ကိုကိုင်ထားပါသည်။ ကျွန်တော် လွတ်ထွက်သွားမှာကို စိုးရိမ်နေသည့်ပုံ ပေါက်နေပါသည်။ အမေ မျက်လုံးတွင် မေးခွန်းများ ပေါ်နေပါသည်။ မျက်ရည်လည်နေတာလား မပြောတတ်ပါ။ အသံလည်း နည်းနည်းလေးတုန်နေပါသည်။ စကားအဆုံးတွင် တုန်တုန်ယင်ယင် အဖျားခတ်သံပါပါသည်။ ဘယ်ရယ်တော့ မဟုတ်ဘူးအမေရယ် ဒီလိုပေါ့ဟု ဘာမှန်းမသိသည့် အဖြေကိုပေးမိပါသည်။ သည်တော့မှ အဖေက မိခ မင်းကလည်းကွာ၊ သားက ဒီမှာပျော်တာပေါ့၊ ဟုတ်တယ်မှတ်လား လူလေး၊ အဖေတို့နဲ့နေရတာ ပျော်တယ် မဟုတ်လားဟု မေးပါသည်။ ပျော်ပါတယ်အဖေရဟု ပြန်ပြောပြီး ကျွန်တော် ထမင်းဆက်စားပါသည်။ 

 

အမေ ထမင်းစားသော်လည်း ထမင်းတွေကို ဟင်းတွေနှင့်နယ်ကာ ပန်းကန်ထဲ ဟိုရွှေသည်ရွှေ့တွေ လုပ်နေတာက များသည်။ ထမင်းတလုပ်ပါးစပ်ထဲရောက်ဖို့အရေး အချိန်တော်တော်ကြာသည်။ ဘာစကားမှလည်းမပြောတော့ပါ။ ခေါင်းကိုငုံ့ထားပြီး ထမင်းပန်းကန်ကိုသာ စိုက်ကြည့်နေပါသည်။ အဖေကတော့ ပုံမှန်လိုပင် စားနေပါသည်။ ထမင်းဝိုင်းမှာ တိတ်ဆိတ်နေပါသည်။ အဖေလည်း ခေါင်ငုံ့ထားသလိုဖြစ်နေပါသည်။ ကျွန်တော်ကြည့်တော့ ကျွန်တော့်ကို ဘယ်သူမှ ပြန်မကြည့်ကြပါ။

 

ကျွန်တော်လည်း မနေတတ်မထိုင်တတ်နှင့် စိတ်ထဲတမျိုးကြီးဖြစ်ကာ အဖေ့ဘက်လှည့်ပြီး အဖေ ဒီညနေ အရက်မသောက်ဘူးနော်ဟု ပြောတော့၊ အေးလူလေးရာ သိတ်သောက်ချိန်စိတ်လည်းမရှိဘူး၊ လူလည်း မူးတူးတူး ရိပ်တိတ်တိတ်နဲ့ဟုပြောပါသည်။ အဖေသွေးတိုးတာနေမယ်ဟု ကျွန်တော်ပြောတော့ အေး..ဟုတ်မယ်နဲ့တူတယ်ကွ ဆရာအောင်မြင့်ကလည်း တခါသွေးချိန်တုန်းကပြောဖူးတယ်။ ရပါတယ် ကိစ္စမရှိပါဘူး၊ ဘုမ္မရာဇာမြစ်လေး သွေးသောက်လိုက်ရင် ကောင်းသွားတာပါဟု ပြောပါသည်။ ဆရာအောင်မြင့်ဘယ်သူမှန်းကျွန်တော်မသိပါ။ တောက အပ်ပုန်းဆရာတယောက်များလားဟု တွေးမိပါသည်။ မေးတော့ မမေးမိပါ။

 

သည်လိုနှင့် ထမင်းဝိုင်းလက်စသတ်သွားပါသည်။ အဖေ့လည်း ရေနွေးကြမ်းတအိုး ဆေးလိပ်တတိုနှင့် ထိုင်နေပါသည်။ အမေကတော့ စားပြီးသား ပန်းကန်ခွက်ယောက်တွေကို တိတ်ဆိတ်စွာဆေးကြောနေသည်။ တဲတခုလုံး အမေ့ ပန်းကန်ဆေးသံမှတပါး ဘာသံမှမရှိပါ။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိသလိုလို အပြစ်တခုခုလုပ်မိသလိုလို ခံစားရပါသည်။ 

0 comments:

Post a Comment